Wednesday, January 24, 2018


ဒုက္ခသည်များ မြန်မာနိုင်ငံ မပြန်စေရန် ခြိမ်းခြောက်နေသည့် အုပ်စုများရှိဟုဆို ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သွားသော ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်မဝင်စေရန် ခြိမ်းခြောက်နေသည့် အုပ်စုများရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် က ပြောသည်။ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီထားသော်လည်း ထိုဖြစ်ရပ်မျိုးရှိနေကြောင်း နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးကျော်တင် က “တချို့ကျတေ့ာ ဒီပြဿနာကို ပြေလည်အောင် မလုပ်ဘဲနဲ့ ပိုပြီးတေ့ာခက်ခဲရှုပ်ထွေးလာအောင် ၊ နိုင်ငံတကာလက်ထဲ ရောက်အောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ သူတွေလည်းရှိတယ်။ အဲဒီလိုအုပ်စုလည်းရှိတဲ့ အတွက်ကြောင့် နိုင်ငံတကာ ဖိအားပိုမိုပြီးတေ့ာ အသုံးပြုချင်တဲ့ အခါမျိုးမှာ ဒီပြဿနာကို မပြေလည်အောင်၊ ကြီးမားလာအောင် လုပ်တယ်လို့လည်း သုံးသပ်ပါတယ်” ဟု ပြောသည်။ ဒုက္ခသည်များ ပြန်လည် လက်ခံရန် အတွက် အကောင်အထည်ဖော်မည့် ရက်ကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူ စာချူပ် အရ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အဖြစ် သတ်မှတ်ထားသော်လည်း ဇန်နဝါရီ ၂၄ ရက်အထိ ပြန်လည် ဝင်ရောက်လာသူ မရှိခြင်းသေးဟုဆိုသည်။ ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များစာရင်းပေးပို့လာခြင်း မရှိခြင်းမှာလည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ လျှောက်လွှာပုံစံများ ဖြည့်စွက်ရမည့် လုပ်ငန်းစဉ် လိုအပ်ချက်များရှိနေသည့် အပြင်၊ မပြန်ရန်တိုက်တွန်းနေသည့် အုပ်စုများ ရှိနေကြောင်း၊ ယင်းပြဿနာ ပြေလည်သွားမည်ကို စိုးရိမ်နေသည့် အုပ်စုများ ရှိနေသဖြင့် ယခုလို ပြန်ဝင်လာခြင်း မရှိတာလည်း ဖြစ်နိုင်ကြောင်းကို ဦးကျော်တင် က ဆက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း မြန်မာနိုင်ငံ ဘက်က လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြောသည်။ ဒေါက်တာ ဝင်းမြတ်အေး က “သဘောတူညီချက်အတိုင်း ကျနော်တို့နိုင်ငံက အဆင်သင့် ဖြစ်တယ် ဆိုတာကိုတေ့ာ သိစေချင်တယ်။ လာရင် လက်ခံနိုင်မယ်ဆိုတဲ့ အပိုင်းပေါ့။ ပြေလည်အောင် မျှမျှတတနဲ့ ဆောင်ရွက်နေပါတယ်။ သူတို့လည်း သူတို့ အခက်အခဲ သူတို့ ရှိမှာပေါ့။ ဒါကိုကျနော်တို့က နားလည်ပါတယ်။ စာချူပ်အရ အဆင်သင့် ဖြစ်နေပြီ” ဟု သတင်းထောက်များကို ပြောသည်။ မြန်မာနိုင်ငံသို့ အမှန်တကယ် ပြန်လိုသည့် ဒုက္ခသည်များစာရင်းကို မြန်မာနိုင်ငံသို့ မပေးပို့မီ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တဦးချင်းစီ၏ ဆန္ဒအလျောက် မေးမြန်း စိစစ်မှုများ ပြုလုပ်ပြီး၊ ဆန္ဒအလျောက်ပြန်ချင်သူများကိုသာ ပြန်လာခွင့် ပြုသွားမည် ဖြစ်ကြောင်းသိရသည်။ လက်တွေ့မြေပြင်ပေါ်တွင် အကောင်အထည် ဖော်မည့် လုပ်ငန်းများ များပြားလျှက် ရှိခြင်းကြောင့် ပြင်ဆင်ချိန် လိုအပ်မှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ချ်ဘက်မှ ဝန်ခံပြောကြားခြင်း ဖြစ်သည်ဟု ဦးကျော်တင်က ပြောသည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့် က “လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစအားလုံး ပြင်ဆင်ထားပြီး ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ပြောလိုပါတယ်။ တဖက်မှာတေ့ာ ပြန်လာချင်တဲ့ သူတွေ ရှိသလို၊ ပြန်မလာချင်တဲ့ သူတွေလည်းရှိနိုင်ပါတယ်။ ပြန်လာချင်တဲ့ သူရှိသော်လည်း တဖက်မှာ ခြိမ်းခြောက်မှုတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်” ဟုပြောသည်။ အဆိုပါ ဒုက္ခသည်များ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာအစိုးရဘက်မှ ကုန်းလမ်းမှ ဝင်ရောက်လာမည့် သူများ အတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းနှင့် ရေလမ်းမှ ဝင်ရောက်လာမည့် သူများအတွက် ငါးခူရ ယာယီစခန်းတွင် ပြန်လည် လက်ခံရန် စီစဉ်ထားကြောင်းနှင့် ကြားစခန်းအဖြစ် လှဖိုးခေါင် စခန်းကိုလည်း အသုံးပြုသွားမည်ဟု သိရသည်။ ဒုက္ခသည်များ ပြန်လည် လက်ခံရေး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က သဘောတူထားချက် အရ မြန်မာနိုင်ငံဘက်က အဆင်သင့် ဖြစ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ရွှေ့ဆိုင်းကြောင်း ပြည်ပသတင်း မီဒီယာများကို ဖြေကြားထားသည်ကို တွေ့ရသော်လည်း မြန်မာအစိုးရထံ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။ ဆက်စပ်ဖတ်ရှုရန် – ဒုက္ခသည် ပြန်လက်ခံရေး အသင့်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် စာရင်း မပို့သေး The post ဒုက္ခသည်များ မြန်မာနိုင်ငံ မပြန်စေရန် ခြိမ်းခြောက်နေသည့် အုပ်စုများရှိဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2DzgeNc
via IFTTT

No comments:

Post a Comment