အရက်ချက် စက်ရုံများ ရေဆိုးစွန့်ထုတ်မှု ကြပ်မတ်ပေးရေး လူထုသဘောထား ကောက်ခံ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အတွင်းရှိ အရက်ချက်စက်ရုံများမှ ရေဆိုးစွန့်ထုတ်နေခြင်းကို စိစစ်ကြပ်မတ် ပေးနိုင်ရေးအတွက် ရွှေပြည်သာမြို့နယ်နေ လူငယ်များက ပြည်သူ့သဘောထား လက်မှတ်များ ကောက်ခံနေကြောင်း သိရ သည်။ အဆိုပါ လက်မှတ် ကောက်ခံမှုကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ခဲ့ပြီး လက်မှတ်ပေါင်း ၅၀၀ မှ ၁၀၀၀ ကြား အထိ ကောက်ယူ သွားမည် ဖြစ်ကြောင်း ကောက်ခံနေသူတချို့က ပြောသည်။ “အစိုးရက ရေဆိုးသန့်စင်စက် မရှိတဲ့ အရက်ချက်စက်ရုံတွေကို စက်တပ်လို့ မပြီးမချင်း ရပ်ဆိုင်း ပိတ်သိမ်းထားဖို့ ညွှန်ကြား ချက် ထုတ်ပြန်ထားတာ ရှိပေမယ့် ဒီစက်ရုံ ၅ ရုံက တပ်နေဆဲ ကာလမှာတင် လည်ပတ်နေတယ်။ ဒါကို သေချာ စနစ်တကျ စိစစ်ကြပ်မတ်ပေးဖို့ တောင်းဆိုမယ်။ ရေဆိုး သန့်စင်စက်မတပ်ဘဲ လည်ပတ်နေမှုကို ပြည်သူတွေက ကန့်ကွက် ကြောင်း တင်ပြမယ်” ဟု လက်မှတ် ကောက်ခံရာတွင် ပါဝင်သူ မောင်ဆောင်းခ က ဧရာဝတီကို ပြောသည်။ ရရှိလာသည့် လက်မှတ်များကို တိုင်းအစိုးရထံသို့ ယခုတပတ်အတွင်း ပေးပို့သွားမည်ဖြစ်ပြီး လက်ရှိတွင် လက်မှတ်ပေါင်း ၃၀၀ နီးပါး ရရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ လက်မှတ် ကောက်ယူရာတွင် အရက်ချက်စက်ရုံများက ရေဆိုး စွန့်ပစ်လိုက်သည့် မိချောင်းကန် ချောင်းနှင့် လသာ ကုန်း ချောင်းတလျှောက်ရှိ နေအိမ်များကို အဓိကထား ကောက်ယူသွားမည်ဟုလည်း မောင်ဆောင်းခ က ပြောဆို သည်။ အရက်ချက် စက်ရုံများမှ စည်းကမ်းမဲ့ ရေဆိုးစွန့်ထုတ်မှုကြောင့် လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုများ၊ တခြားသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီးမှုများ အပြင် ဓာတုပစ္စည်း ပါဝင်သည့် စွန့်ပစ်ပစ္စည်းများကြောင့် ကလေးသူငယ် နှင့် သက်ကြီး ရွယ်အိုများတွင် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်ကြောင်း သိရသည်။ ၂၀၁၇ သြဂုတ်လကစပြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ အတွင်းရှိ ရွှေအိုး၊ တော်ဝင်၊ Top One ၊ PMG ၊ SND အရက် ချက် စက်ရုံများအပါအဝင် ရေဆိုးသန့်စင်စနစ် တည်ဆောက်နေချိန်တွင် စက်ရုံလည်ပတ်မှု ယာယီရပ်နားထားရန်နှင့် စံချိန် စံညွှန်းနှင့် ကိုက်ညီသည့် ရေဆိုးသန့်စင်စနစ် တည်ဆောက်ပြီး သက်ဆိုင်ရာက ခွင့်ပြုမှ ပြန်လည် လည်ပတ်ရန် အစိုးရက ညွှန်ကြားထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ယမကာ ထုတ်လုပ် ဖြန့်ဖြူးသူများ အသင်းက မြန်မာနိုင်ငံအတွင်းရှိ အရက်ချက်စက်ရုံများသည် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြား သတ်မှတ်ချက်နှင့်အညီ စွန့်ပစ်ရေဆိုး စနစ် တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှု များပြားခြင်း၊ နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းနှင့် ခွင့်ပြုချိန်ကာလ မလုံလောက်ခြင်းများကြောင့် ဆောင်ရွက်ချိန်ကို တနှစ်ခန့် ခွင့်ပြုပေးရန် အစိုးရကို တင်ပြထားမှုများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် ခွင့်ပြုချက် ရရှိထားသည့် အရက်ချက် စက်ရုံပေါင်း ၇၂ ရုံအနက် စွန့်ပစ်ရေဆိုး သန့်စင်စနစ် တည်ဆောက် ထားသည့် စက်ရုံ ၁၈ ရုံသာ ရှိကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း၌ အရက်ချက်စက်ရုံ ၉ ရုံရှိကြောင်း သိရသည်။ The post အရက်ချက် စက်ရုံများ ရေဆိုးစွန့်ထုတ်မှု ကြပ်မတ်ပေးရေး လူထုသဘောထား ကောက်ခံ appeared first on ဧရာဝတီ.
Source : http://ift.tt/2n2Zinj
via IFTTT
No comments:
Post a Comment