Thursday, January 25, 2018

The Voice

ယာဉ်စီးရေ ၇၀ ဖြင့် YBS ၈၃ ယာဉ်လိုင်း ယခုလကုန် ပြေးဆွဲမည် ရန်ကုန်၊ ဇန်နဝါရီ ၂၄ ယာဉ်လိုင်းငါးလိုင်းကို တာဝန်ယူပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီအနေနှင့် ခရီးသည်စီးနင်းမှု အဆင်ပြေစေရန် ယာဉ်စီးရေ ၇၀ ဖြင့် YBS ၈၃ ယာဉ်လိုင်းကို ဇန်နဝါရီလကုန်တွင် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ “နောက်ထပ် လေဆိပ်ကို တိုက်ရိုက်ပြေးမယ့် အစီအစဉ်ကိုလည်း ဆောင်ရွက်နေတယ်။ ဒီလကုန် ၈၃ ယာဉ်လိုင်းကို ပြေးမယ်။ ဒါပြီးတာနဲ့ လေဆိပ်ပြေးမယ်”ဟု Omni Focus ကုမ္ပဏီပို့ဆောင်ရေး မန်နေဂျာ ဦးစန်းယုက ဆိုသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက YBS ၈၂ ယာဉ်လိုင်းမှာ ယာဉ်စီးရေ ၈၀ ဖြင့် လှိုင်သာယာ-အင်းစိန်-ပြည်လမ်း-သခင်မြပန်းခြံ ခရီးစဉ်တို့ကို ပြေးဆွဲခဲ့ပြီး ထပ်မံ၍ YBS ၈၃ ယာဉ်လိုင်းကို ယာဉ်စီးရေ ၇၀ ဖြင့် လှိုင်သာယာ-ရှစ်မိုင်-စံပြဈေး-တောင်ဒဂုံ (မောင်းမကန်လမ်း)-စည်ပင်လမ်း-လေးထောင့်ကန်လမ်း ခရီးစဉ်တို့ကို ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ကို ကြည့်မြင်တိုင် (အရိုး အထူးကုဆေးရုံ)၊ လှိုင်သာယာနည်းပညာ တက္ကသိုလ်၊ အောင်ဇေယျတံတား၊ ဘီအိုစီ၊ ဘုရင့်နောင်လမ်း၊ ဟံသာဝတီ၊ ဆင်မလိုက်၊ ဆူးလေ၊ ဗိုလ်တထောင်၊ သီလဝါစီးပွားရေးဇုန် ခရီးစဉ်တို့ကို ထပ်တိုးပြေးဆွဲရန် လျာထားကြောင်း Omni Focus ကုမ္ပဏီထံမှ ဆက်လက်သိရသည်။ လက်ရှိတွင် လူထုမိတ်ဆွေကုမ္ပဏီကို ယာဉ်လိုင်းသစ် နှစ်လိုင်း၊ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ယာဉ်လိုင်းကုမ္ပဏီ YBPC ကို ယာဉ်လိုင်းနှစ်လိုင်း စသဖြင့် ခွင့်ပြုချက်ပေးထားပြီး ယာဉ်လိုင်းသစ်များ ထပ်မံခွင့်ပြုရန် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားသည်။ Omni Focus ကုမ္ပဏီအနေနှင့် YBS ၂၀၊ ၂၇၊ ၅၆၊ ၈၂၊ ၈၅ ယာဉ်လိုင်းတို့ကို ယာဉ် ၃၁၀ စီးကျော်ဖြင့် ခရီးသည် ပို့ဆောင်လျက်ရှိပြီး ရန်ကုန်မြို့အတွင်း ယာဉ်လိုင်း ၉၃ လိုင်းကျော်ရှိကာ ယာဉ်စီးရေ ၅၃၀၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည်။
Source : https://goo.gl/Tz3C85
via IFTTT

No comments:

Post a Comment