လိပ်ကျွန်းလူသတ်မှုမှ မြန်မာ ၂ ဦး၏ အယူခံကို ချေဖျက်ရန် ထိုင်းရှေ့နေများ ကြိုးပမ်းနေ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦး၏ အယူခံကို ချေဖျက် နိုင်ရေး အတွက် ထိုင်းရှေ့နေများက ကြိုးပမ်းပြင်ဆင်နေသော်လည်း အဆင်သင့် မဖြစ်သေး၍ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) ထံ အယူခံရက်တိုးပေးရန် ထပ်မံတောင်းဆိုလိုက်ကြောင်းသိရသည်။ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအပေါ် ချေဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၅ ကြိမ်မြောက် အယူခံ ရက်တိုး တောင်းဆိုမှုကို ဗဟိုတရားရုံး က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တလ ထပ်မံခွင့်ပြုလိုက်ကြောင်း သိရသည်။ ယင်းသို့ အယူခံရက် ထပ်တိုးရန် တောင်းဆိုမှုသည် အယူခံကို ချေဖျက်ရန် ကြိုးပမ်းနေမှု အဆင်သင့် မဖြစ်သေးသည်ကို ပြသနေခြင်း ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။ ဦးမင်းဦး က “အဆင်သင့် မဖြစ်သေးလို့ သူတို့ (ထိုင်းအစိုးရရှေ့နေ) ဘက်က ပြင်ဆင်ချိန် တလ ထပ်တိုးတောင်းဆိုလိုက်တာ။ အဲဒါကို တရားရုံးကနေ ခွင့်ပြုလိုက်တာပေါ့။ သူတို့က မူလချမှတ်ထားတဲ့ သေဒဏ် အတိုင်းဖြစ်ဖို့အတွက် ကျနော်တို့ဘက်က တင်ထားတဲ့ အယူခံကို ချေဖျက်နိုင်ဖို့ အကွက်တွေရှာနေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ အယူခံထပ်တိုး တောင်းဆိုချက်ကို ဗဟိုတရားရုံး က တလတိုးပေးလိုက်သဖြင့် ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ထပ်တင်ရမည်ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့် ကလည်း ပြောသည်။ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့သည်။ ထိုအယူခံတွင် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရပြီး ထိုအခြေအနေများကို ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ချေဖျက်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် ထိုင်းအကျဉ်းထောင် ထဲတွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းနှင့် ၎င်းတို့လွတ်မြောက်မည်ဟု ယုံကြည်နေကြကြောင်း ဦးမင်းဦး က ပြောသည်။ ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။ ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။ လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။ ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။ The post လိပ်ကျွန်းလူသတ်မှုမှ မြန်မာ ၂ ဦး၏ အယူခံကို ချေဖျက်ရန် ထိုင်းရှေ့နေများ ကြိုးပမ်းနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2nc6rT5
via IFTTT
No comments:
Post a Comment