မြန်မာ့ချဉ်ပေါင်ဖာလာ တန်ချိန် ၅၀၀ တရားဝင်ဝယ်ယူရန် တရုတ်ကမ်းလှမ်း ရန်ကုန်၊ ဇန်နဝါရီ ၁၇ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အဓိကအသုံးပြုသည့် ချဉ်ပေါင်ဖာလာအစေ့ တန်ချိန် ၅၀၀ ကို တရုတ်နိုင်ငံမှ Jinxing Group ကုမ္ပဏီက ၂၀၁၈ ခုနှစ်အတွင်း တရားဝင်ဝယ်ယူရန် ကမ်းလှမ်းကြောင်း မြန်မာနိုင်ငံ ချဉ်ပေါင်ဖာလာအဖွဲ့ထံမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြုလုပ်သည့် ၁၆ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးနှင့် ကုန်သွယ်မှုပြပွဲတွင် တရားဝင်ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး စာချုပ်ချုပ်ဆိုရန်နှင့် ရောင်းချမည့်ဈေးနှုန်းများကို ဆက်လက်ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “သူတို့က အားဆေးနဲ့ပရဆေးအဖြစ် သုံးတယ်။ ငရုတ်ကောင်းအစား ဟင်းခတ်အမွှေးအကြိုင်အဖြစ် အဓိကသုံးတယ်။ ဒီတန်ချိန်ငါးရာက တရားဝင်အသိအမှတ်ပြုတဲ့ တန်ချိန်လို့ပြောရမှာပေါ့။ တရားဝင်မဝယ်လည်း ဒီအတိုင်းနားလည်မှုနဲ့ သွားနေရတာ။ အဆင်ပြေရင်ပြေသလို မပြေလည်း မပြေသလိုပေါ့”ဟု မြန်မာနိုင်ငံ ချဉ်ပေါင်ဖာလာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။ မြန်မာ့ချဉ်ပေါင်ဖာလာများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်က တရားဝင်ဝယ်ယူခွင့် မပြုထားသောကြောင့် ဈေးနှိမ်ခံရခြင်းများနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံ၏ ဇီဝတိုင်းရင်းဆေး ထုတ်လုပ်သည့် လုပ်ငန်းများတွင် မြန်မာ့ချဉ်ပေါင်ဖာလာကို အဓိကအားထားနေရကာ နှစ်စဉ် မြန်မာ့ချဉ်ပေါင် ဖာလာတန်ချိန် ၃၀၀၀ ခန့် တင်ပို့နေရကြောင်း မြန်မာနိုင်ငံ ချဉ်ပေါင်ဖာလာအဖွဲ့ထံမှ သိရသည်။ “ဒီမှာ တစ်ပိဿာကို ကျပ်လေးသောင်းရတယ်။ သူတို့နိုင်ငံက လာဝယ်လည်း ဒီဈေးပဲ။ ဟိုမှာပြပွဲသွားပြတော့ လက်လီရောင်းတာတောင် တစ်ပိဿာကို ကျပ်နှစ်သိန်းဈေးလောက်ရတယ်။ ဒါတရားဝင်ကုန်စည်ပြပွဲမို့လို့ ဒီလောက်ရတာလေ။ တရားဝင်မသွားရင် ဒီလောက်မရဘူး။ သူတို့က အရည်အသွေးကောင်းတာကို ပိုကြိုက်တယ်။ ဒါတွေသာ သူတို့နိုင်ငံမှာ တရားဝင်ခွင့်ပြုရင် ဈေးကောင်းရမှာ”ဟု ဦးမြင့်အောင်က ပြောဆိုသည်။ အဆိုပါချဉ်ပေါင်ဖာလာသည် သံတောင်မြို့နယ်၊ ဘားအံမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် အဓိကထွက်ရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့် ကုန်ပစ္စည်းများအဖြစ် ပြုပြင်မထုတ်လုပ်နိုင်သောကြောင့် တရုတ်နိုင်ငံသို့ ကုန်ကြမ်းဖြစ်သည့် ချဉ်ပေါင်ဖာလာ အခြောက်စေ့များအတိုင်းသာ အဓိကတင်ပို့နေရကြောင်း၊ အခြောက်ခံစနစ်၊ ထုပ်ပိုးမှုစနစ်များဖြင့် အရည်အသွေးအလိုက် ပြုပြင်ထုပ်ပိုးရောင်းချရန်အတွက်လည်း တရုတ်ကုန်သည်များက အကြံပြုပြောကြားထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/mMZgn2
via IFTTT
No comments:
Post a Comment