သက်ကြီးလူမှုရေးပင်စင် တိုးမြှင့် ထုတ်ပေးနိုင်ရန်စီစဉ် မန္တလေး၊ ဒီဇင်ဘာ ၂၁ အသက် ၉၀ နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်များ ထောက်ပံ့လျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း တိုးမြှင့်ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင် အသက် ၉၀ နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်အဖြစ် တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လာမည့်ဘတ်ဂျက် အပြောင်းအလဲကာလဖြစ်သည့် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလမှစတင်၊ တစ်သောင်းနှင့်အထက် ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။ “လက်ရှိ ဘတ်ဂျက်နှစ်ကုန်တဲ့ အထိကတော့ တစ်လကို တစ်သောင်းနှုန်းနဲ့ ပေးသွားမှာဖြစ်ပါတယ်။ လာမည့်ဘတ်ဂျက်ကာလ ပထမခြောက်လမှာ တစ်သောင်း နှစ်ထောင်လောက် ထုတ်ပေးနိုင်ဖို့ ဘတ်ဂျက်ရေးဆွဲ တင်ပြထားပြီး ဖြစ်ပါတယ်”ဟု ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လူမှုရေး ပင်စင်ထောက်ပံ့ပေးခြင်း အစီအစဉ်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို တစ်လလျှင် တစ်သောင်းနှုန်းဖြင့် ၃ လတစ်ကြိမ် ထုတ်ပေးနေခြင်းဖြစ်သည်။ ၂၀၁၈ ဧပြီလ တစ်ရက်နေ့မှစတင်၍ အသက် ၉၀ နှစ်ပြည့် အဘိုး၊ အဘွားများကို ပြည့်သည့်လမှစတင်ကာ စာရင်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးဌာနများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနများတွင် လာရောက် လျှောက်ထားနိုင်ကြောင်း၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ဒုတိယဦးစီးအရာရှိ ဒေါ်ဖြူဖြူခိုင်က ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လပထမအကြိမ်တွင် ဘိုးဘွား ၅၀ဝ၀ ကျော်ကိုလည်းကောင်း၊ စက်တင်ဘာလ ဒုတိယအကြိမ်တွင် ၅၂၀ဝ ကျော်ကိုလည်းကောင်း၊ ဒီဇင်ဘာလ တတိယ အကြိမ်တွင် ၅၄၀ဝ ကျော်ကိုလည်းကောင်း ထုတ်ပေးခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးရှိ စာရင်းများအရ သိရသည်။
Source : https://goo.gl/LWUGdN
via IFTTT
No comments:
Post a Comment