အဘိုး ဦးသန့်ကို မြေး ဒေါက်တာသန့်မြင့်ဦးရဲ့ အမှတ်တရ သက်ရှိထင်ရှားရှိဦးမည် ဆိုလျှင် ဦးသန့်သည် ယနေ့တွင် အသက် ၁၀၉ နှစ် ပြည့်ပြီဖြစ်သည်။ စစ်အစိုးရ၏ ဖိနှိပ်မှု နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကြောင့် မြန်မာကို ကမ္ဘာက မသိခင် ကာလအတန်ကြာကပင် ဦးသန့်သည် ကုလသမဂ္ဂ၏ အမြင့်ဆုံး ရာထူးဖြစ်သည့် အထွေထွေအတွင်းရေးမှုးချုပ် ဖြစ်လာခြင်းဖြင့် မြန်မာကို ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့သည်။ ထိုကာလသည် စစ်အေးတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးအချိန်များလည်း ဖြစ်သည်။ ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှုးချုပ်ဖြစ်လာသည့် ဦးသန့်သည် ဥရောပတိုက်သား မဟုတ်သူများထဲမှ ပထမဆုံး အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်လာသူလည်းဖြစ်သည်။ သူ့ရာထူးသက်တမ်း ၁၀ နှစ် နှင့် တစ်လ အတွင်း အရှေ့ နှင့် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်၊ သဘောထားများသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာသည်ဟု ထင်မြင်ပါက ဦးသန့် သည် မည်သူ့မဆို ဝေဖန်ခဲ့သည်။ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့ အဏုမြူစစ်ပွဲဖြစ်ပွားရန် ဦးတည်နေသည့် ကျူးဘားဒုံးပျံ အရေးအခင်းကိုလည်း လက်မတင်လေးမှာပင် ထိန်းသိမ်းနိုင်ခဲ့သည်။ ကွန်ဂိုပြည်တွင်းစစ် အဆုံးသတ်ရေး အပါအဝင် တခြားငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်နိုင်ခဲ့သည်။ ဦးသန့်သည် ကင်ဆာရောဂါဖြင့် အသက် ၆၅ နှစ်အရွယ်၊ ၁၉၇၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။ မြန်မာပြည်သူလူထု၏ အမြင်တွင် ဦးသန့်ကို ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာ မြှင့်တင်ပေးသူ အဖြစ် ရှုမြင်တန်ဖိုးထားကြသည်။ သို့သော် အာဏာရှင်ဟောင်း ဦးနေဝင်းသည် ဦးသန့်၏ ပြည်တွင်း၊ပြည်ပ ဂုဏ်သတင်း ကျော်ကြားမှုကို မနာလို မရှုစိမ့် ဖြစ်နေခဲ့သည်။ ထိုကြောင့် ဦးသန့် ကွယ်လွန်သောအခါ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပခွင့် မရခဲ့ပေ။ ဦးသန့် အကြောင်း ကျောင်းသင်ခန်းစာများတွင် သင်ကြားခွင့် မရခဲ့ပေ။ သို့သော် ဦးသန့် ၏ မြေးဖြစ်သူ စာရေးဆရာ၊ သမိုင်းပညာရှင်၊ ရန်ကုန်မြို့ပြအမွေနှစ်ထိန်းသိမ်းရေး အဖွဲ့ ဒေါက်တာ သန့်မြင့်ဦး က လွန်ခဲ့သည့် လေးနှစ်မှ စတင်ကာ ဦးသန့်နေထိုင်ခဲ့သည့် အိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်ပြီး သူ့ အဖိုးအကြောင်းကို အများပြည်သူသိအောင် လုုပ်ဆောင်ခဲ့သည်။ ကုလသမဂ္ဂ ရုံးတွင် အဘိုးဦးသန့်နှင့်အတူ မြေး သန့်မြင့်ဦး ယခု ဇန်နဝါရီလ ၂၂ ရက်တွင် ကျရောက်သည့် ၎င်း၏ အဘိုးဖြစ်သူ ၁၀၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါက်တာသန့်မြင့်ဦး က ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာတွင်ရော ကမ္ဘာမှာပါ အဘိုးဖြစ်သူ၏ ကြိုးပမ်းဆောင်ရွက်ချက် များ၊ ဦးသန့်ကို ကုလသမဂ္ဂ၏ အောင်မြင်သည့် ခေါင်းဆောင် တဦး ဖြစ်စေသည့် အကြောင်းများ အပါအဝင် အခြား မှတ်သားဖွယ် အကြောင်းအရာများ ပြောကြားခဲ့သည်။ မေး။ ။ ဦးသန့် ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အမှတ်တရ အရှိဆုံးက ဘာတွေ ဖြစ်မလဲ။ ဖြေ ။ ။ သူဆုံး တော့ က ကျနော်က အသက် ၈ နှစ်ပဲ ရှိသေးတယ်။ ကျနော်သူ့ကို ကောင်းကောင်း မှတ်မိတာက မန်ဟတ်တန် Manhattan အပြင်ဖက်က အိမ်မှာ ကျနော့် မိဘတွေ၊ အဖိုးအဖွားတွေနဲ့ ကျနော့် ညီမလေးတွေနဲ့ တအိမ်တည်း တူတူနေခဲ့ကြတာကိုပါ။ အိမ်က ရေကူးကန်မှာ ကျနော်တို့ ရေတူတူ ကူးခဲ့ကြတာကို မှတ်မိတယ်။ သူ့ရဲ့ စာကြည့်ခန်းထဲမှာ သူစာဖတ်နေတာ၊ စာရေးနေတာ၊ သူ့ အိပ်ခန်းထဲက TV နဲ့ ကာတွန်းကားတွေကြည့်ကြတာ၊ သူ့နောက်မှာ မဟတ္တမ ဂန္ဒီ Mahatma Gandhi ရဲ့ ပုံတူတခု ရှိတာ မှတ်မိတယ်။ ကုလသမဂ္ဂမှာ ရှိတဲ့ သူ့ရုံးခန်းကို တခေါက်ပဲ ရောက်ဖူးတာ ကျနော်မှတ်မိတယ်။ အဲဒါက ၁၉၆၉ ခုနှစ် ပါ။ နေးလ် အမ်းစထရောင်း Neil Armstrong အပါအဝင် အပိုလို ၁၁ Apollo 11 က အာကာသ ယာဉ်မှူးတွေ သူ့ကို လာတွေ့ကြတယ်။ ကျနော်က အရမ်းငယ် သေးတော့ သူတို့ ဘယ်သူတွေလဲဆိုတာတောင် ကျနော် မသိဘူး။ မေး ။ ။ ဦးသန့် က အခြေခံအားဖြင့်တော့ ကျောင်းဆရာတယောက် နောက်တော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ အတွင်းဝန် ဖြစ်လာသူပဲ။ ဘာကြောင့် သူက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးက တညီတညွတ်တည်း ရွေးချယ်ခဲ့တဲ့ ကုလသမဂ္ဂ ထိပ်တန်း ခေါင်းဆောင် ဖြစ်လာတာလဲ။ ဖြေ ။ ။ သူက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် အနေနဲ့ နယူးယောက်ကို ၁၉၅၇ ခုနှစ် သြဂုတ်လမှာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဒက်ဂ်ဟန်းမားရှိုး Dag Hammarskjold က နောက် ၄ နှစ် ကြာတဲ့ အချိန်မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူက နယူးယောက်မှာ တက်ကြွပြီး စွမ်းဆောင်ရည်ရှိတဲ့ သံတမန်တွေထဲက တဦး ဖြစ်လာတယ်။ ဥပမာ ဘက်မလိုက်လှုပ်ရှားမှုရဲ့ အယ်ဂျီးရီးယား ဆိုင်ရာ ကော်မတီမှာ ဥက္ကဌ လုပ်ခဲ့တာမျိုး။ ကိုလိုနီစနစ် ဖျက်သိမ်းရေး ကိစ္စ အားလုံးမှာ သူက အလွန်တက်ကြွခဲ့ပါတယ်။ နောက်လာမယ့် အတွင်းရေးမှူးချုပ်က တတိယ ကမ္ဘာက လာတဲ့သူ ဖြစ်သင့်တယ်လို့ ယုံကြည်တဲ့ ဒက်ဂ်ဟန်းမားရှိုးက (ဦးသန့် ကို) သူ့နေရာ ဆက်ခံဖို့ အလားအလာရှိသူ ၂ ဦးထဲက တဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ တတိယ ကမ္ဘာ (Third World ) နှင့် ဖွံ့ဖြိုးဆဲကမ္ဘာ (Developing World) ဆိုသည့် စကားလုံးတွေက ဦးသန့် နှင့် ဒက်ဂ်ဟန်းမားရှိုးတို့ သုံးခဲ့ကြတာ။ အဲဒီအချိန်တုန်းက စစ်အေးတိုက်ပွဲမှာ မြန်မာနိုင်ငံက ကြားနေ နိုင်ငံတခု ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှာတော့ သူက အမေရိကန် နိုင်ငံကရော ဆိုဗီယက်ယူနီယံ ကပါ ထောက်ခံတဲ့ တဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လာပြီး အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်လာတာပဲ။ မေး ။ ။ ခင်ဗျားရဲ့ အဘိုးက တခြား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေနဲ့ ဘယ်လိုကွဲပြားမှုတွေ ရှိတယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ သူက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရာထူးကို အနောက်တိုင်းသား မဟုတ်သူ တွေထဲက ပထမဆုံးရရှိခဲ့သူ ဖြစ်ပါတယ်။ သူက ကိုလိုနီ စနစ်ကနေ လတ်တလော လွတ်မြောက်ကလာတဲ့ တိုင်းပြည်တခုကနေ လာပြီးတော့ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆွေးနွေးမှုတွေကို ပထမဆုံး ဦးဆောင်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဒက်ဂ်ဟန်းမားရှိုး လုပ်ခဲ့တဲ့ နောက်ပိုင်းမှာ အကျိုးရှိလာမယ့် အလုပ်တွေက်ု သူဆက်လုပ်ခဲ့ပါတယ်။ သူက ဒက်ဂ်ဟန်းမားရှိုးရဲ့ အရေးပါတဲ့ လက်ထောက်တယောက်လည်း ဖြစ်တဲ့ အာဖရိကန်နွယ်ဖွား အမေရိကန် အရပ်ဘက်အခွင့်အရေး ခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ရယ်လ်ဖ်ဘန့်ချ် Ralph Bunche ကို အလွန်အားကိုးခဲ့ပါတယ်။ ဒါပေမယ့် ကွဲပြားတာက အဲဒီတုန်းက သူတို့ရဲ့ တိုင်းပြည်တွေကို အတူတကွ ထိန်းသိမ်းနိုင် အောင် ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ အာရှနဲ့ အာဖရိကက အလွန် သက်တမ်းနုသေးတဲ့ အစိုးရတွေရဲ့ အမြင်ကို ကုလ ကို ယူလာခဲ့ပါတယ်။ သူက ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အလွန်အရေးပါတဲ့ နေရာမှာ ထားခဲ့ပါတယ်။ UNDP နဲ့ တခြားရံပုံငွေ အများအပြားနဲ့ အစီအစဉ်တွေကို ထူထောင်ခဲ့ပါတယ်။ လူ့အခွင့်အရေးကို အလွန်အရေးပေးခဲ့ပါတယ်။ “တဦးတယောက်ချင်းရဲ့ လူသား ဂုဏ်သိက္ခာ” ထက် အရေးကြီးတဲ့အရာ မရှိဘူးလို့ ပြောပါတယ်။ မေး ။ ။ ကျူးဘား ဒုံးပျံ ပြဿနာကို ဖြေရှင်းခဲ့တာနဲ့ ကွန်ဂိုက ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့တာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ဦးသန့်ရဲ့ မှတ်တမ်းတင် အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို သူက ဘာကြောင့် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ သူရဲ့ သတ္တိနဲ့ ရိုးသားဖြောင့်မတ်မှုက အလွန်အရေးကြီးပါတယ်။ သူမှန်တယ်လို့ ထင်တာကို သူလုပ်ခဲ့တာပါ။ သူ့ရဲ့ လုပ် ဆောင်မှုတွေ အတွက်လည်း တာဝန်ယူခဲ့တယ်။ ဘယ်တော့မှ တခြားသူတွေကို အပြစ်မတင်ဘူး။ သူ့ကို ယုံကြည်နိုင်တယ် ဆိုတာကို လူတွေက သိကြတယ်။ သူက ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေ ကိုယ်စားလုပ်နေတယ်၊ တခြားအတွက် မဟုတ်ဘူးလို့ ယုံကြတယ်။ အကြောင်းကိစ္စ အများအပြားမှာ သူ့ထက်ပိုပြီး အတွေ့အကြုံ ရှိတဲ့သူတွေ၊ သိနားလည်တဲ့သူတွေဆီကနေ အကြံဉာဏ်ယူရမယ်ဆိုတာ သူသိခဲ့တယ်။ သူက အလေးဂရုပြုပြီးတော့ နားထောင်ပေးတတ်တဲ့သူပါ။ Ralph Bunche လို မျိုး ကျွမ်းကျင်တဲ့ လက်ထောက်တွေကိုလည်း လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးခဲ့ပါတယ်။ သူက ကိုယ့်ကိုယ်ကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ စိတ်ကြည်ကြည်လင်လင်နဲ့ ညနေဆိုရင် အိမ်ပြန်ပြီး ရေကူး၊ TV ကြည့်၊ မိသားစုနဲ့ အတူ ညစာစားနိုင်တဲ့ သူတယောက်လို့ ကျနော် ထင်ပါတယ်။ မေး။ ။ ဦးသန့်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ကြားက ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဘယ်လောက်သိထားပါသလဲ။ သူတို့ ဆက်ဆံရေး ဘာကြောင့် ဆိုးရွားသွားခဲ့တာလဲ။ ဖြေ ။ ။ ၁၉၅၀ နှစ်တွေ အတွင်းမှာ သူတို့ တယောက်နဲ့ တယောက် ကောင်းကောင်းသိခဲ့ကြပါတယ်။ ဒါပေမယ့် နီးကပ်မှုတော့ မရှိခဲ့ ကြပါဘူး။ ၁၉၆၅ ခုနှစ်မှာ သမ္မတ ဂျွန်ဆင်နဲ့ ဝါရှင်တန်မှာ တွေ့ဖို့လာတဲ့ ခရီးမှာ ဗိုလ်ချုပ်ကြီးနေဝင်း က ကုလသမဂ္ဂကို လာခဲ့ပါ သေးတယ်။ ၁၉၆၀ နှစ်တွေ နှောင်းပိုင်းမှာ ဦးနုက တော်လှန်ရေး ကောင်စီကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ပြည်ပမှာ အစိုးရ ထောင်ခဲ့ပြီးတဲ့ နောက်မှာ ဆက်ဆံရေး ဆိုးရွားသွားတယ်လို့ ကျနော်ထင်ပါတယ်။ ဦးသန့်က ဦးနုနဲ့ ပူးပေါင်းနေတယ် လို့ ဗိုလ်ချုပ်ကြီး နေဝင်းက သံသယ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်လို့ မရနိုင်အောင် ကန့်သတ်ထားပါတယ်။ ဒါပေမယ့် ၁၉၆၈မှာ ဦးနု နယူးယောက်ကို ရောက်လာ တော့ သူက ဦးနုနဲ့ တွေ့ခဲ့တယ်။ မီဒီယာတွေနဲ့ စကားပြောခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အဲဒါကို မကျေမနပ် ဖြစ်မှာ သေချာပါတယ်။ မေး။ ။ ဒီနေ့ခေတ် ကမ္ဘာနဲ့ မြန်မာအတွက် သူ့ထားခဲ့တာတွေက ဘာတွေ ဖြစ်မလဲ။ ဖြေ။ . ။ ကျူးဘား ဒုံးပျံ ပြဿနာ အတွင်းမှာ သူ့ရဲ့ အခန်းကဏ္ဍက မရှိမဖြစ် အလွန်အရေးပါခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နျူကလီးယား စစ်ပွဲဖြစ်လုဆဲဆဲ အခြေအနေကနေ ရုန်းထွက်နိုင်အောင် ကူညီခဲ့တယ်။ အောင်မြင်တဲ့ တခြား စေ့စပ်ညှိနှိုင်းရေး အားထုတ်မှုတွေ အများကြီး ရှိပါတယ်။ တချို့ဆို အလွန်အောင်မြင်ခဲ့ပါတယ်။ ဥပမာပြရရင် ၁၉၆၂ ခုနှစ်က ယီမင်နဲ့ ၁၉၆၈ က ဘာရိန်းတို့ပါ။ အခုဆို လူတွေက အဲဒါတွေကို သိပ်မမှတ်မိကြတော့ပါဘူး။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမှာ ဖွံ့ဖြိုးတိုးတက်ရေးက အဓိက အာရုံစိုက်ရမယ့် အရာဖြစ်အောင် သူလုပ်ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ပြဿနာတွေကိုလည်း ရှေ့တန်းရောက်အောင် ပို့ဆောင်ခဲ့ပါတယ်။ အဲဒီပြသနာတွေက ကမ္ဘာကို ဖျက်ဆီးနေခြင်း ဖြစ်တယ်လို့ အဲဒီတုန်းက သူမြင်တာကို တောင် ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သူက အဲဒီအချိန်ကတည်းက ပျောက်ကွယ်သလောက် နီးပါး ဖြစ်နေတဲ့ လစ်ဘရယ် အစဉ်အလာကို ကိုယ်စားပြုခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အနေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စင်မြင့်မှာ အမှန်တကယ် ပါဝင်နိုင်တဲ့ နိုင်ငံတခု ဆိုတာကို သူက ပြသခဲ့ပါတယ်။ မေး။ ။ တကယ်လို့ ခုချိန်မှာ သူ အသက်ထင်ရှား ရှိဦးမယ်ဆိုရင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ သူဘယ်လိုပါဝင် မယ်လို့ ထင်ပါသလဲ။ ဖြေ။ ။ သူက အလွန်ကို အိုမင်းနေလောက်ပါပြီ။ ဒါကြောင့် သူက အနားယူပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေလိမ့်မယ် လို့ ကျနော် မျှော်လင့်ပါတယ်။ တကယ်လို့ သူက အသက်ထင်ရှား ရှိဦးမယ်၊ အသက်လည်း ငယ်ဦးမယ် ဆိုရင်တော့ သူက တိုင်းရင်းသား ကိစ္စတွေ၊ အဖွဲ့အစည်း ကိစ္စတွေ နိုင်ငံရေးတွေထက် “တဦးတယောက်ချင်းရဲ့ လူသား ဂုဏ်သိက္ခာ” ကို ပထမဆုံး၊ အရင်ဆုံး ပြောမယ်လို့ ကျနော်ထင်ပါတယ်။ ပညာရေးအတွက် အားစိုက်ခွန်စိုက် လှုပ်ရှားသူ တယောက်လည်း ဖြစ်လာပါလိမ့်မယ်။ ဒီမိုကရေစီ အစိုးရတခုရဲ့ အောင်မြင်မှုမှန်သမျှက တကယ်လို့ လုံးလုံးလျာလျား မဟုတ်ရင်တောင်မှ ပညာရေးအောင်မြင်မှု အပေါ်မှာ အများဆုံးမူတည်တယ်လို့ သူက မြင်မှာ သေချာပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် ပဋိပက္ခတွေ ဆက်ဖြစ်နေတာကို တွေ့ရင်၊ အိမ်နီးချင်း တိုင်းပြည်တွေက အလွန်အောင်မြင်နေပြီး သူ့ နိုင်ငံက အများကြီးဆင်းရဲ နွမ်းပါးနေဆဲပဲ ဆိုတာကို မြင်ရရင် သူ အရမ်းကို စိတ်ထိခိုက်ကြေကွဲမှာ သံသယ ရှိစရာမလိုပါဘူး။ လွတ်လပ်ပြီး အင်အားကောင်းတဲ့ မီဒီယာရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့လည်း သူသေချာပေါက်ကို ပြောပါလိမ့်မယ်။ မေး။ ။ နိုင်ငံတကာ အဆင့်မှာ မြန်မာနိုင်ငံ လက်ရှိတွေ့နေရတဲ့ အခြေအနေတွေ အရ တကယ်လို့ သူသာ ကုလသမဂ္ဂမှာ ရှိနေခဲ့ရင် သူဘယ်လို့ တုန့်ပြန်မယ် ထင်ပါသလဲ။ ဖြေ။ ။ ကျနော်သိပ်မသေချာဘူး။ တဘက်မှာ သူက သူ့ကိုယ်သူ ကမ္ဘာ့နိုင်ငံသား တဦးလို့ မြင်တတ်တဲ့သူ။ လူတွေကို အမျိုးသားရေး ဝါဒကို ကျော်ပြီး ကြည့်စေချင်တဲ့သူ။ ကမ္ဘာ့ပြဿနာတွေကို အဖြေရှာရာမှာ ကမ္ဘာနဲ့ချီပြီး ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးပုံကို ပိုပြီး နားလည်စေချင်တဲ့သူ။ တဘက်မှာတော့ ကိုလိုနီ ခေတ်ကို ဖြတ်သန်းနေထိုင်ခဲ့ရသူ တယောက် အနေနဲ့၊ လွတ်လပ်ရေးရပြီး ခေတ် အစိုးရဝန်ထမ်းလုပ်ခဲ့သူ တယောက် အနေနဲ့ သူက ကြားဝင်စွက်ဖက်ရေးသမား တယောက် ဖြစ်လာမယ်လို့ ကျနော် မထင်ဘူး။ အနည်းဆုံးတော့ ကြားဝင်စွက်ဖက်မှု အပြင်ဖက်က ကန့်သတ်ချက်တွေကို သူမြင်လိမ့်မယ်။ သူက ကုလသမဂ္ဂကို ဘယ်လို အသုံးချနိုင်မလဲဆိုတာကိုပဲ ပိုပြီး စဉ်းစားမယ် ထင်ပါတယ်။ The post အဘိုး ဦးသန့်ကို မြေး ဒေါက်တာသန့်မြင့်ဦးရဲ့ အမှတ်တရ appeared first on ဧရာဝတီ.
Source : http://ift.tt/2rpQVYs
via IFTTT
No comments:
Post a Comment