Monday, December 25, 2017

Third Force တတိယ အင္အားစု (၃)

Third Force တတိယ အင်အားစု (၃) မြန်မာပြည် နိုင်ငံရေး၏ လက်ရှိ အခြေအနေမှာ စစ်အစိုးရ ခေတ်ကလို နိုင်ငံတကာ၏ ဖိအား ပြင်းထန်နေသည့် အခြေ အနေ သို့ ရောက်နေ၏။ နိုင်ငံတကာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ ဖြစ်လာပြီး နိုင်ငံကို ပြုပြင်ပြောင်းလဲကာ စစ်အာဏာရှင်များကို ခပ်တန်းတန်း နေမည်ဟု ထင်ကြသည်။ လူထု ရွေးကောက်သော အစိုးရပီပီ တပ်မတော်ကို လမ်းညွှန်ပေးနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ပေးနိုင်မည်၊ ဒီမိုကရေစီကို ပီပီပြင်ပြင် ပုံဖော်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ အလျှော့ပေး စေ့စပ်ရေးမူ၊ တနည်း တပ်မတော် နှင့်သာ ပြန်လည် သင့်မြတ်ရေးမူ တို့ကြောင့် ပြည်သူက အားမရ မကျေနပ်ခဲ့ကြသလို အနောက်နိုင်ငံများ ကလည်း ဘဝင်မကျခဲ့ပေ။ ထိုအချိန်တွင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်(ARSA) အကြမ်းဖက် သမားများ၏ ရခိုင်ပြည်နယ်ကို ကျူးကျော် အကြမ်းဖက် တိုက်ခိုက်မှု၊ ရခိုင် ပြည်သူများကို အနိုင်ကျင့် စော်ကားမှု၊ ရခိုင်ပြည်နယ်တွင် သီးခြားနယ်တခု ထူထောင် ချင်မှု စသည်များ ကျူးလွန် လာသည် နှင့် အမျှ ထိုကျူးကျော်မှုကို တုံ့ပြန်ခြင်းမှနေ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ ၏ ထိုးနှက်မှုကို အကြီး အကျယ် ခံလာရပါတော့သည်။ NLD အစိုးရအဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်လှဘဲ ပြုပြင်ပြောင်းလဲရေး အတွက် ပြင်ဆင်မှုများမှာ ရှေ့မရောက်ဘဲ နောက်ပြန်ဆုတ်သလို ဖြစ်နေ၏။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ပုံသေ ရင်းနှီးမြှုပ်နှံလာမှုနှင့် ကူညီပေးမှုများသည်လည်း ထင်သလို ဖြစ်မလာဘဲ နောက်ဆုတ် သွားခဲ့သည်။ ရခိုင်ပြ ဿနာနှင့် ဘင်္ဂါလီပြဿနာ မြန်မြန် ပြတ်ချင်သောကြောင့် ပြည်တွင်း ခရိုနီများကို အလှူခံရလေတော့သည်။ ထိုကဲ့သို့ အကျပ်အတည်း တွေ့နေသည်နှင့်အမျှ ပြည်သူက သူတို့ရွေးခဲ့သော အစိုးရကို အားမရခြင်းများ ဖြစ်လာ သည်။ သို့သော် သူတို့အစိုးရကို ပြည်သူက စွန့်ပစ်လိုက်ခြင်းကား မရှိပေ။ ယခုအစိုးရကိုမှ အားမကိုးလျှင် စစ်အာဏာရှင် စနစ် ခေါင်းထောင် ထလာမှာနှင့် စစ်ဗိုလ်များ ပါဝင် ဖွဲ့စည်းထားသော ပါတီများ ခေါင်းထောင်လာပြီး နောက်ကြောင်းပြန်သွားမှာကို စိုးရိမ်နေကြ၏။ ယခုအချိုန်တွင် တတိယ အင်အားစု တခု၊ တတိယ ပါတီတခုက အားကောင်းမောင်းသန် ခေါင်းဆောင်များ၊ အားကောင်း မောင်းသန် အယူအဆများနှင့် ပြည်သူကို စည်းရုံးကာ ရဲရဲရင့်ရင့်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လာ လျှင် အခြေအနေ ကောင်းလာနိုင်သည်ဟု နိုင်ငံရေး သုံးသပ်သူများက ကောက်ချက်ချကြ၏။ သို့သော် ထိုသို့ တတိယ အင်အားစုကို မတွေ့နိုင် သေးပါ၊ ယခုပါတီများမှာ ခိုင်မာ အားကောင်းသော အယူအဆ၊ လူထုကို စည်းရုံးနိုင်မှုများ မရှိကြသေးပေ။ ယခုတလော လှုပ်လှုပ်ရှားရှားနှင့် ရှေ့တန်းတွင် သတင်းပြေးနေသည့် ပါတီ ထူထောင်လိုက်သော ၈၈ မျိုးဆက် ကျောင်းသား ဟောင်းများသည်လည်း နိုင်ငံရေးဖြတ်သန်းမှုမှာ ၈၈ အရေးအခင်းသာ ရှိခဲ့သည်။ ထောင်ထဲတွင် အချိန်ပေးခဲ့ရပြီး ထောင်မှ လွတ်လာသော အခါတွင်လည်း “၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း” ဆိုသော အမည်ဖြင့် ၈၈ ခေါင်းဆောင်များ ဖွဲ့စည်းလိုက်သည့် NGO အဖွဲ့လိုလို၊ လူမှုရေး အဖွဲ့လိုလို၊ ပရဟိတ အဆင့်လောက်သာ ရှိသည့် နိုင်ငံရေးကို ဦးထိပ်မထားသော အဖွဲ့အဖြစ်သာ ရှိနေသည်။ တတိယကမ္ဘာပေါ် သြဇာလွှမ်းမိုးသော အမေရိကန် ဂျူးသူဌေးကြီး ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး ဂျော့ဆိုးရော့ ၏ Open Society ခေါ် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် နာမည်ချင်းတူသလို ထိုအဖွဲ့နှင့် ဆက်နွယ် ပတ်သက်မှုများ ရှိနေ သလား ဟု နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ပြည်သူများက ယုံထင်ကြောင်ထင် ဖြစ်လာပြီး ထိုကျောင်းသား ခေါင်းဆောင် ဟောင်းများ အပေါ် ဝေဖန်မှုများ၊ သံသယများ ရှိလာသည်ဟု ဆိုရမည်။ ထို့ကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ ပြည်သူအဖို့ ရွှေပြည်တော် မျှော်တိုင်းဝေး သလို ဖြစ်နေ၏။ ယခုအချိန်ထိ အားကိုးစရာ တတိယ အင်အားစုကို မတွေ့ရသေးပေ။ လူထုက တခဲနက် ထောက်ခံမဲ ပေးလိုက်သော အဖွဲ့ချုပ် အစိုးရကိုလည်း အားမလို အားမရဖြစ်နေ၏။ အားကိုးလောက်သော အဆင့်ကနေ တနေ့ပြီးတနေ့၊ တချိန်ပြီး တချိန် ကျဆင်းလာကြသည်။ ထိုသို့ ကျဆင်းလာရသည်မှာ (၁) NLD အစိုးရနှင့် NLD ပါတီသည် ရှေ့စကား နောက်စကား မညီညွတ်ခြင်း၊ ဆိုလို သည်မှာ ၂၀၁၀ ပထမအကြိမ် ပါတီရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာစဉ်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဟု ကြေညာပြီး ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့သည်။ ထိုအချိန်က NLD ပါတီအနေဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးရေး၊ ၃ ပွင့်ဆိုင် တွေ့ ဆုံရေးကို ကျင်းပရေး၊ (၃ ပွင့်ဆိုင်ဆိုသည်တွင် NLD ၊ တပ်မတော် အစိုးရ နှင့် တိုင်းရင်းသားများ ပါဝင်သော ၃ ပွင့် ဆိုင်ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ ၏ ၂၀၁၂ ခုနှစ် အတွင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခု / 2bp.blogspot.com ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးတို့ကို တင်ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့် ဗိုလ်သန်းရွှေ အစိုးရက လက်မခံ ဘဲ လမ်းပြမြေပုံ ၇ ချက်အတိုင်း ဆက်လျှောက်ခဲ့သောကြောင့် NLD ရွေးကောက်ပွဲ မဝင်ခဲ့ပေ။ ပြည်သူကလည်း NLD ၏ ယုံကြည်ချက်ကို သောင်းသောင်းဖြဖြ ကြိုဆိုကြပါသည်။ သို့သော် ၂၀၁၂ ကြားဖြတ် ရွေး ကောက်ပွဲတွင် NLD ဥက္ကဋ္ဌ နှင့် ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းပြုခဲ့သည်။ မည်သို့ အကြောင်းနှင့်ပင် ဖြစ်စေ ရှေ့စကား၊ နောက်စကား ကွဲပြား သွားလေသည်။ (၂) ၂၀၁၂ ကြားဖြတ် ဝင်ပြိုင်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အဓိကဟု ကြွေးကြော်ပြီး ဝင်ပြိုင်ခဲ့သော်လည်း အမတ် ၄၃ နေရာ အနိုင်ရအပြီးတွင် လွှတ်တော်ထဲ၌ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုများကို မဖန်တီးနိုင်ခဲ့သလို ပြတ်ပြတ် သားသားလည်း ခေါင်းဆောင်မှု မပြုလုပ်နိုင်ခဲ့ပေ။ တချိန်တည်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်ကလည်း လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးစားပေး လုပ်ဆောင်မည်ဟု ပြည်သူလူထုအား ကတိပေးခဲ့သော်လည်း ကိုယ်စားလှယ်အများစု ရသည့်တိုင် ဖွဲ့စည်းပုံ ပြင်ဆင် ရေးသည် နောက်ဆုံး ရောက်သွားပြီဟု NLD ခေါင်းဆောင်များက အသိပေးကာ အမျိုးသား ပြန်လည် သင့်မြတ်ရေး သည် လက်ရှိ သဘောထား ကွဲလွဲနေသော တပ်မတော်နှင့် သင့်မြတ်ရေးကို ပင်တိုင်ပြုလုပ် လာခဲ့သည်။ ထို့ကြောင့် ပေးထားသော ကတိနှင့် လက်တွေ့ လုပ်ဆောင်ချက်များ ကွဲလွဲနေခြင်းဖြစ်၏။ (၃) ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပြောင်းလဲချိန်တန်ပြီ ဖြစ်သောကြောင့် နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို ပြောင်းလဲ မည် ဟု ကတိပေးကာ ရွေးကောက်ပွဲ မဲဆွယ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရအစိုးရ ဖွဲ့လိုက်ပြီးသည့် အချိန်တွင် ပြောင်းလဲမှုကို မမြင်ရသလို မိမိတို့ ကိုင်စွဲသော “မြွေမသေ တုတ်မကျိုး” ပေါ်လစီကို ကိုင်စွဲပြီး ယန္တရားဟောင်းကြီးကို ဆက်လက် လည်ပတ်စေပါသည်။ သမ္မတ ဦးဆောင်ဖွဲ့စည်း လိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် NLD ပါတီက ရွေးချယ်ခန့်အပ်သော အဓိကဝန်ကြီးများ ရှိသော်လည်း တိုင်းပြည်၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာ ရေး စသည့် နိုင်ငံ၏ ယန္တရားအားလုံးမှာ ယခင်အစိုးရခေတ်က ယန္တရားအတိုင်း ဆက်လက် လည်ပတ်ခဲ့သည်။ ထိုသို့ စစ်အစိုးရ၏ ယန္တရားကို ဆက်လက် အသုံးပြုခြင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်သည်ဟု ယူဆ နေပုံ လည်း ရပါသည်။ ထို့ကြောင့် ပြောင်းလဲချိန် တန်သော်လည်း မပြောင်းလဲသော စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး စနစ်ကြီး ဖြစ်နေပါ တော့ သည်။ ထိုအခြေအနေကို ပြည်သူလူထုက အတော်ကို အားမလိုအားမရ ဖြစ်နေပါသည်။ မကြာသေးခင်က ထွက်လာသော ပုဂ္ဂလိက သတင်းစာကြီး တစောင်တွင် ပြည်သူလူထု၏ မူရင်းအသံဟု ပြောလို့ ရလောက်အောင် ပြည်သူ့ အာဘော်နှင့် အနီးဆုံး၊ အကိုက်ညီဆုံးဟု ပြောရမည့် ကာတွန်းဆရာများ၏ ကာတွန်းကို ဖော်ပြလိုက်ရပါသည်။ ပထမကာတွန်းမှာလူ ၂ ယောက် စကားပြောနေသော ကာတွန်းပုံဖြစ်၏။ တယောက်က “အရင်ကလူတစု ကောင်းစား တဲ့ ခေတ်” ကျန်တယောက်က “အခုခေတ် ကျတော့ရော” နောက်ပုံ၌ “လူအများစု ဒုက္ခရောက်နေတဲ့ ခေတ်” ဟု ရေးဆွဲ ထားပါသည်။ ဒုတိယ ကာတွန်းမှာ ဆင်းရဲတွင်းဟု ဆိုင်းဘုတ် တပ်ထားသော ချောက်ကြီးတခု ဖြစ်သည်။ နောက်တွင် တဲအိမ်လေး များပုံကို ဆွဲထားပြီး တဲအိမ်လေးများထဲမှ စကားပြောသံများမှာ “ထောက်ခံပြီးပြီလေ အခုတောင့်ခံကြဦးစို့” ကာတွန်း ရေးဆွဲသူမှာ CMM ဟူ၏။ နောက်ဆုံး ကာတွန်းပုံမှာ လင်မယား ၂ ယောက် စကားပြောနေသည်။ ယောက်ျားက သတင်းစာဖတ်ပြီး မိန်းမက မီးပူ တိုက်နေသည်။ ယောက်ျားက “ပြောင်းလဲတော့ သွားပြန်ပြီ” ထိုအခါမိန်းမက “ဘာများ ထူးခြားလာပြီလဲ” ယောက်ျားက “၂၀၁၈၊ ၂၀၁၉ ဘဏ္ဍာနှစ်ကျရင် လပြောင်းလဲ သတ်မှတ်တာကို ပြောတာ” မိန်းမက “အမလေးတော်၊ အားရစရာကြီး” ဟူ ၏။ ထိုကာတွန်းများသည် ပြည်သူ့သဘောထား ထင်ဟပ်ချက်များဆိုလျှင် မည်သူမျှ ငြင်းမည် မထင်ပေ။ သို့တိုင် လက်ရှိအစိုးရကို ပြည်သူက အားကိုးနေဆဲ၊ ထောက်ခံနေဆဲ ဖြစ်သည်။ လူထု ထောက်ခံပွဲကြီးများဖြင့် ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီအရေး အပေါ် နိုင်ငံတော် အတိုင်ပင်ခံ၏ မိန့်ခွန်းကို ထောက်ခံခြင်း၊ ပြည်သူကို အလှူခံသည့် မိန့်ခွန်းအား ထောက်ခံခြင်း၊ ခရိုနီများ၏ အလှူအပေါ် ထောက်ခံခြင်းများ တွေ့ရပါသည်။ ထိုလှုပ်ရှားမှုများသည် ပြည်သူ အတွက် တကယ်ပြောင်းလဲသော အပြောင်းအလဲများကား မဖြစ်နိုင်သေးပေ။ ။ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။ ဆက်စပ် ဖတ်ရှုရန် – Third Force တတိယ အင်အားစု Third Force တတိယ အင်အားစု (၂) The post Third Force တတိယ အင်အားစု (၃) appeared first on ဧရာဝတီ.
Source : http://ift.tt/2BIOeFU
via IFTTT

No comments:

Post a Comment