ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ ဝန်ထမ်းအမျိုးသမီးတဦး နေအိမ်တွင် အသတ်ခံရ ပုသိမ်မြို့၊ လင်းဝင်းကြီးအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင် နေထိုင်သည့် ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးမတစ်ဦးဖြစ်သူ ဒေါ်နီလာဝင်း (ခ) ဒေါ်နီလာခိုင် (အသက် ၃၇) နှစ်မှာ ယမန်နေ့က သူမ၏နေအိမ်တွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည့်အတွက် လူသတ်တရားခံဖမ်းမိနိုင်ရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရေသိုးကုန်းကျေးရွာရှိ ဒေါ်နီလာခိုင်နှင့် ဖခင်ဖြစ်သူ ဦးမောင်ပုတို့ ၂ ဦးတည်း နေထိုင်သည့်နေအိမ် အိမ်သာအတွင်း၌ သမီးဖြစ်သူ ဒေါ်နီလာခိုင်သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးမောင်ပု၏ သတင်းပေးချက်အရ ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်နီလာခိုင်မှာ သူမ၏နေအိမ် အိမ်သာအတွင်း၌ ထိုးသွင်းရိုက်နှက် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ “ဒေါ်နီလာခိုင်က ပုသိမ်တက္ကသိုလ် သင်္ချာဌာနရဲ့ စာရေးမတစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ နေရင်း အသတ်ခံခဲ့ရတာ ဖြစ်တယ်။ အဲဒီအမှုကို ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်လှစ်ပြီး လူသတ်တရားခံဖမ်းဆီး ရမိရေး ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ပုသိမ်မြို့၊ သင်္ဘောကျင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။ ဒေါ်နီလာခိုင်မှာ သူမနေထိုင်သည့် ရေသိုးကုန်းကျေးရွာရှိ အိမ်သာအတွင်း၌ ဦးခေါင်းတွင် ထုရိုက်ဒဏ်ရာ၊ ကျောပြင်တွင် ဓားခုတ်ဒဏ်ရာ၊ ညာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ၊ မျက်နှာတွင် ဓားဖြင့်ခုတ်ထစ် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သစ်သားငရုတ်ကျည်ပွေ့ တချောင်းနှင့် ဓားမြောင် အတိုတစ်ချောင်း တွေ့ရှိရကြောင်း၊ အဆိုပါလူသတ်မှုတရားခံမှာ မည်သူမှန်းမသိရဘဲ လွတ်မြောက်နေသည့် အတွက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်နှင့် သင်္ဘောကျင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သဲလွန်စများမှ တဆင့် တရားခံကို စုံစမ်းနေကြောင်း သတင်းရရှိသည်။ ဒေါ်နီလာခိုင်၏အလောင်းကို ယမန်နေ့ ညပိုင်းက လူမှုကူညီရေးအသင်းကားဖြင့် ပုသိမ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် စစ်ဆေးမှုများပြီးစီးသည့်အတွက် အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ “ကျနော်တို့ သိရသလောက် ဒေါ်နီလာခိုင်က ရုံးကနေပြန်ရောက်ပြီး ရေအိမ်ဝင်နေတဲ့အချိန် အော်သံတချက် ကြားလိုက်ရတဲ့အတွက် သူ့အဖေကမေးတော့ သမီးအိမ်သာတက်နေတာပဲ ပြောတယ်။ ဒါပေမယ့် သူ့အဖေက နားလေးတော့ ယောက်ျားသံ၊ မိန်းမသံ မသဲကွဲဘူး။ အဲဒါနဲ့ သူ့အဖေက အပြင်ခဏသွားပြီးပြန်လာတော့ အိမ်သာထဲမှာ သေနေတာတွေ့ရတာ။ ဘယ်သူသတ်သွားမှန်း မသိရဘူး။ လက်ရှိတော့ ပုသိမ်ခရိုင်၊ မြို့နယ်နဲ့ ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့တွေပါ ဝိုင်းဝန်းစုံစမ်းနေကြတယ်”ဟု လင်းဝင်းကြီးကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ ဒေါ်နီလာခိုင်အသတ်ခံရမှုကို ပုသိမ်မြို့တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းတွင် ပြစ်မှုနံပါတ် ၁၇/၂၀၁၈ ၊ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ကာ ရဲတပ်ဖွဲ့မှ စုံစမ်းမှုများပြုလုပ်နေပြီး လူသတ်မှုအတွက် မသင်္ကာ သူတချို့ကို ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ The post ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ ဝန်ထမ်းအမျိုးသမီးတဦး နေအိမ်တွင် အသတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2DK6AnP
via IFTTT
No comments:
Post a Comment