Wednesday, January 24, 2018


ဧရာဝတီတိုင်းကို စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးအောင်လုပ်မည်ဟု ဝန်ကြီချုပ်သစ် ပြော ဧရာဝတီတိုင်း ဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင် က ဧရာဝတီတိုင်း လွှတ်တော်၌ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုအပြီး အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသွားသည်။ ဝန်ကြီးချုပ် ဦးလှမိုးအောင် က “ပြည်သူတွေရဲ့ဆင်းရဲမှုတွေ လျော့ချနိုင်ရန်အတွက် ကျနော်တို့တိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်လို့ သုံးသပ်မိပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့ နည်းလမ်းများစွာရှိတဲ့အနက် အရင်ကတည်းက ရေခံမြေခံတွေ ရှိပြီးသား ဖြစ်တဲ့ လယ်ယာ ကိုင်းကျွန်းတွေကို အရင်းပြုပြီး စီးပွားရေးကို ပြန်လည်ဦးမော့အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။ ဦးလှမိုးအောင် က ကျမ်းကျိန်သည့် နေ့မှာပင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး (ငြိမ်း) ဦးတင်ဝင်းအောင် အား လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် တိုင်းဒေသကြီး လွှတ်တော် ထံ တင်သွင်းခဲ့သည်။ ၎င်းတင်သွင်းသည့် အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးတင်ဝင်းအောင်ကို ထိုရာထူးတာဝန်အား ခန့်အပ်ရန် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ဇန်နဝါရီလ ၂၄ နေ့ အရေးပေါ်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ စိုက်/မွေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးတင်ဝင်းအောင် က “ကျနော့် လက်အောက်က ဌာနတွေရဲ့ လက်ရှိ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ပိုပြီး အောင်မြင်အောင် ဆောင်ရွက်မယ်။ ပြီးတော့ တောင်သူတွေရဲ့လိုအပ်ချက်တွေ၊ အခက်အခဲတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်သွားမှာပါ။ ၃ နှစ်တာကာလအတွင်းမှာ ထိုက်သင့်တဲ့ အောင်မြင်မှုကို သိသိသာသာရအောင် ကြိုးစားသွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဦးတင်ဝင်းအောင်က ၎င်း၏ ဝန်ကြီးဘဝကာလအတွင်း လယ်သမားတို့၏ ဘ၀ အာမခံချက်ရှိစေရန်နှင့် ရိတ်သိမ်းချိန်တွင် လေလွင့်ပျက်စီးမှု နည်းပါးစေရန် စက်ကိရိယာများ တွင်ကျယ်စွာ သုံးစွဲနိုင်ရေး ဦးစားပေးဆောင်ရွက် သွားမည်ဟု ဆိုသည်။ “လယ်သမားတွေဟာ သီးနှံပေါ်ချိန် ဈေးကျတယ်၊ ဘယ်ကိုရောင်းရမှန်းမသိ ဖြစ်နေတာတွေရှိတယ်။ ဒီပြဿနာတွေကို ဌာနတွေ ချိတ်ဆက်ပေါင်းစပ် ဖြေရှင်းနိုင်အောင် လုပ်ဆောင်သွားမှာပါ။ နောက်ပြီးရိတ်သိမ်းချိန်မှာရာသီဥတုဖောက်ပြန်တဲ့အတွက် လေလွင့်ဆုံးရှုံးတာတွေရှိတယ်။ ဒါတွေကို ကာကွယ်ဖို့ အတွက် စက်ကိရိယာတွေ တွင်ကျယ်စွာသုံးနိုင်အောင် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ အားဖြည့်မယ်။ ကုမ္ပဏီတွေကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမယ်။ အရည်အသွေးကောင်းတဲ့စပါးတွေ စိုက်ပျိုးထုတ်လုပ် နိုင်အောင် အဓိကထားဆောင်ရွက်သွားမှာပါ”ဟု သူကပြောသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၈) တတိယနေ့၏ ဆုံးဖြတ်ချက်အား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမှာ ဖြစ်ပြီး နိုင်ငံတော် သမ္မတဦးထင်ကျော်က ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းထုတ်ပြန်ကြေညာ ပြီးနောက် လွှတ်တော်အရေးပေါ်အစည်းအဝေး စတုတ္ထနေ့တွင် ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းမှာ ကျန်းမာရေးကို အကြောင်းပြု၍ ဇန်နဝါရီလဆန်းပိုင်း က ထွက်စာတင်ကာ ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာကို ဆက်ခံမည့် ဝန်ကြီး ဦးတင်ဝင်းအောင် သည် ကျန်ရှိအစိုးရသက်တမ်း ၃ နှစ်ကို တာဝန်ယူသွားရမည်ဖြစ်သည်။ ဦးတင်ဝင်းအောင်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဧရာဝတီတိုင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှှစ်အထိပုသိမ်ခရိုင် စိုက်ပျိုးရေးမန်နေဂျာ၊ ဒုတိယ တိုင်းမန်နေဂျာတာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မန္တလေးတိုင်းရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ B.Ag ဘွဲ့ရရှိခဲ့သူ ဦးတင်ဝင်းအောင်သည် ၁၉၈၀ ခုနှစ်မှစတင်၍ စိုက်ပျိုးရေး ဦးစီးဌာန အငယ်တန်းမန်နေဂျာ အဖြစ် ဝန်ထမ်းဘ၀ စတင်ခဲ့ပြီး ကံမ၊ လှည်းကူး၊ မိုးမိတ်၊ တွံတေး၊ မောင်တော၊ မုံရွာနှင့် ပုသိမ်မြို့တို့တွင် မြို့နယ်မန်နေဂျာ၊ ခရိုင်မန်နေဂျာတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုင်းမန်နေဂျာတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်၍ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ရှိ သီးနှံကာကွယ်ရေး ဌာနခွဲနှင့် စီမံခန့်ခွဲရေး ဌာနတွင် ညွန်ကြားရေးမှူး တာဝန် ထမ်းဆောင်ကာ ၂၀၁၅ ခုနှစ်တွင် သက်ပြည့် အငြိမ်းစားယူခဲ့ခြင်း ဖြစ်သည်။ The post ဧရာဝတီတိုင်းကို စိုက်ပျိုးမွေးမြူရေးဖြင့် ဖွံ့ဖြိုးအောင်လုပ်မည်ဟု ဝန်ကြီချုပ်သစ် ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2n5VqSs
via IFTTT

No comments:

Post a Comment