Monday, January 22, 2018


ရန်ကုန်တွင် အဆင့်မြင့် ဘတ်စ်ကား မှတ်တိုင် ၅၀၀ တည်ဆောက်မည် ရန်ကုန်မြို့ရှိ ဘတ်စ်ကား မှတ်တိုင်များ အဆင့်မြှင့် တည်ဆောက်ရန် ပြင်သစ်-မြန်မာ အကျိုးတူ ပူးပေါင်းထားသော FMI Decaux ကုမ္ပဏီ လီမိတက် နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ဇန်နဝါရီလ ၂၀ ရက်တွင် သဘော တူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်း ဘတ်စ်ကား မှတ်တိုင် ၅၀၀ ကို ၃ နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဟုလည်း ဆိုသည်။ YCDC အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဒု ဌာနမှူး ဦးလင်းခိုင်က “မှတ်တိုင်တွေကတော့ ကျနော်တို့ ဧရိယာ သတ်မှတ် ပေးထားတယ်။ အဲဒီ ဧရိယာအတွင်းမှာ သူတို့က မှတ်တိုင် ၅၀၀ ပဲ လုပ်မှာဖြစ်ပါတယ်။ အင်းစိန် အထိပဲ ပါတယ်။ လမ်းအားဖြင့် ပြောရင် လမ်းသစ်လမ်း အထိ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ သို့ဖြစ်၍ YCDC မှ FMIDecaux ကုမ္ပဏီသို့ မှတ်တိုင် တည်ဆောက်ရန် သတ်မှတ်ပေးထားသော ဧရိယာများထဲတွင် မပါဝင်သော မှတ်တိုင်များကို YCDC မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက အခြား ပုဂ္ဂလိက ကုမ္ပဏီများနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ ဆက်လက်၍ ဦးလင်းခိုင်က “လမ်းသစ်လမ်းရဲ့မြောက်ဘက်ကျတဲ့ အပိုင်းတွေ မပါတော့ဘူး။ နောက်ပြီးတော့ ငမိုးရိပ် ချောင်း ဟိုဘက်အခြမ်းဖြစ်တဲ့ သာကေတ တို့ ဒေါပုံတို့ မပါဘူး။ မှတ်တိုင် တော်တော်များများက ရှိပြီးသားတွေပါ။ လိုအပ်တဲ့ မှတ်တိုင်တွေနဲ့ ကုမ္ပဏီက လုပ်မယ့် ဧရိယာထဲ မပါတာကျတော့ YCDC အနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါ တယ်” ဟု ပြောဆိုသည်။ ရန်ကုန်မြို့တွင် ကားမှတ်တိုင်ပေါင်း ၂ ထောင်ရှိသည့် အနက် မှတ်တိုင်ပေါင်း ၅၀၀ ကျော်ကို FMIDecaux ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။ FMIDecaux ကုမ္ပဏီနှင့် YCDC တို့၏ သဘောတူစာချုပ်တွင် ရန်ကုန်မြို့တော်ရှိ ခေတ်မီ ဘတ်စ်ကား မှတ်တိုင်များ၊ ယင်းဘတ်စ်ကား မှတ်တိုင်များပေါ်တွင် ကြော်ငြာများ တပ်ဆင် ထုတ်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် ဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (FMI) က ဇန်နဝါရီလ ၂၀ ရက် တွင် ထုတ်ပြန်ထားသည်။ ယင်းမှတ်တိုင်များ တည်ဆောက်ရန် အတွက် စာချုပ်ချုပ်ပြီးသည်နှင့် ၅ လအတွင်း မှတ်တိုင်နေရာများ စစ်တမ်း ကောက်ယူ ခြင်း၊ မြေနေရာ လိုက်ကြည့်ခြင်း၊ ပစ္စည်းများ တင်သွင်းခြင်း စသည်တို့ကို ပြင်သစ် နည်းပညာများဖြင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း YCDC မှ သိရသည်။ “ဒီလိုမှတ်တိုင်တွေကို လုပ်လိုက်တာက ခရီးသွားတွေ သက်သောင့်သက်သာ နားခိုနိုင်မယ်။ လှလှပပ၊ သပ်သပ်ရပ်ရပ် နဲ့ အဆင့်အတန်း မြင့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးလင်းခိုင်က ပြောသည်။ အဆိုပါ ဘတ်စ်ကား မှတ်တိုင်များအား ခေတ်မီလှပ အသုံးဝင်ပြီး ခရီးသွားပြည်သူများသို့ သတင်း အချက်အလက် ပေးသော နေရာများအဖြစ် ပြောင်းလဲ တည်ဆောက်သွားမည်ဖြစ်ကာ ယင်းဒီဇိုင်းများကို ပြင်သစ်နိုင်ငံ အခြေစိုက် JCDecaux ကုမ္ပဏီ ၏ အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းအဖွဲ့က ရေးဆွဲသွားမည် ဖြစ်ကြောင်း FMI က သတင်း ထုတ်ပြန် ထားသည်။ FMIDecaux ကုမ္ပဏီသည် JCDecaux S.A (JCDecaux) ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော JCDecaux Asia(S) Pte Ltd မှ ၆၀ ရာခိုင်နူန်းနှင့် FMI ကုမ္ပဏီမှ ၄၀ ရာခိုင်နူန်းထည့်ဝင်၍ အမေရိကန် ဒေါ်လာ ၁၃ သန်းနှင့် ရင်းနှီးမြှုပ်နှံ ထားသော ကုမ္ပဏီဖြစ်သည်။ JCDecaux ကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်း လေဆိပ်များ၊ မြေအောက်ရထားများ၊ မီးရထားဘူတာရုံများ၊ ဈေးဝယ် စင်တာ များ နှင့် အများပြည်သူ အပန်းဖြေ နေရာများတွင် ဒစ်ဂျစ်တယ် ကြော်ငြာဆိုင်းဘုတ် ၅၃၀၀၀ ခန့်ဖြင့် လုပ်ငန်း များ လည်ပတ် လုပ်ဆောင်လျက် ရှိကြောင်းလည်း FMI ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း ကားမှတ်တိုင် တည်ဆောက်ရေး စီမံကိန်းအတွက် YCDC က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှ ၇ ရက်အထိ နိုင်ငံပိုင် သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ပြီး အဆိုပြုကုမ္ပဏီ ၅ ခုအနက် FMIDecaux ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ The post ရန်ကုန်တွင် အဆင့်မြင့် ဘတ်စ်ကား မှတ်တိုင် ၅၀၀ တည်ဆောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Dr5rQW
via IFTTT

No comments:

Post a Comment