မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် မြောက်ဦးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လုံခြုံရေး အခြေ အနေကြောင့် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၂၆ ၊ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက် က ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ ပဋိပက္ခကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြောသည်။ မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေ ဟော ပြောပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်များက ပွဲစဉ်ကို ပိတ်ပင်တားဆီးခဲ့ရာမှ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဒေါ်ခင်သန်းက “အဲဒီရက် မြောက်ဦးမှာလုပ်ဖို့ အစည်းအဝေးဖိတ်စာ ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုက လုံခြုံ ရေး အခြေအနေအရ လာဖို့ ခက်ခဲသွားပါတယ်။ ရန်ကုန်ကို ပြောင်းရွှေ့လုပ်မယ်ဆိုပြီး ရန်ကုန်လာခဲ့ရမယ်လို့တော့ ပြောတယ်။ ဒါကလည်း Personally ပြောကြတဲ့စကားပါ။ တရားဝင် အစည်းအဝေးဖိတ်စာ မရသေးတဲ့အတွက် ဒါသည် အတည်မဖြစ် သေးပါဘူး” ဟု ရှင်းပြသည်။ ဆက်လက်၍ ၎င်းက ယင်းအစည်းအဝေးသို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီသံ အမတ်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများမှ ပညာရှင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ဝင်များ တက်ရောက်ကာ လုပ်ငန်းစဉ်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဟု ဆိုသည်။ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ရန် အချိန်ကာလအားဖြင့် ၁ နှစ်ရရှိခဲ့ပြီး ၂၀၁၈ စက်တင်ဘာလတွင် UNESCO သို့ မူကြမ်း တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။ တိုတောင်းသည့် အချိန်ကာလအတွင်း တာဝန်ခွဲဝေယူထားသည့် အဖွဲ့ ၁၄ ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီး ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရသည့်အချိန်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ အဓိကရုဏ်း ဖြစ်စဉ်ကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တင်သွင်းမည့် အစီအစဉ် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေလို ကြောင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း စိုးရိမ်မိကြောင်း ဒေါ်ခင်သန်းက ပြော သည်။ “မြောက်ဦး ပုံရိပ်(Image) တော်တော်ကြီးကို ပျက်သွားတယ်လို့ ကျမအနေနဲ့ ခံစားရပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်ဝင်ဖို့ အတွက် မြောက်ဦး Image တွေ ကောင်းအောင် ကျမတို့ ကြိုးစားနေတယ်။ မြောက်ဦးကို ကမ္ဘာက သိအောင် နည်းပေါင်းစုံ နဲ့ ကြိုးစားနေချိန်မှာ မြောက်ဦးကို အားလုံးက အာရုံစိုက်နေတဲ့အချိန်မှာ ဒီလိုအရေး အခင်း မျိုး ဖြစ်သွားတာ အရမ်းထိခိုက်တယ်။ နောက်ထပ်ဖြစ်လာမယ့် အကျိုးဆက်တွေဟာလည်း မကောင်းတဲ့ဟာတွေ မဖြစ်ပါစေနဲ့လို့ ပဲ အကြိမ်ကြိမ် ဆုတောင်းမိပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပါက ရခိုင်ပြည်နယ်၏ အကြီးမားဆုံးသော လူမျိုးရေး ပဋိပက္ခများကို အတိုင်းအတာ တခုအထိ ဖြေရှင်းပြီးသွားမည်ဟု ယုံကြည်ကြောင်း၊ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသ ကမ္ဘာ့ အမွေ အနှစ် စာရင်းတင်သွင်းရေးအတွက် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောဆိုသူများလည်း ရှိသည်။ မြောက်ဦးမြို့တွင် ရှိသည့် ရှေးဟောင်းလက်ရာများကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း သွင်းနိုင်ရေး အတွက် UNESCO တာဝန်ရှိသူများက ၂၀၁၇ ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက မြောက်ဦးမြို့ကို စတင်ပြီး လာ ရောက်လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် UNESCO သို့ နှစ်စဉ် စက်တင်ဘာ ၃၀ ရက်တွင် မူကြမ်းတင်ရခြင်း ဖြစ်သည်။ ဒီဇင်ဘာလတွင် မူကြမ်းပြည့်စုံခြင်း ရှိမရှိကို သက်ဆိုင်ရာ နိုင်ငံများသို့ အကြောင်းပြန်ကြားရခြင်း ဖြစ်ပြီး မပြည့်စုံပါက လိုအပ်သည်များကို ဖြည့်စွက် ပြီးနောက် နှစ်စဉ် ဇန်နဝါရီ နောက်ဆုံးထားကာ တင်သွင်းရကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ၂၀၁၉ ဇန်နဝါရီ ၃၁ ကို ဦး တည်ချက်ထားပြီး ၂၀၂၀ တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ် ပြု ခံရရန် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ The post မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2mRG0C8
via IFTTT
No comments:
Post a Comment