Monday, December 25, 2017

The Voice

မလေးရှားနိုင်ငံသို့ နှစ်ဆန်းပိုင်းတွင် လုပ်သားစေလွှတ်နိုင်ရန် ပြင်ဆင် ရန်ကုန်၊ ဒီဇင်ဘာ၂၄ မလေးရှားနိုင်ငံသို့ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်သားပြန်လည်စေလွှတ်ရန် ပြင်ဆင်သည့်အနေနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် လုပ်သားစေလွှတ်မည့် အေဂျင်စီများအကြား ညှိနှိုင်းနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ “ပြန်ဖွင့်ပေးဖို့ကတော့ ရှိတယ်။ ပြည်ထောင်စုဝန်ကြီး ခွင့်ပြုပေးဖို့ပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောဆိုသည်။ မလေးရှားနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ်ပေးရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် MOEAF နှင့် အေဂျင်စီများ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ကျွမ်းကျင်သင်တန်းကျောင်းတွင် ဆွေးနွေးခဲ့ကြသည်။ အေဂျင်စီ ၁၀၀ ကျော် မလေးရှားနိုင်ငံသို့ လုပ်သားအသစ်များ စေလွှတ်ခွင့်ပြုရန် ဒီဇင်ဘာ ၂၅ ရက်(ယနေ့)တွင် စုပေါင်းလက်မှတ်ရေးထိုးကာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံ တင်ပြသွားမည်ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းစည်သူက ပြောကြားသည်။ “ဝန်ကြီးဌာနဘက်က ဖွင့်ပေးမယ်ဆိုတာ ၈၀ ရာခိုင်နှုန်း သေချာတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းဖြစ်လိမ့်မယ်။ အေဂျင်စီဘက်က ဘယ်လိုတာဝန်ယူမလဲ မေးတယ်။ အလုပ်သမားတွေအတွက် အာမခံချက်ကို အေဂျင်စီတွေက တာဝန်ယူရမယ်။ လုပ်သားတွေအနေနဲ့ မိသားစုဆီကို ငွေလွှဲမယ်ဆိုရင် ဘဏ်တွေနဲ့ချိတ်ဆက်ပေးဖို့၊ ဝန်ဆောင်ခကို ဒေါ်လာ ၈၅၀ အောက် လျော့အောင်လုပ်ပေးဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါဆွေးနွေးပွဲတွင် အေဂျင်စီများ လိုက်နာရမည့်ကျင့်ဝတ်များ၊ အေဂျင်စီများ၏ အာမခံချက် Code of Contanct ကို လိုက်နာရန်၊ ဂုဏ်သိက္ခာရှိသည့် အေဂျင်စီများကို ဆုချီးမြှင့်ပေးရန်၊ ဝန်ဆောင်ခနှုန်းထား လျှော့ချပေးရန်၊ မလေးရှားနိုင်ငံ ဥပဒေကို လေးစားလိုက်နာပေးရန်၊ အလုပ်သမားရပိုင်ခွင့် အခွင့်အရေးရရန်၊ အလုပ်သမား သံအရာရှိထောက်ခံချက်ဖြင့် လုပ်သားစေလွှတ်ရန်၊ မိသားစုထံငွေလွှဲပေးသည့် ကိစ္စများကို ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် စသည့်အချက်များ ဆွေးနွေးခဲ့ကြသည်။ မလေးရှားတွင် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား သုံးသိန်းအပါအဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိသည်ဟု အေဂျင်စီများထံမှ သိရသည်။ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနက် မလေးရှားအစိုးရထံ တရားဝင်စာရင်းပေးသွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၂၇,၇၀၅ ဦး ရှိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ကြေညာထားသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်းက ဆူပူမှုများဖြစ်ပေါ်ခဲ့သောကြောင့် လုပ်သားစေလွှတ်ခွင့်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်က စတင်ကာ ရပ်နားထားခဲ့သည်။
Source : https://goo.gl/qdqhxf
via IFTTT

No comments:

Post a Comment