လူပျောက်တိုင်ကြားခံ ကျောင်းသူများ သုံးရက်မြောက်နေ့တွင် ပြန်တွေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက (၂) ကျောင်းမှ နဝမတန်းကျောင်းသူလေးဦးနှင့် ကျောင်းလိုက်ပို့သည့် အမျိုးသမီးငယ်တဦးတို့သည် ပျောက်ဆုံးခဲ့ရာ သုံးရက်မြောက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း မော်လမြိုင်မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးက ပြောသည်။ ယင်းကျောင်းသူများသည် ဇန်နဝါရီ ၁၅ ရက်က ကျောင်းသွားရာမှ နေအိမ်သို့ ပြန်လည်မရောက်ရှိခဲ့သဖြင့် မိဘအုပ်ထိန်းသူများက ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့ကြသည်။ ပျောက်ဆုံးခဲ့သည့် နဝမတန်းကျောင်းသူများမှာ မအိမွန်ချမ်း၊ မပန်းသဇင်ဖြိုး၊ မဝင်းသီတာ၊ မဝင်းမာလာတို့ ဖြစ်ပြီး ပန်းသဇင်ဖြိုး၏ အမဖြစ်သူ ပန်းအိသဇင်လည်း အတူပျောက်ဆုံးခဲ့ကာ ၎င်းတို့သည် လှိုင်ရပ်ကွက်၊ ရွှေပြည်စိုး (၃) လမ်းတွင် နေထိုင်ကြသူများဖြစ်ကြောင်း ရွှေပြည်စိုးရပ်ကွက် ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၁၇ ရက်နေ့က မော်လမြိုင်သို့လာနေသည့် မြတ်ရတနာမင်း ဘားအံ-မော်လမြိုင် မှန်လုံယာဉ်ဖြင့် လူ ပျောက်တိုင်ထားသော ကျောင်းသူများ လိုက်ပါလာသည်ကို ရဲတပ်ဖွဲ့သတင်းရရှိသဖြင့် ကျိုက်မရောမြို့နယ်၊ ဇာသပြင်တံတားထိပ်တွင် ရဲတပ်ဖွဲ့က သွားရောက်ခေါ်ဆောင်၍ မိဘများထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။ အထက (၂) ကျောင်းစုံညီပွဲသွားခဲ့သဖြင့် ခရီးသွားနေသည့် ဖခင်ဖြစ်သူပြန်လာပါက ရိုက်မည်ကို စိုးရိမ်ခဲ့ပြီး မပန်းသဇင်ဖြိုးနှင့် အမဖြစ်သူ ပန်းအိသဇင်တို့မှာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း မပန်းအိသဇင်ဖြိုး၏ အဖွားဖြစ်သူ ဒေါ်သန်းစောက ပြောသည်။ မပန်းသဇင်ဖြိုးနှင့် မအိသဇင်တို့ နေအိမ်မှ ထွက်သွားပါက သူငယ်ချင်းများက ၎င်းတို့ကြောင့်ဟု ထင်မြင် မည်ကို စိုးရိမ်သဖြင့် ရန်ကုန်မြို့တွင် အလုပ်လုပ်ရန် အတူတကွထွက်သွားကြခြင်းဖြစ်ကြောင်း ယင်းကျောင်း သူများက ဆိုသည်။ ၎င်းတို့ငါးဦးသည် ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီ၌ သီရိရတနာ ခရီးသည်တင်မှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြရာ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် အမျိုးသမီးတဦးနှင့် ရင်းနှီးသွားခဲ့သည်။ ယင်းအမျိုးသမီးက ၎င်းနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်သို့ ခေါ်သွားခဲ့ကာ အလုပ်ရှာပေးမည်ဟု ပြော ဆိုခြင်းကြောင့် ၎င်းနေအိမ်တွင် တညအိပ်တည်းခိုခဲ့ကြောင်း သိရသည်။ ထို့နောက် ရန်ကုန်တွင် ၎င်းတို့တည်းခိုခဲ့ရာ ပတ်ဝန်းကျင်ရှိ ဒေသခံတချို့က ရန်ကုန်တွင် လူလိမ်များနှင့် တွေ့ ဆုံခဲ့ပါက ဒုက္ခရောက်မည်ဟု ပြောဆိုခြင်းကြောင့် ဘားအံဘက်သို့ ပြန်လည်ထွက်လာခြင်းဖြစ်ကြောင်း ယင်း ကျောင်းသူများထံမှ သိရသည်။ ထိုကြောင့် ဇန်နဝါရီလ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဖားစည် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် ဘားအံသို့ ရောက်ရှိလာပြီး ဘားအံမြို့ရှိ ပရင့်စက်(စ်) တည်းခိုးခန်းတွင် တညတည်းခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီတွင် မြတ်ရတနာမင်း မော်တော်ယာဉ်လိုင်းဖြင့် မော်လမြိုင်သို့ ပြန်လာခဲ့စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၈ နာရီက မအိမွန်ချမ်းသည် ကျောင်းသွားရာမှ နေအိမ်သို့ ပြန်မရောက်ရှိခဲ့သလို၊ မဝင်းသီတာနှင့် မဝင်းမာလာတို့ အမွှာညီအစ်မတို့ နှဦးသည်လည်း ကျောင်းသွားရာမှ နေအိမ်သို့ ပြန်လည် မရောက်ရှိလာသည့်အပြင် မပန်းအိသဇင်းဖြိုးအား ကျောင်းလိုက်ပို့ပေးသည့် အမဖြစ်သူ မပန်းအိသဇင်တို့မှာလည်း နေအိမ်သို့ ပြန်လည်မရောက်ရှိလာသဖြင့် ၎င်းတို့၏ မိဘများက ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းတွင် လူပျောက်တိုက်ကြားခဲ့ကြခြင်းဖြစ်သည်။ The post လူပျောက်တိုင်ကြားခံ ကျောင်းသူများ သုံးရက်မြောက်နေ့တွင် ပြန်တွေ့ appeared first on ဧရာဝတီ.
Source : http://ift.tt/2redkI7
via IFTTT
No comments:
Post a Comment