Monday, January 22, 2018


ကချင် အရပ်သား သတ်ဖြတ်မှု တပ်မတော်သား ၆ ဦး ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချ ကချင်စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသား ၃ ဦးကို သတ်ဖြတ်သည့် အမှုဖြင့် တပ်မတော်သား ၆ ဦးကို တပ်မတော်မှ ရာသက်ပန် ထုတ်လိုက်ပြီး ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ မိုင်းခေါင်စစ်ဘေးရှောင်စခန်းမှ အမျိုးသား ၃ ဦးကို သတ်ဖြတ်မှုဖြင့် ဇန်နဝါရီလ ၁၉ ရက်က ခမရ- ၃၁၉ ဝန်းအတွင်းရှိ စစ်တရားရုံး၌ တပ်မတော်သား ၆ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ အသတ်ခံရသူ ၃ ဦးမှာ ဦးမရန်ဘရန်ဆိုင်း၊ ဦးအင်ခွန်ဂမ်အောင်နှင့် ဦးလဗျနော်ခွန်တို့ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံလိုက်ရ သည့့် တပ်မတော်သား ၆ ဦးမှာ ခမရ-၃၁၉ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၃ ဦး ၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ဦးတို့ ဖြစ် သည်။ ခမရ -၃၁၉ စစ်တရားရုံးမှ အသတ်ခံရသူတို့၏ မိသားစုဝင်များ၊ မိုင်းခေါင်ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စစ်ဘေး ရှောင်များကို ကူညီနေသည့် ကချင်အရပ်ဘက်အဖွဲ့စည်းများကို လာရောက် ကြားနာစေပြီး ၎င်းတို့ ရှေ့မှောက်တွင် အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။ တပ်မတော်သား ၆ ဦးအနက် ဗိုလ်ကြီး ၃ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သားတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) နှင့် ညီမျှသည့် တပ်မတော်အက်ဥပဒေ ၇၁ ၊ လူသတ်မှုကို ပူးပေါင်း အားပေးကူညီမှု၊ အမိန့်ပေးစေခိုင်းမှု ဆိုင်ရာ တပ်မတော်အက်ကဥပဒေ ၆၈ ၊ ၆၉ ၊ ၇၀ တို့ဖြင့် စွဲချက် တင်ကာ တပ်ရင်းမှူးကို တပ်မတော်အက်ဥပဒေ ၆၈ နှင့် မမှန်မကန် ပြောဆိုလိမ်လည် တင်ပြမှုအတွက် တပ်မတော် အက် ဥပဒေ ၅၆ (က) တို့ဖြင့် စွဲချက်တင်ပြီး ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ပြစ်ဒဏ်ပေးလိုက်သည့် တပ်မတော်သား ၆ ဦးကို မည်သည့် အကျဉ်းထောင်သို့ ပို့ဆောင်မည်ကို တပ်မတော် ဘက်မှ ပြောဆိုခြင်းမရှိသဖြင့် မိသားစုဝင်များနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများက သိလိုသည်ဟု ပြောဆို ကြသည်။ အသတ်ခံရသည့် ဦးမရန်ဘရန်ဆိုင်း၏ မိခင် ဒေါ်လဖိုင်နန်ဘန်က “ သောကြာနေ့က ညနေ ၃ နာရီခွဲကနေ မိုင်းခေါင်က ကျမတို့ Camp(စစ်ရှောင်စခန်း) တာဝန်ခံတွေနဲ့ ကျမတို့ မိသားစုဝင်တွေ ၅ ယောက် သွားပါတယ်။ ဟိုမှာရောက်တော့ ၄ နာရီ လောက် အကြာကြီး စောင့်နေပြီးမှ မြောက်ပိုင်းတိုင်းမှူးရဲ့ အမိန့်နဲ့ သူတို့ ၆ ယောက်ကို ၁၀ နှစ် အလုပ်ကြမ်းနဲ့ ချလိုက်တယ်တဲ့။ ကျန်တာ ဘာတခုမှ မပြောပါဘူး။ မသိခဲ့ရပါဘူး”ဟု ပြောသည်။ ဒေါ်လဖိုင်နန်ဘန်က တရားမျှတမှုရရှိရန်အတွက် ပြစ်ဒဏ်ကျခံရသည့် တပ်မတော် ၆ ဦးကို မည်သည့် ထောင်ကို ပို့သည်ကို သိလိုပြီး သေဆုံးသွားသည့် သားဖြစ်သူမှာ မိသားစုဝင်များကို ရှာဖွေ ကျွေးမွေးနေသူ ဖြစ်သဖြင့် အစိုးရဘက်မှ မိသားစုဝင်များကို နစ်နာကြေးလည်း ပေးသင့်သည်ဟု ပြောသည်။ ဧရာဝတီမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးဌာနကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တဦးက “ ကျနော်တို့ အကြမ်းဖျင်းသိတာကတော့ သူတို့က ထောင်ကျမှာ။ ကျနော်တို့ တပ်မတော်စစ်ခုံရုံးကနေ စစ်ဆေးပြီး ထောင်ချမှာ။ တပ်မှူးကတော့ တာဝန်ရှိမှုနဲ့ ထောင်ကျမယ်။ ကျနော်တို့က အသေးစိတ် မသိဘူးခင်ဗျ”ဟု ပြောသည်။ ထိုတာဝန်ရှိသူက အမှုအသေးစိတ်ကို မသိသော်လည်း ဇန်နဝါရီလ ၁၉ ရက်က ပြစ်မှုကျူးလွန်သည့် တပ်မတော်သား ၆ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ကိုလည်း သတင်းစကားများ ကြားကြောင်း ပြောသည်။ ပြစ်ဒဏ်ချခံလိုက်ရသည့် တပ်မတော်အရာရှိများနှင့် တပ်ဖွဲ့ဝင်များကို ထောင်ကို မည်သို့လွဲပြောင်းသည်ကို မေးမြန်းရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူက “ တပ်ရဲ့လုပ်ငန်းစဉ်အရ အမိန့်ချလိုက်ပြီဟေ့ဆိုရင် သူ့ကို သူ့ထက် အဆင့်မြင့်တဲ့ အရာရှိနဲ့ လုံခြုံရေး အပြည့်အဝနဲ့ လမ်းခုလတ်မှာ တခုခုမဖြစ်အောင် လုံလောက်တဲ့ အစောင့်အရှောက်နဲ့ ကျနော်တို့က သူ့ကို စီရင်ချက်ချတဲ့ ဗန်းမော်ထောင်ဆိုရင်လည်း ဗန်းမော်ထောင်၊ မန္တလေးထောင် ဆိုရင်လည်း မန္တလေး ထောင် ၊ မြစ်ကြီးနား ဆိုလည်း မြစ်ကြီးနားထောင်ပေါ့ ။ အဲဒီကို ကျနော်တို့က ပို့ပေးရတယ်” ဟု ပြောသည်။ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေပြီး အရပ်သား စစ်ဘေးရှောင် ၃ ဦး အသတ်ခံရသည့် အမှုတွင် မိသားစု ဝင်များဘက်မှ လိုက်လံကူညီပေးနေသည့် ဦးအောင်မျိုးဆန်းက တပ်မတော်မှအမှု စစ်ဆေးစဉ် တလျှောက်လုံးတွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးခဲ့သော်လည်း အမိန့်ချသည့်အချိန်တွင် မည်သည့် ထောင်ကို ပို့ဆောင်မည်ဆိုသည်ကို မပြောပြသဖြင့် အမှန်တကယ် ထောင်သို့ ရောက်မရောက် ဆိုသည်ကို ကချင် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်ဟု ပြောသည်။ ဦးအောင်မျိုးဆန်းက “ကျနော်တို့ စိုးရိမ်ချက်က ဘယ်ထောင်ကို ဘယ်ချိန်မှာ ပို့လိုက်လို့ ပို့မှန်းမသိတဲ့ သူတွေကို ရာထူး ဖြုတ်ချပါတယ်။ ထောင်ဒဏ် ၁၀နှစ် အလုပ်ကြမ်း ဆိုတာတွေက စိုးရိမ်စရာ ဖြစ်တယ်။ ရိုးရိုးလေး ကလေးအတွေးတွေး လိုက်ရင်တော့ ပြန်လွှတ်ပေးလိုက်ပြီလားတောင် မသိဘူးပေါ့။ ရှေ့တန်းမျက်နှာပြင်လည်း ဖြစ်တယ်ဆိုတော့ ရှေ့တန်းကို ပို့လိုက်လားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိတယ်” ဟု ပြောသည်။ ပြစ်ဒဏ်ချလိုက်သည့် တပ်မတော်သား ၆ ဦး အမှန်တကယ် ထောင်ဒဏ် ကျခံရခြင်း ရှိမရှိကိုလည်း စောင့်ကြည့်နိုင်မည့် ယန္တရားတခုကိုလည်း အကောင်အထည်ဖော်ရန် ကချင်အရပ်ဘက်အဖွဲ့စည်းများဘက်မှ ဆောင်ရွက်နေသည်ဟု ဦးအောင်မျိုးဆန်းက ပြောသည်။ အသတ်ခံလိုက်ရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃ ဦးသည် ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်က သစ်သယ်သည့် နေ့စားခ အလုပ်ကို သွားလုပ်ပြီး ၎င်းတို့၏ စခန်းသို့ ပြန်လာသည့် လမ်းတွင် ခမရ-၃၁၉ ကင်းပုန်းဝပ် စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။ စစ်ရှောင် ၃ ဦးကို ဖမ်းဆီးပြီး တပ်သားဖြိုးကိုအား စောင့်ကြည့်ခိုု်င်းထားရာမှ သေနတ်ပစ်မိပြီး တဦး သေဆုံးသွားကြောင်း၊ သေဆုံးသွားကြောင်းကို ကင်းပုန်းဝပ်စစ်ကြောင်းတွင် ပါလာသည့် ဗိုလ်ကြီးများက တပ်ရင်းမှူးကို အကြောင်းကြားရာ သတ်ပစ်ရန် အမိန့်ပေးပြီး အလောင်းများကိုလည်း သေသပ်စွာ မြှုပ်နှံခဲ့ရန် ပြောဆိုသဖြင့် ၃ ဦးလုံးကို သတ်လိုက်ခြင်း ဖြစ်သည်ဟု တပ်မတော်သားများက စစ်တရားရုံးတွင် ထွက်ဆိုဝန်ခံထားကြသည်။ အရပ်သားများကို သတ်လိုက်သည့်ဖြစ်စဉ်ကိုလည်း တပ်ရင်းမှူးက အထက်ကို ကြေးနန်းတင်ပြရာတွင် အရပ်သားများမှ သေနတ်လုသဖြင့် ပစ်မိသွားခြင်းဖြစ်ကြောင်း လိမ်လည်တင်ပြခဲ့သည်ဟုလည်း စစ်တရားရုံးတွင် ထွက်ဆိုထားကြသည်။ စစ်တရားရုံးထွက်ဆိုချက်များတွင် တပ်မတော်အရာရှိများ ပြောဆိုချက်အရ ဖမ်းမိသည့် သူများမှာ အရပ်သား မှန်ကန်လျှင် ပြန်လည်လွှတ်ပေးရမည်ဖြစ်ပြီး တပ်မတော်မှ အကြမ်းဖက်သောင်းကျန်းသူဟု သတ်မှတ်ထားသည့် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ဝင်များကို မိလျှင်လည်း သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အရေးယူရမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်က မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအတွင်း အရပ်သားစစ်ဘေးရှောင် ၃ ဦး သတ်ခံရခြင်း နှင့် ပတ်သက်၍ တပ်မတော်သားများ ပါဝင်မှု ရှိမရှိ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထုတ်ပြန်ခဲ့သည်။ ပြစ်မှုပြစ်ဒဏ်များ ချမှတ်ပြီးနောက်တွင်မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် ၆ နှစ်တာကာလအတွင်း အရပ်သားများ သတ်ဖြတ်ခံ ရခြင်းနှင့် ပတ်သက်၍ မိသားစုဝင်များ၊ အရပ်ဘက်အဖွဲ့များကိုလာရောက် ကြားနာခွင့်ပေးပြီး တပ်မတော်မှ ပြစ်ဒဏ် ချမှတ်သည်မှာ ယခုအမှုသည် ပထမဆုံးဖြစ်သည်။ The post ကချင် အရပ်သား သတ်ဖြတ်မှု တပ်မတော်သား ၆ ဦး ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2mZx7X8
via IFTTT

No comments:

Post a Comment