Monday, January 15, 2018


နာဂ ဒေသ နန်းယွန်းမှာ အစိုးရ လျှပ်စစ်မီး ရပြီ စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်တွင် ပထမဆုံး အနေနှင့် အစိုးရက ပေးသော လျှပ်စစ်မီး ၂၄နာရီ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်းသို့ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် ကျပ် သန်းပေါင်း ၉၅၀၀ ကျော် (၉၅၂၅.၆ ) အကုန်အကျခံ၍ တိုင်းခမ်း ချောင်း အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်၍ လျှပ်စစ်မီး ဖြန့်ဝေပေးထားကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ဧရာဝတီ သို့ ပြောသည်။ တိုင်းခမ်းချောင်း အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းမှာ ၂၀၁၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး၂၀၁၇ ခုနှစ်အတွင်း ပြီးစီးခဲ့၍ ယခု၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ရက် က တိုင်းခမ်းချောင်း အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်မှ စတင်၍ စီမံကိန်း နန်းယွန်းမြို့နယ် အတွင်းရှိ အိမ်ခြေ ၃၈၀ ကျော်ကို ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေ ပေးထားပြီး ဖြစ်ကြောင်း ဝန်ကြီး ဦးသန်းညွန့်ဝင်း က ပြောသည်။ ဦးသန်းညွန့်ဝင်းက”ကျနော်တို့ နိုင်ငံတော် အကြီးအကဲတွေရဲ့ပြောစကားအတိုင်းပဲ နာဂဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ဖို့လိုသလို လျှပ်စစ်မီး ရရှိရေးအတွက်လည်း အရေးကြီးတယ် ဆိုတဲ့ အတွက် ကျနော်တို့ တိုင်းခမ်းချောင်းမှာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို တည်ဆောက်ခဲ့တယ်”ဟုလည်း ပြောပြသည်။ တိုင်းခမ်းချောင်း အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နန်းယွန်းမြို့တောင်ဘက် ၃ မိုင်အကွာရှိ တိုင်းခမ်းချောင်းတွင် တည်ဆောက်ထားပြီး Francis Turbine အမျိုးအစား ၅၀၀ ကီလိုဝပ်၂ လုံးကို တပ်ဆင်ထားကာ ၁၀၀၀ ကီလိုဝပ် ထုတ်လွှင့် ပေးထားကြောင်း နိုင်ငံတော် သမ္မတရုံးက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ထားသည်။ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု မြို့နယ်ကော်မတီ ဥက္ကဋ္ဌ ဦးနော့ထွန်း က“နန်းယွန်းမြို့မှာ မီးရတာက ဒါပထမဆုံးပဲ။ အရင်ကတော့ အစိုးရဌာနတွေကို ပေးတာတော့ ရှိတယ်။ ပြည်သူတွေ မရဘူး။ ဆိုလာတို့ ဖယောင်းတိုင် မီးတို့နဲ့ ကိုယ့် အစီအစဉ်နဲ့ကိုယ် သုံးရတယ်။ အခုက နန်းယွန်းမြို့ပေါ်မှာ မီးရပြီ။ တချို့ ကြိုးမရောက်သေးတဲ့နေရာ တွေတော့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် တို့၌ လျှပ်စစ်မီး ရရှိ နေပြီဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် အတွက်ကိုလည်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။ ထို့အပြင် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အတွင်းမှာလည်း လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်နေကြောင်း သည်ဟု ဆိုသည်။ နာဂ အမျိုးသားရေးရာ ကောင်စီမှ ဦးနောအောင်ဆန်း ကလည်း “ကျနော်တို့ နာဂဒေသ ဖွံ့ဖြိုးရေး အတွက် အစိုးရ ဘက် က လုပ်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ အဓိကတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေတယ်။ အရင်ကထက် စာရင် တော့ အခုက နည်းနည်း ကောင်းလာတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အကုန်လုံး မကောင်းသေးဘူး။ ပြီးတော့ ဆက်သွယ်ရေးစနစ် အားကောင်းအောင်လည်း လုပ်ပေးစေချင်တယ်”ဟု ပြောသည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုအနက် ဒေသဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အခက်အခဲဆုံး ဒေသလည်း ဖြစ်ကြောင်း သိရသည်။ The post နာဂ ဒေသ နန်းယွန်းမှာ အစိုးရ လျှပ်စစ်မီး ရပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2EJckO2
via IFTTT

No comments:

Post a Comment