ကချင်ကျောင်းဆရာမ နှစ်ဦး မတရားပြုကျင့် သတ်ဖြတ်သူများ မဖော်ထုတ်နိုင်သေး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှ ကချင် တိုင်းရင်းသူ ကျောင်းဆရာမ ၂ ဦး မတရားပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသည်မှာ ၃ နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း အပြစ်ကျူးလွန်သူများကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးသည့် အတွက် တရားမျှတမှုကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး ဖြစ်သည့် မရန်လုရာ နှင့် တန်ဘောင်ခေါန်နန်စင် တို့ ၂ ဦး ၎င်းတို့ နေအိမ်အတွင်းတွင် မတရားပြုကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းတို့ ၂ ဦးစလုံးမှာ အသက် ၂၀ သာ ရှိကြသေးသည်။ အခင်းဖြစ်ပွားသည့် အချိန်တွင် ကောင်းခါးကျေးရွာ၌ မြန်မာ့ တပ်မတော်၏ အမှတ် ၅၀၃ ခြေမြန်တပ်ရင်းမှ တပ်သားများ ရှိနေခဲ့သောကြောင့် လူသတ်မှုတွင် အဆိုပါတပ်ဖွဲ့မှ တပ်သား ၂၈ ဦးပါဝင် ပတ်သက်ခဲ့သည် ဟု သံသယ ရှိခဲ့ကြသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဆရာမ မရမ်လုရာနှင့် တန်ဘောင်ခေါန်နန်စင် တို့အတွက် တတိယ အကြိမ်မြောက် အမှတ်တရ ဆုတောင်းပွဲအခမ်းအနားကို ၎င်းတို့ ၂ ဦးအား မြှုပ်နှံထားသည့် မြစ်ကြီးနားမြို့ရှိ နောင်နန်း ဆုတောင်းတောင်တွင် ပြုလုပ်ခဲ့သည်။ မုဒိမ်းကျင့် လူသတ်မှု ဖြစ်ပွားပြီးနောက် အမှုမှန်ဖော်ထုတ်ရေး ကော်မတီတခုကို ဖွဲ့စည်းခဲ့ပြီး ကော်မတီက အမှန်တရား ပေါ်ပေါက်ရေး ဆက်လက် လုပ်ဆောင်နေသော်လည်း ဥပဒေပိုင်းအရ တိုးတက်မှု မရှိဟု KBC ၏ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းအများကို တွေ့သည့် အချိန်တွင် ရေတွက် ကြည့်သည့် အခါ ဆရာမ မရမ်လုရာ၏ ကိုယ်တွင် ထိုးသွင်းဒဏ်ရာ ၄၁ ခုနှင့် တန်ဘောင်ခေါန်နန်စင်၏ ကိုယ်ပေါ်တွင် ထိုးသွင်းဒဏ်ရာ ၃၇ ခုရှိခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည့် အတွက် “သူတို့တွေ ဘယ်လို အသတ်ခံထားရတယ်၊ ဘယ်လို မတရားပြုကျင့် ခံခဲ့ရတယ် ဆိုတာကို မြင်ရတာ ထိတ်လန့် တုန်လှုပ်စရာပါပဲ။ ဆရာမတွေက သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ ကြိုးစားခဲ့ကြတယ် ဆိုတာ ကျနော်တို့ ခံစားလို့ ရပါတယ်” ဟု ဒေါက်တာဆမ်ဆွန်က ပြောသည်။ ဝမ်းနည်းမှုကို ပြသရန် အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့က ဆုတောင်းပွဲသို့ ရောက်ရှိလာသူများကို ဒေါက်တာဆမ်ဆွန်က “ဒီလို ရက်စက်တဲ့ လုပ်ရပ်ကို ဘယ်သူတွေက ကျူးလွန်ခဲ့သလဲ ဆိုတာကို ကျနော်တို့ သိချင်တယ်။ ကျနော်တို့ အမှန်ကို သိချင်တယ်။ တကယ်လို့ ကျနော်တို့ သိရင် သူတို့ကို ကျနော်တို့ ခွင့်လွှတ်ပေးနိုင်တယ်။ ဒီအမှု အကြောင်း ကျနော်တို့က ပြောတဲ့ အခါတိုင်း အဲဒါက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ် လို့ တပ်မတော် ခေါင်းဆောင်တွေက ကျနော်တို့ကို ပြောတယ်။ သူတို့ရဲ့ စိုးရိမ်မှုကိုကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တပ်မတော်သား အားလုံးကို ပြောတာ မဟုတ်ပါဘူး။ လူမဆန်တဲ့ သူအနည်းငယ်ကိုပဲ ပြောတာပါ လို့ ကျနော်တို့က သူတို့ကို ရှင်းပြခဲ့ ပြီးပါပြီ” ဟု ပြောသည်။ “အမှန်တရားကို သိလျက်နဲ့ ခေါင်းဆောင်ပိုင်းတွေက ဘာလို မထုတ်ဖော်ချင်ကြတာလဲ။ ဒါ သိပ်ခက်တဲ့ ကိစ္စ မဟုတ်ပါဘူး” ဟု ဒေါက်တာဆမ်ဆွန်က ဧရာဝတီသို့ ပြောသည်။ “သူတို့ တပ်သားအားလုံးကို စစ်ဆေးပြီးပြီ။ DNA ကိုက်ညီမှု မရှိဘူးလို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကျနော် တို့ကို ပြောပါတယ်” ဟု ဒေါက်တာဆမ်ဆွန် က ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ယမန်နှစ် တွေ့ဆုံစဉ်က အကြောင်းများကို ပြန်ပြော ပြသည်။ မူဆယ် မြို့နယ် ရဲတပ်ဖွဲ့သို့ အမှုတိုင်ကြားထားသော်လည်း ထိုအမှုကို ယခုချိန်အထိ အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးပေ။ “ဒီအမှု နဲ့ ပတ်သက်လို့ တိုးတက်မှု မရှိသေးပါဘူး” ဟု ကချင်ရှေ့နေများ ကွန်ရက်မှ ရှေ့နေတဦး ဖြစ်ပြီး အမှု အတွက် KBC သို့ ဥပဒေပိုင်းဆိုင်ရာ အကြံပေးဖြစ်သူ ဦးဘရန်ဒီးက ပြောသည်။ မူဆယ်ခရိုင် ရဲတပ်ဖွဲ့က ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုနှင့် ပတ်သက်၍ တပ်သားများနှင့် တွေ့ဆုံ မေးမြန်းရန် KBC ၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။ ရွာသူရွာသားများကို မေးမြန်းခြင်း ပြုလုပ်ပြီးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း KBC မှ ကိုယ်စားလှယ်များမှာ ထိုုအချိန်က ကောင်းခါးကျေးရွာတွင် ရှိနေခဲ့သော အမှတ် ၅၀၃ ခြေမြန်တပ်ရင်းမှ တပ်သားများကို တွေ့ဆုံရန်နှင့် စုံစမ်း မေးမြန်းရန် ခွင့်ပြုချက် မရရှိခဲ့ကြောင်း ဦးဘရန်ဒီးက ဆိုသည်။ နှစ်ပေါင်း ၆၀ ကျော် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် အတွင်းတွင် ပဋိပက္ခဒေသများ၌ အမျိုးသမီးများ အပေါ် တပ်မတော် တပ်သားများ၏ လိင် အကြမ်းဖက်မှုနှင့် မတရားပြုကျင့်မှု စွပ်စွဲချက်များမှာ တရားရုံးတင် စစ်ဆေးသည့် အဖြစ်သို့ ရောက်ရှိမှုမှာ လွန်စွာနည်းပါးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ၇ နှစ်အတွင်းတွင် မတရားပြုကျင့်မှုနှင့် ရက်စက်စွာ သတ်ဖြတ်မှုများသည် အများပြည်သူ၏ အလေးပေး အာရုံစိုက်မှု ပိုရလာခဲ့သည်။ ထိုအဖြစ်များထဲတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် တပ်မတော်၏ အမှတ် ၃၂၁ ခြေမြန်တပ်ရင်းမှ တပ်သားများက ဆွန်လွတ်ရွယ်ဂျာကိုအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းလည်း ပါဝင်သည်။ သူမ မည်သည့် နေရာတွင် ရှိနေသည်ကို မသိရသည်မှာ ၆ နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊ မတရားပြုကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည် ဟု ယူဆရပါသည်။ သူမ၏ မိသားစုက တရားရုံးတွင် တရားစွဲဆိုခဲ့သော် လည်းတရားရုံးချုပ်က ၂၀၁၂ ခုနှစ် မတ်လအတွင်းတွင် သက်သေ အထောက်အထား မခိုင်လုံသည့် အကြောင်းပြချက်ဖြင့် အမှုကို ငြင်းပယ်ခဲ့သည်။ “ကျနော်တို့ရဲ့ စာချွန်တော်လျှောက်ထားခဲ့ပေမယ့် တရားရေး လမ်းကြောင်းက မရတဲ့ အတွက် ဆွန်လွတ်ရွယ်ဂျာရဲ့ အမှုက နားထားသလို ဖြစ်နေတာ။ မိသားစုက ဘယ်လို ဆက်ဖြစ်ချင်တယ် ဆိုတာ သူတို့နဲ့ ကျနော်တို့ စကားပြောရပါဦးမယ်” ဟု အမှုတွင် ဆွန်လွတ်ရွယ်ဂျာ၏ ခင်ပွန်းသည်ကို ကူညီနေသော ရှေ့နေ ဦးမာခါးက ပြောသည်။ ၂၀၁၁ ခုနှစ်မှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြားတွင် တိုက်ပွဲများ ထပ်မံပေါ်ပေါက်လာသည့် အချိန်မှစ၍ “မရန်လုရာ၊ တန်ဘောင်ခေါန်နန်စင်၊ ဆွန်လွတ်ရွယ်ဂျာ၊ ဂျာဆိုင်းအိန်တို့ အပါအဝင် အမျိုးသမီးများကို အကြမ်းဖက်မှုဟာ အခုအချိန်ထိ ဆက်လက်ရှိနေပြီး အမျိုးသမီးတွေဟာ အကာအကွယ် မဲ့နေဆဲပဲ” ဟု ကချင် ငြိမ်းချမ်းရေးကွန်ရက် (Kachin Peace Network) မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောသည်။ ဂျာဆိုင်းအိန်သည် အသက် ၁၄ နှစ် အရွယ် မိန်းကလေးတဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ ဆွတ်ငိုင်ယန် (SutNgai Yang) တွင် တပ်မတော် စစ်ကြောင်းတခုမှ တပ်သားများ၏ ပစ်သတ်ခြင်း ခံခဲ့ရသည်။ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း သတ်ဖြတ်ခြင်းတို့ကို စစ်ပွဲ ဗျူဟာတခု အနေဖြင့် အသုံးပြုခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည် ဟု ဒေါ်ခွန်ဂျာက နိုင်ငံတကာ သုတေသနအဖွဲ့ အစည်းများ၏ မှတ်တမ်းများကို ထောက်ပြပြောဆိုသည်။ လိင်အကြမ်းဖက်မှု ပုံစံက မည်သည့်အချိန်တွင်မျှ ပြောင်းလဲခဲ့ခြင်း မရှိဘဲ အပြစ်ကျူးလွန်သူများက လွတ်မြောက်နေဆဲ ဖြစ်သည် ဟု မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (Women’s League of Burma) က ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော “Same Impunity, Same Pattern” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကယ်၍ သက်သေများ၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းက ပွင့်လင်းမြင်သာရှိခြင်းနှင့် အမှုကို မှန်ကန်သော ဥပဒေအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်းများ ရှိမှ သာလျှင် တရားမျှတမှုကို ရယူနိုင်လိမ့်မည် ဟု ဒေါ်ခွန်ဂျာက ဧရာဝတီသို့ ပြောသည်။ “ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်မှု မရှိသေးဘူးဆိုရင်တောင်မှ အနာဂတ်မှာ အလားတူ အဖြစ်အပျက်မျိုးတွေ ထပ်မံ မဖြစ်ပွားအောင် [အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တခု ဖန်တီးခြင်းဖြင့်] ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နိုင်ပါက မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်ဆင်တို့ ကျေနပ်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်ခွန်ဂျာက ပြောသည်။ ကျား/မ တန်းတူညီမျှမှု ရှိရေး လှုပ်ရှားသူ အများစု၏ သဘောထားနှင့် ထပ်တူပင် ဒေါ်ခွန်ဂျာက “အမျိုးသမီးတွေမှာလည်း နိုင်ငံသား အခွင့်အရေးနဲ့ အညီ အကာအကွယ် ရပိုင်ခွင့်နဲ့ ဘေးကင်းလုံခြုံခွင့် ရှိပါတယ်။ ကျမတို့က ဒီလိုအကြမ်းဖက်မှု ပုံစံတွေကို စိတ်မပါဘဲ လက်ခံထားကြမလား၊ ဒါမှမဟုတ် ဖျက်သိမ်းပြီး အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်များကို ဘေးကင်းလုံခြုံရေး ကာကွယ်ပေးခြင်းနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အကာအကွယ်ပေးခြင်းဖြင့် ဂုဏ်ယူကြမလား၊ [ဥပဒေအရ အရေးယူမလား] ဆိုတာ ကျမတို့ နိုင်ငံသားတွေ ရွေးချယ်ခွင့် ရှိပါတယ်” ဟု ဆိုသည်။ အမျိုးသမီးများအား အကာအကွယ်ပေးရေးနှင့် ကြိုတင်တားဆီးရေး ရေရှည် အစီအစဉ်တခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်နှင့် အညီချမှတ်ထားသည့် မူဝါဒများကို အခြေခံ၍ အကောင်အထည် ဖော်ဆောင်သင့်ပြီး၊ ပဋိပက္ခဒေသများသို့ မီဒီယာများ ဝင်ရောက်ခွင့် ပြုသင့်သည် ဟု သူက ပြောသည်။ အမျိုးသမီးများနှင့် သားကောင်ဖြစ်ခဲ့ရသူများ စိတ်ထိခိုက်နာကျင်ဖွယ်ရာ အတွေ့အကြုံများမှ ပြန်လည် နာလံထူနိုင်ရေး အတွက် ရေရှည်နှင့် ရေတိုထောက်ပံ့မှုများ အရေးကြီးသလို သက်ဆိုုင်ရာဝန်ကြီးဌာနများသို့ စွမ်းဆောင်ရည် တည်ဆောက်မှုများ ပြုလုပ်ပေးခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဘဏ္ဍာငွေ ခွဲဝေချထားပေးရန်လည်း အရေးကြီး ပါသည်။ အရေးအကြီးဆုံးမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ကဏ္ဍတိုင်းတွင် အမျိုးသမီးများအား အဓိပ္ပာယ်ရှိစွာ ပါဝင်မှု ပြုခြင်းက အကောင်အထည်ဖော်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေလိမ့်မည် ဟု ဒေါ်ခွန်ဂျာက ပြောသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ငြိမ်းငြိမ်း၏ Three Years On, Still No Progress in Rape and Murder of 2 Kachin Teachers ကို ဘာသာပြန်သည်။) The post ကချင်ကျောင်းဆရာမ နှစ်ဦး မတရားပြုကျင့် သတ်ဖြတ်သူများ မဖော်ထုတ်နိုင်သေး appeared first on ဧရာဝတီ.
Source : http://ift.tt/2DyaMdF
via IFTTT
No comments:
Post a Comment