Monday, January 22, 2018


ဒုက္ခသည်များ ဆန္ဒပြအပြီး မြန်မာပြည် ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ရွှေ့ဆိုင်း မြန်မာနိုင်ငံသို့ မွတ်စလင် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို မူလက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော်လည်း စာရင်းပြုစု အတည်ပြုခြင်း မပြီးဆုံးသေးသောကြောင့် အချိန် ရွှေ့ဆိုင်း လိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောသည်။ လူ သိန်းနှင့်ချီ ရှိသည့် ဒုက္ခသည်စခန်းများတွင် ဆန္ဒပြမှုများ ဖြစ်ပွားကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ဒုက္ခသည်များအကြား တင်းမာမှုများ မြင့်မားနေချိန်တွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဒုက္ခသည်အချို့သည် လုံခြုံရေး အာမခံချက် မရှိသောကြာင့် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းကို လက်မခံနိုင် ဖြစ်နေကြသည်။ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ စခန်း ၂ ခုနှင့် ယာယီစခန်း တခုတို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး ၂ နှစ်တာ ကာလအတွင်း ပြန်လည် လက်ခံရန် မြန်မာနိုင်ငံက ယခုလ အစောပိုင်းက သဘောတူခဲ့သည်။ ဒုက္ခသည်များ နေရပ်ပြန်ခြင်းသည် ဆန္ဒအလျေက်ဖြစ်ရမည် ဟု အာဏာပိုင်များက ဆိုသည်။ သို့သော် ဒုက္ခပြန်လည် ပို့ဆောင်ရေးကို ဆိုင်းငံ့လိုက်ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုုက္ခသည် ကယ်ဆယ်ရေး နှင့် နေရာချထားရေး အကြီးအကဲ အဘူလ်ကလမ် (Abul Kalam) က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကြေညာသည်။ ပြန်လည် စတင်မည့်ရက်စွဲသစ် ကိုလည်း လတ်တလော ပြောကြားခြင်း မရှိပေ။ “လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။ ပြန်ပို့မယ့် လူစာရင်း ပြုစုတာ မပြီးသေးဘူး။ သူတို့ကို အတည်ပြုဖို့နဲ့ ပို့ဆောင်ရေး ကြားစခန်းတွေ တည်ထောင်ဖို့တွေ ကျန်နေသေးတယ်” ဟု သူက ပြောကြောင်း ရိုက်တာသတင်းတရပ်က ဆိုသည်။ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စခန်းများတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က တင်းမာမှုများ ဖြစ်ခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တလျှောက်ရှိ စခန်းများသို့ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီ သွားရောက်စဉ် ဒုက္ခသည် ဒါဇင်ပေါင်းများစွာက စာတန်းများ ကိုင်ဆောင် မတ်တပ် ရပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းကို ကန့်ကွက်ခဲ့သည်။ တွစ်တာလူမှုကွန်ရက်တွင် ARSA စစ်သွေးကြွအဖွဲ့က ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ကန့်ကွက်ထားပြီး “သူတို့ ဘိုးဘွားများ၏ မြေနှင့် ကျေးရွာများတွင် ပြန်လည်နေထိုင်ခွင့် ပြုမည့်အစား ယာယီစခန်းများတွင်သာ ပိတ်လှောင်ထားလိမ့်မည်”ဟု ရေးသားထားသည်။ မြန်မာပြည် ပြန်ရန် လိုလားသော ဒုက္ခသည် စခန်း ခေါင်းဆောင်တဦးလည်း ပစ်သတ်ခံရကြောင်းလည်း ဒါကာမှ လာသော သတင်းတပုဒ်က ဆိုသည်။ အခြားခေါင်းဆောင်တဦးလည်း တိုက်ခိုက်မှုကို ခံခဲ့ရသည်။ တိုက်ခိုက်သူတဦးကို ပစ္စတိုသေနတ်ဖြင့် ဖမ်းဆီးရမိခဲ့သည်။ ယင်းသတ်ဖြတ်မှုသည် ARSA နှင့် ပတ်သက်မှု ရှိ မရှိ မရှင်းလင်းလှပေ။ လွန်ခဲ့သော ၂ ပတ်ခန့်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက် အရ မြန်မာနိုင်ငံသည် နယ်စပ်ရှိ စခန်း ၂ ခုနှင့် ယာယီစခန်း တခုတွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး ၂ နှစ်တာအတွင်း ဒုက္ခသည်များကို လက်ခံမည် ဖြစ်သည်။ လုံခြုံရေးကို အာမခံခြင်း မရှိလျှင်၊ နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန်နှင့် လူမျိုးစု အဖြစ် သတ်မှတ်ရန် တောင်းဆိုခြင်းကို မလိုက်လျောလျှင် မပြန်နိုင်ကြောင်း ဒုက္ခသည်များက ပြောသည်။ စစ်ဆင်ရေးများ အတွင်း မီးရှို့ခံရသော ၎င်းတို့၏ နေအိမ်များ၊ ကျောင်းများ၊ ဗလီများကို ပြန်လည် တည်ဆောက်ပေးရန်လည်း ၎င်းတို့က တောင်းဆိုသည်။ ပြန်လည် ပို့ဆောင်ရေး အတွက် မိသားစုစာရင်းများ ပြုစုရန် ဘင်္ဂလားဒေ့ရှ် စစ်ဘက် အရာရှိများက ဒုက္ခသည် အကြီးအကဲများကို လွန်ခဲ့သော ၂ ရက်အတွင်း ခေါ်ယူဆွေးနွေးသည် ဟုလည်း သိရသည်။ ဒုက္ခသည် ထောင်ပေါင်းများစွာကို ကိုယ်စားပြုသော စခန်းခေါင်းဆောင် ၇၀ ကျော်သည် ဂမ်ဒမ်စခန်းတွင် ဘင်္ဂလားဒေ့ရှ် စစ်ဘက် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ဒုက္ခသည်များ နေရပ်သို့ မပြန်ပါက ၎င်းတို့၏ ရိက္ခာထုတ်ယူသော ကတ်များကို သိမ်းယူမည် ဟု ဘင်္ဂလားဒေ့ရှ်စစ်ဘက် အရာရှိများက ခြိမ်းခြောက်သည်ဟု ဒုက္ခသည်ခေါင်းဆောင် တချို့က ပြောသည်။ ထိုသို့ ခြိမ်းခြောက်ခြင်းကို မသိရှိကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ဘက်ပြောခွင့်ရသူ ရာရှဒူဟာစန် (Rashedul) က ပြောသည်။ ထိုကတ်များကို သုံပြီး ဒုက္ခသည်များသည် နံနက်တိုင်း အစားအစာ ဝေငှသော စခန်းများတွင် တန်းစီ ထုတ်ယူရပြီး ထို အစားအစာ ဝေငှရေး စခန်းများကို စစ်တပ်က စီမံသည်။ ဒုက္ခသည်များ နေရပ်ပြန်ရေးသည် ဆန္ဒ အလျှောက်သာ ဖြစ်စေရမည်ဟု ကုလသမ ဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးက အကြိမ်ကြိမ် ပြောခဲ့သည်။ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဟာ ယနေ့အထိ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေး ဆွေးနွေးပွဲတွေမှာ မပါဝင် သေးပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ အသံကို နားထောင်ဖို့ အတွက် ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အထောက်အပံ့တွေ ပေးထားပါတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အထက်တန်း ကာကွယ်ရေး အရာရှိ ကာရိုလိုင်း ဂလပ် (Caroline Gluck) က ပြောသည်။ “နေရပ် ပြန်ရေးရဲ့ အနှေးနဲ့ အမြန်ကို ဒုက္ခသည်တွေကပဲ ဆုံးဖြတ်ရမယ်” ဟုလည်း သူက ပြောသည်။ ကိုးကား ။ ။ Reuters, Dhaka Tribune The post ဒုက္ခသည်များ ဆန္ဒပြအပြီး မြန်မာပြည် ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ရွှေ့ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2BjWV4F
via IFTTT

No comments:

Post a Comment