ဆွမ်ပရာဘွမ်ရှိ ဒုက္ခသည်စခန်း အနီး လက်နက်ကြီးများ ကျ၍ ဒုက္ခသည်များ ထပ်မံ တိမ်းရှောင်ရ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲ များ ဖြစ်ပွားပြီး စစ်ဘေးရှောင်ဒုက္ခသည် စခန်းအနီး လက်နက်ကြီး ကျည်များ ကျ၍ စစ်ဘေးရှောင်များ ထပ်မံ တိမ်းရှောင် ရကြောင်း သတင်းရရှိသည်။ ဆွမ်ပရာဘွမ်မြို့နယ် အင်ဒွပ်ယန် စစ်ဘေးရှောင်စခန်း အနီး လက်နက်ကြီး ကျည်များ ကျသဖြင့် ယင်းစခန်းရှိ ဒုက္ခသည် ၁၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေရခြင်း ဖြစ်ကြောင်း သိရသည်။ ဆွမ်ပရာဘွမ်မြို့ ကတ်သလစ် အသင်းတော်၊ Justice and Peace Commission မှ ဖာသာ ဗင်းဆင့်ရှန်လွန်း က “တိုက်ပွဲဖြစ်တာ ၄၊ ၅ ရက်ရှိပြီ။ အစိုးရ တပ်မတော်ရှိတဲ့ နေရာနဲ့ သူတို့နေတဲ့ နေရာက မလိခမြစ် ခြားနေတာ။ ဟိုဘက်ကမ်း ဒီဘက်ကမ်း မြင်နေရတာ။ တပ်မတော်ဘက်က လက်နက်ကြီးတွေ ပစ်တော့ အင်ဒွပ်ယန် နား ကျ တယ်။ ကျတော့ သူတို့ စိုးရိမ်ပြီး အခြားနေရာကို ပြောင်းရွှေ့ကြတာ”ဟု ပြောသည်။ အင်ဒွပ်ယန် စခန်းတွင် အိမ်ထောင်စုပေါင်း ၂၆၀ ရှိ လူဦးရေ ၉၄၉ ဦး ခိုလှုံလျက် ရှိပြီး ယခု ထွက်ပြေးမှုတွင် စခန်းရှိ ဒုက္ခသည် အားလုံး ဖြစ်ကြောင်းလည်း ဖာသာ ဗင်းဆင့်ရှန်လွန်းက ပြောပြသည်။ အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည် များသည် ဇန်နဝါရီလ ၂၁ ရက်မှစ၍ အင်ဒွပ်ယန် စခန်းကိုစွန့်ခွာ ထွက်ပြေး သွားကြ ခြင်း ဖြစ်၍ လက်ရှိ၌ တောအတွင်း ပစ်ခတ်မှုများနှင့် ဝေးသည့် နေရာတွင် ရှိနေသည်ဟုသာ သိထားပြီး ၎င်းတို့ ရောက် နေသည့် နေရာကို အတိအကျ မသိရှိရသေးပါဟု ဖာသာဗင်းဆင့် ရှန်လွန်းက ပြောသည်။ ၎င်းတို့စတင် ပြေးစဉ်က စခန်းတာဝန်ရှိသူများနှင့် ဖုန်းအဆက်အသွယ်ရကြောင်း၊ အဆက်အသွယ်ရစဉ်က အမိုး အကာ နှင့် စားနပ်ရိက္ခာ လိုအပ်သည်ဟု သိရကြောင်း၊ ဒုက္ခသည်များ ရှိနေသည့်နေရာမှာ ဖုန်းလိုင်း အခက်အခဲ ရှိ သဖြင့် ၎င်းတို့ဘက်က စတင် ဆက်သွယ်လာမှသာ ဖုန်းအဆက်အသွယ်ရသည်ဟုလည်း ၎င်းက ဆိုသည်။ “ကျနော့်မှာ လုပ်ပိုင်ခွင့်ဘာတခုမှ မရှိဘူး။ ဒါပေမယ့် လူသားခြင်းစာနာထောက်ထားမှု ပေးနိုင်တဲ့ အဖွဲ့တွေကို လှမ်းပြီး သတင်းပို့ထားတယ်။ စစ်ရှောင်တွေကိုလည်း ဘယ်လိုအထောက်အပံ့တွေ လိုလဲဆိုတာ မေးမြန်း ထားပါတယ်။ ဒီမနက်ပိုင်း သူတို့ ပြန်ဆက်သွယ်တာ မရှိဘူး။ ကျနော့်ဘက်က ဆက်သွယ်လို့ မရဘူး”ဟု ဖာသာ ဗင်းဆင့် ရှန်လွန်း က ပြောသည်။ အင်ဒွပ်ယန် ဒုက္ခသည်စခန်းသည် ဆွမ်ပရာဘွမ်မြို့မှ ၁၇ မိုင်ကျော် ကွာဝေးသည့် တပ်မတော် စခန်းနေရာမှ တဆင့် မလိခမြစ်ကို ဖြတ်ကူးပြီး ၅ မိုင်ခန့် ထပ်မံသွားမှ ရောက်သည့် နေရာတွင် တည်ရှိသည်။ ဖုန်းလိုင်း အခက်အခဲရှိသည့် နေရာဖြစ်ပြီး KIA ထိန်းချုပ် နယ်မြေ ဖြစ်ကြောင်းလည်း သိရသည်။ ဆွမ်ပရာဘွမ်မြို့မှ ဒေသခံ အမျိုးသမီး တဦးကလည်း “စစ်ရေး မငြိမ်မသက်က ကြာပြီ ကြားနေတာ။ အခု တိုက်ပွဲ ဖြစ် တာလည်း တပတ်လောက် ရှိပြီလို့ ကျမတို့ ကြားတယ်။ ဖြစ်တဲ့နားကိုတော့ ဘယ်သူမှ မသွားကြဘူးလေ” ဟု ပြော သည်။ အဆိုပါ ဒေသခံ အမျိုးသမီးက ဆွမ်ပရာဘွမ်မြို့အတွင်း စစ်ရေး မငြိမ်မသက် ဖြစ်သည်မှာ ယခုမှ မဟုတ်ဘဲ ၂၀၁၅ ခုနှစ်မှ စ၍ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း၊ ဆွမ်ပရာဘွမ် မြို့တွင်းသို့ ကား အဝင်အထွက်ကိုပင် နံနက် ၆ နာရီမှ ည ၆ နာရီအတွင်းသာ တပ်မတော် တပ်ဖွဲ့ဝင်များက သွားလာခွင့် ပြုကြောင်းလည်း ပြောပြသည်။ ဧရာဝတီမှ ဆွမ်ပရာဘွမ် မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေး အခြေအနေများကို မေးမြန်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် KIA တို့ကို ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။ အင်ဒွပ်ယန် စစ်ဘေး ရှောင်ဒုက္ခသည် စခန်းသည် ၂၀၁၅ ခုနှစ် အတွင်း ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာ အနီး တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားရာ မလိယန်ကျေးရွာမှ ထွက်ပြေးလာရသူများ ဖြစ်သည်။ အင်ဒွပ်ယန်စခန်းတွင် နေထိုင်သည့် ဒုက္ခသည်များကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တဆင့် ကချင် အရပ် ဘက် အဖွဲ့အစည်းများ က စားနပ်ရိက္ခာ ထောက်ပံ့ ပေးထားသည်။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသူ တသိန်း ကျော် ရှိကြောင်း သိရသည်။ The post ဆွမ်ပရာဘွမ်ရှိ ဒုက္ခသည်စခန်း အနီး လက်နက်ကြီးများ ကျ၍ ဒုက္ခသည်များ ထပ်မံ တိမ်းရှောင်ရ appeared first on ဧရာဝတီ.
Source : http://ift.tt/2n3crgK
via IFTTT
No comments:
Post a Comment