Monday, January 15, 2018


ဟာဝိုင်အီက ဒုံးကျည်သတိပေးချက် ဝန်ထမ်းတဦး၏ မှားယွင်းမှုဟု ဆို ဇန်နဝါရီလ ၁၃ ရက်နေ့က ဟာဝိုင်အီ သို့ တိုက်ချင်းပစ် ဒုံးကျည်တစင်း ဝင်ရောက်လာနေသည် ဟူသော မှားယွင်း သတိပေးချက် ထုတ်ပြန်ရခြင်းမှာ ဝန်ထမ်းတဦး ခလုပ်မှား နှိပ်ခြင်းကြောင့် ဖြစ်သည် ဟု အာဏာပိုင်များနှင့် အရေးပေါ် ကယ်ဆယ်ရေး အရာရှိများက ပြောသည်။ ယင်း သတိပေးထုတ်ပြန်ချက်တွင် “တိုက်ချင်းပစ်ဒုံးကျည်တစင်း ဟာဝိုင်အီသို့ ဦးတည်လာနေသည်။ ချက်ချင်း အကာကွယ်ယူပါ။ စပ်းသပ်လေ့ကျင့်နေခြင်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ ထိုသို့ သတိပေးခြင်းကြောင့် လူမှုကွန်ယက်တွင် ပူပန်မှုများ ဖြစ်စေခဲ့သော်လည်း ဟာဝိုင်အီ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက တွစ်တာစာမျက်နှာမှ တဆင့် “ဟာဝိုင်အီသို့ ဒုံးကျည်ခြိမ်းခြောက်မှု မရှိ” ဟု ချက်ချင်း ထုတ်ပြန် ကြေညာခဲ့သည်။ လူသား၏ မှားယွင်းမှုကြောင့် ထို သတိပေးချက် ဖြစ်ခဲ့သည်ဟု ဟာဝိုင်အီ အုပ်ချုပ်ရေးမှူး ဒေးဗစ်အိုင်ဂဲ (David Ige) က CNN သတင်းဌာနသို့ ပြောသည်။ “ဝန်ထမ်းတွေ အဆိုင်းပြောင်းတဲ့ အချိန် အတွင်း ဖြစ်သွားတာပါ။ ဝန်ထမ်းတယောက်က ခလုပ်ကို မှားနှိပ်လိုက်မိတာ” ဟု သူက ရှင်းပြသည်။ ထိုသတိပေးချက်သည် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လက်ကိုင်ဖုန်းများသို့လည်း ပျံ့နှံ့သွားခဲ့သည်။ မည်သည့် အတွက် ထိုသို့ မှားယွင်းရသည်ကို ပိုမို သိရှိရန်နှင့် ထပ်မံ မဖြစ်ပေါ်ရေး အတွက် တားဆီးနိုင်ရန် ထိပ်တန်း ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အရာရှိများနှင့်လည်း ဆွေးနွေးနေသည်ဟု သူ၏ တွစ်တာ စာမျက်နှာတွင်လည်း ဖော်ပြထားသည်။ မှားယွင်းသတိပေးချက် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ၃၈ မိနစ် ကြာသော အခါတွင် ဒုတိယမြောက် မှားသွင်းသတိပေးချက်ကို ဖုန်းများသို့ ထပ်မံဖြန့်ဝေခဲ့သည်။ ကနဦး သတိပေးချက်နှင့် နောက် မိနစ် ၃၀ အကြာတွင် ထုတ်ပြန်သည့် မှားယွင်းသတိပေးခြင်း ဖြစ်ကြောင်း ကြေညာချက် ၂ ခုလုံးကို ရုပ်မြင်သံကြား၏ သတိပေး စာတန်းနေရာတွင် တွေ့မြင်ရသည် ဟု ရုပ်သံကြည့်သူများက ဆိုသည်။ ဒုံးကျည်တစင်း ဦးတည်လာနေခြင်း မရှိကြောင်း အရာရှိများနှင့် ဆွေးနွေး အတည်ပြုနိုင်ခဲ့သည် ဟု ဟာဝိုင်အီမှ အောက်လွှတ်တော် ကိုယ်စားလှယ် တူလ်စီဂက်ဘဒ် (Tulsi Gabbard) က ကနဦး သတိပေးချက် ထွက်လာပြီးနောက် တွစ်တာတွင် ရေးသားခဲ့ပြီးနောက် သတိပေးချက်မှာ မတော်တဆ ဖြစ်ရပ်ဟု ဆိုသည်။ အမေရိကန် ပိစိဖိတ် စစ်ဌာချုပ်အနေဖြင့် မည်သည့်ဒုံးကျည်ကိုမျှ ထောက်လှမ်းတွေ့ရှိခြင်း မရှိကြောင်းနှင့် သတိပေး ကြေညာချက်သည် မှားယွင်းကြောင်း၊ ပြည်နယ်အစိုးရက အမြန်ဆုံး ပြင်ဆင်ချက် ထုတ်ပြန်မည် ဖြစ်ကြောင်း ထို စစ်ဌာနချုပ် ပြောခွင့်ရသူ တပ်မှူး ဒေးဗစ်ဘန်ဟန် (David Benham) ကလည်း အတည်ပြုခဲ့သည်။ ကနဦး သတိပေးချက် ထွက်ပေါ်လာချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်မှာ ဂေါက်ကွင်းတွင် ရှိနေကြောင်း သတင်းများက ဆိုသည်။ အထပ်ပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို သူနှင့် အတူ ခရီးသွားနေသူ ၃ ဦးအနက် တဦးဖြစ်သူ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ရစ်ကီဝက်ဒဲလ် (Ricky Waddell) က ရှင်းလင်းတင်ပြခဲ့ပြီးနောက် အိမ်ဖြူတော် အရာရှိချုပ်က ထပ်မံ ရှင်းလင်း တင်ပြသည်ဟု အိမ်ဖြူတော် အရာရှိတဦးက ပြောသည်။ အမျိုးသားလုံခြုံရေး အကြံပေး မက်မာစတာ (McMaster) နှင့်လည်း ဆွေးနွေးသည် ဟု ဆိုသော်လည်း အသေးစိတ်များကို ပြောကြားခြင်း မရှိပေ။ ဟာဝိုင်အီမှ အထက်လွှတ်တော် အမတ် ဘရိုင်ရန်ရှာ့ဇ် (Brian Schatz) ကလည်း “ ဘာ ဒုံးကျည်ခြိမ်းခြောက်မှုမှ မရှိဘူး၊ လူ့အမှားကြောင့် ဖြစ်တဲ့ မှားယွင်းသတိပေး ထုတ်ပြန်ချက်သာ ဖြစ်တယ် ဟာဝိုင်အီ အတွက် ဒီလုပ်ငန်းစဉ်ကို ကျွမ်းကျင်ပြီး မမှားနိုင်အောင် လုပ်ဖို့လောက် နောက်ထပ်ပိုမိုအရေးကြီးတာ မရှိဘူး” ဟု တွစ်တာတွင် ရေးသည်။ “လာပြန်ပြီ။ မှားယွင်းသတိပေးမှု။ ဒီနေ့ဖြစ်ရပ်ကတော့ လုံး၀ ခွင့်မလွှတ်နိုင်စရာပဲ။ ပြည်နယ်တခုလုံး တုန်လှုပ်ရတယ်။ ပြင်းထန် မြန်ဆန်တဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ငန်းအဆင့်ဆင့်ကို ပြင်ရမယ်” ဟုလည်း သူက ထပ်ရေးသည်။ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ သေနင်္ဂဗျူဟာ သတင်းအချက်အလက်နှင့် စစ်ဆင်ရေးဌာန၊ ပြည်တွင်း လုံခြုံရေးဌာန၊ ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဌာနတို့သည် ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်။ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်စ် (James Mattis) ကိုလည်း အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။ ကိုးကား ။ ။ CNN The post ဟာဝိုင်အီက ဒုံးကျည်သတိပေးချက် ဝန်ထမ်းတဦး၏ မှားယွင်းမှုဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2EKzsLN
via IFTTT

No comments:

Post a Comment