ရေလုပ်သားတဦးကို ညှဉ်းပန်းနှိပ်စက်သူ ဦးစီး ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှ ဦးဝင်းသူပိုင်ဆိုင်သည့် ပင်လယ်ပြင်ရှိ ကျားဖောင်လှေပေါ်တွင် ဦးစီး ၂ ဦးက ရေလုပ်သား ကိုဖြိုးကိုကိုအား နည်းမျိုးစုံနှင့် ညှဉ်းပန်းနှိပ်စက်ခဲ့မှုဖြင့် ကျိုက္ခမီ နယ်မြေရဲစခန်းက အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရှိရသည်။ ကျားဖောင်ဦးစီး ကိုဦးနှင့် ဒုဦးစီး စိုးသူတို့က ရေလုပ်သား ကိုဖြိုးကိုကိုအား ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဒဏ်ရာ များဖြင့် ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီးနောက် ၁၈ ရက်အကြာ၌ ၎င်းတို့ ၂ ဦးအား အမှုဖွင့်လိုက်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လက ဦးဝင်းသူ ပိုင်သော ကျားဖောင်လှေဖြင့် ရေမိုင် ၇၀ ခန့်ကွာဝေးသော ပင်လယ်ပြင်တွင် ငါးဖမ်းရန် ၎င်းတို့သုံးဦးသည် ထွက်ခဲ့ကြပြီးနောက် အသက် ၂၁ နှစ်အရွယ် ဖြိုးကိုကိုမှာ ဒီဇင်ဘာ ၂၄ ရက်၌ ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ ဒဏ်ရာများဖြင့် သတိမေ့မြောလျှက် ရောက်ရှိလာသည်။ ပင်လယ်ပြင်တွင် ကျားဖောင်ဦးစီးတို့က ဖြိုးကိုကိုကို ပူလီကြိုးဖြင့် အရိုက်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဦးခေါင်းတွင် ညိုမည်းဒဏ်ရာ၊ နာရွက်နှင့် လက်ချောင်း ပြတ်ရှဒဏ်ရာအပြင် နောက်ကျောတွင်လည်း ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဒူးခေါင်းတွင်လည်း ဆိတ်ချိုတူဖြင့် အထုခံထားရ၍ ပြည်တည်နေသည်ကို တွေ့ရှိခဲ့ရသည်။ လူတဦးက ဖြိုးကိုကိုအား ဆေးရုံတင်ပို့ခဲ့စဉ်အချိန်က ဒဏ်ရာအရှိန်နှင့် အဟာရပြတ်ခဲ့သည့် အခြေနေကြောင့် သတိမေ့နေကာ အသက်အန္တရာယ် စိုးရိမ်ရအခြေအနေရှိခဲ့သော်လည်း ဆရာဝန်များဘက်က ဆေးကုသ ပေးခဲ့ပြီ သုံးရက်အကြာ၌ အသက်အန္တရာယ် စိုးရိမ်ရ အခြေအနေကို ကျော်လွှားနိုင်ခဲ့ကြောင်း ကျိုက္ခမီတိုက် နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဌေးအောင် ဆိုသည်။ ကျားဖောင်ပေါ်တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများအပြင် အစားအသောက်ကို ဝလင်အောင် မစားရသဖြင့် ခံနိုင်ရည် မရှိတော့ခြင်းကြောင့် ဖောင်ဦးစီးများကို အသိမပေးဘဲ ငါးပေါင်းလှေဖြင့် ကျိုက္ခမီကမ်းသို့ လိုက် လာခြင်းဖြစ်ကြောင်း ဖြိုးကိုကိုက ဆိုသည်။ “ကျနော်တို့ဆီ နောက်ဆုံးငါးလာပေါင်းတဲ့ ငါးပေါင်းလှေပေါ် ခပ်တည်တည်နဲ့ တက်တယ်၊ ငါးပေါင်းလှေက ပတ်တူကြီးခြုံပြီး လိုက်လာတာ လမ်းမှာ အိပ်လိုက်လား၊ သတိမေ့လာလား မသိဘူးပေါ့ဗျာ။ ကမ်းရောက်တော့ ကျနော် နိုးတယ်၊ ကုန်းပေါ်မှာ လမ်းတော့လျှောက်လိုက်သေးတယ်၊ သစ်ပင်ကြီးတပင်နားရောက်မှ ထိုင်ပြီး ခဏမှေးလိုက်တာ။ သတိရတော့ ဆိုင်ကယ်သမားက ဒီဆေးရုံ လိုက်ပို့ပေးတာတဲ့”ဟု ဆေးရုံ ရောက်ရှိခဲ့ပုံကို ၎င်းက ပြောပြသည်။ ဖြိုးကိုကို၏ အလုပ်လုပ်မှုကို ဖောင်ဦးစီးတို့က စိတ်တိုင်းမကျပါက မကြာခဏ အရိုက်ခံရသဖြင့် ပင်လယ်ပြင်သို့ ၂ ကြိမ်တိုင် ခုန်ချထွက်ပြေးသော်လည်း ပင်လယ်ပြင်မှ ငါးများကို လာရောက်သယ်ယူသည့် ငါးပေါင်းလှေက ၎င်းလုပ်ကိုင်နေသည့် ကျားဖောင်သို့ ပြန်လည်ပို့ခဲ့ကြောင်း ပြောသည်။ ထိုကိစ္စကြောင့် ကိုဦးနှင့် စိုးသူတို့ကို ဇန်နဝါရီ ၁၀ ရက်က ကျိုက္ခမီနယ်မြေရဲစခန်းတွင် (ပ)၁၄/၂၀၁၈ အပြင်း အထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ “လှေပေါ်မှာဆိုလို့ရှိရင် ဒီကောင်နှကောင် ဘယ်အချိန်များ အနိုင်ကျင့့်မလဲ ဆိုပြီး အိပ်လို့ရမယ့် အချိန်တောင်မှ ကိုယ့်မှာ မအိပ်ဖြစ်ဘူး”ဟု ဖြိုးကိုကိုက ဆိုသည်။ ဖြိုးကိုကိုသည် ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကဗျက်ကျေးရွာတွင် အလုပ် လုပ်ကိုင်နေရာမှ လုပ်ခလစာ နည်းပါးခြင်းကြောင့် ရန်ကုန်မြို့၌ အလုပ်လုပ်ရန် နေအိမ်မှ ထွက်လာခဲ့ပြီးနောက် ရန်ကုန်ဘူတာတွင် ပွဲစားတစ်ဦးက ပိုက်ဆံအရ များသည့် နေရာတွင် အလုပ်သွင်းပေးမည်ဟု ပြောဆိုမှုကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီကျေးရွာသို့ ရောက်ရှိလာပြီး ဦးဝင်းသူပိုင်သည့် ကျားဖောင်လှေတွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ The post ရေလုပ်သားတဦးကို ညှဉ်းပန်းနှိပ်စက်သူ ဦးစီး ၂ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2mLKtVQ
via IFTTT
No comments:
Post a Comment