ကရင်ပြည်နယ်တွင် မူးယစ်ဆေးဖမ်းစဉ် ပစ်ခတ်မှုဖြစ်၊ ၇ ဦး ဒဏ်ရာရ ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာနေ စောချစ်ချုံ၏ နေအိမ်အတွင်း ဇန်နဝါရီ ၂၃ ရက်နေ့က မူးယစ်ဆေးဝင်ရောက် ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ဖြင့် ပြန်လည်ပစ်ခတ် ခုခံခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့မှ လေးဦးဒဏ်ရာရှိခဲ့ပြီး တဖက်မူးယစ်အဖွဲ့မှလည်း သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားခဲ့သည့် နောင်ကမြိုင်ကျေးရွာသည် ဘားအံ-လှိုင်းဘွဲ့ကားလမ်းပေါ်ရှိ မြိုင်ကြီးငူဒေသတွင် တည်ရှိသည်။ ဘားအံခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကရင်မူခင်းအကူ ရဲတပ်ဖွဲ့၊ ခမရ (၂၀၃) တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် တပ်နယ် (၄) နှင့် အရပ်သားသက်သေများက စောချစ်ချုံနေအိမ်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဝင်ရောက်ဖမ်းဆီးစဉ် နေအိမ်အတွင်းမှ ပစ်ခတ် ခုခံခဲ့ခြင်းကြောင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်သက်စိုးဦး၊ ဒုရဲအုပ် ပုလဲမြ၊ နယ်ခြားစောင့်တပ် တပ်နယ် (၄) မှ ကွပ်ကဲအကြံပေးအဖွဲ့ဝင် ဦးချစ်ဝင်းနှင့် ဖမ်းဆီးရေးတွင် ပါဝင်သည့် အရပ်သားတဦးတို့သည် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ စောချစ်ချုံ၊ စောလွှီညွှန့် (ခ) နဂါး (ခ) လက်ညိုးနှင့် စိုးမင်းအောင်တို့သည်လည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး ယင်းဒဏ်ရာ ရရှိသူများအပါဝင် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးသုံးဦးကို လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ စောချစ်ချုံနေအိမ်မှ မူစ်ဆေးပြား ၆၁၀၀ ပြားအပြင် M-16 သေနတ်လေးလက်နှင့် ၎င်းကျဉ်အိမ်အတို ကိုးခု၊ ကျဉ်အိမ်ရှည် ၁၅ ခု၊ ပွိုင့် ၅ ဒသမ ၅၆ ကျည် ၂၉၂ တောင့်၊ 40 M ဗုံးပစ်လောင်ချာတစ်လက်နှင့် ၎င်းဗုံးသီး ၂၄ လုံး၊ ပွိုင့် ၂၂ ပြောင်းရှည် တစ်လက်နှင့် ၎င်းကျည်အိမ်တစ်ခု၊ ကျည်ထောင်ငါးတောင့်၊ ပွိုင့် ၃၀ ကာဘိုင်ကျည် ၁၂၇ တောင့်၊ ကာဘိုင်ကျည်အိမ်အတို လေးခု၊ ကျဉ်အိမ်အရှည် သုံးခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အထက်ပါ ပစ်ခတ်မှုမှ ကျည်ဒဏ်ရာများ ရရှိခဲ့သူများကို ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားခဲ့ပြီး နယ်ခြားစောင့်တပ်မှ ဦးချစ်ဝင်းသည် ညာဘက်ရင်အုံတွင် ကျည်နှစ်ချက် ထိမှန်ခဲ့ခြင်းကြောင့် စိုးရိမ်ရ အခြေအနေရှိနေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသနေကြောင်း သိရသည်။ စက်မှုဇုံနယ်မြေရဲစခန်းမှ ရဲအုပ် မျိုးကျော်ညွန့်က “နှစ်ချက်ဖောက်ဝင် ဒဏ်ရာရတဲ့သူကို အခုတော့ ရန်ကုန်ဆေးရုံကြီးကို လွှဲထားတယ်၊ တခုကို ခွဲထုတ်ပြီးပြီ။ ဆက်ပြီးတော့ ခွဲစိတ်ကုသမှုလုပ်ရဦးမယ်၊ အခြေအနေကတော့ သက်သာပါတယ်”ဟု ပြောသည်။ ပစ်ခတ်မှုအတွင်း သေနတ်ဒဏ်ရာရရှိခဲ့သူ အခြားသူများမှာမူ ခြေထောက် ဒဏ်ရာများသာ ရရှိခဲ့သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း ရဲအုပ်မျိုးကျော်ညွန့်က ပြောသည်။ ဖမ်းဆီးရမိသော လက်နက်နှင့် မူးယစ်ဆေးဝါးများအပြင် ငြိမ်းချမ်းရေယူထားသေား ကရင်လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သည့် KNU/KNLA (PC) ၏ တံဆိပ်ပါ စစ်အသုံးအဆောင် အဝတ်အစား ဖိနပ်တို့ ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသောကြောင့် ဧရာဝတီက ဆက်သွယ်မေးမြန်းရာ KNU/KNLA-PC ဗဟိုဌာနချုပ်ရုံးထိုင်မှူး ဒုဗိုလ်မှူးကြီး စောတာ့ကလိုမူးက “စောချစ်ချုံတို့နဲ့ပတ်သက်လို့ ကျနော်တို့ဆီကို အကြောင်းကြားတာ မရှိသေးဘူး၊ မူးယစ်ဆေးနဲ့ပတ်သက်ရင်တော့ ကျနော်တို့အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဥပဒေအတိုင်း ဆက်လုပ်ရမှာပါပဲ”ဟု ပြောသည်။ KNU/KNLA-PC အနေဖြင့် ဇန်နဝါရီ ၅ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်း သတင်းအရ ရှောင်တခင် မူးယစ်ဆေးဝါး စစ်ဆေး ဖမ်းဆီးမှုပြုလုပ်ခဲ့ရာတွင် ကော့ဘိန်း နယ်မြေရဲစခန်းမှ ရဲတပ်သားတဦးအား ဖမ်းဆီးရမိခဲ့ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း KNU/KNLA (PC) မှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နောင်ကမြိုင်ကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ စောချစ်ချုံပါ ၁၀ ဦးအား ဘားအံမြို့မရဲစခန်း မယ(ပ)၃/၂၀၁၈ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် လည်းကောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၃၂ (တာဝန်ထမ်းဆောင် နေ သော ပြည်သူ့ဝန်ထမ်းအား ပြင်းထန် နာကျင်စေမှု၊ သာမန်နာကျင်စေမှု)ဖြင့် လည်ကောင်း အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။ (ဉာဏ်စိုးဝင်း ပူးပေါင်းသတင်းရေးသားပေးပို့သည်) The post ကရင်ပြည်နယ်တွင် မူးယစ်ဆေးဖမ်းစဉ် ပစ်ခတ်မှုဖြစ်၊ ၇ ဦး ဒဏ်ရာရ appeared first on ဧရာဝတီ.
Source : http://ift.tt/2DB1Ao3
via IFTTT
No comments:
Post a Comment