Thursday, January 18, 2018


မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်တွင် နိုင်ငံရေးပယောဂ ပါဝင်နေသည်ဟု ANP သုံးသပ် ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မြို့ခံ လူငယ်များ သေဆုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးပယောဂများပါဝင်နေသည်ဟု ရခိုင်အမျိုးသားပါတီ (ANP)မှ ခေါင်းဆောင်များက သုံးသပ်ကြောင်း ပြောသည်။ ရခိုင်မျိုးသားပါတီခေါင်းဆောင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်း က မြောက်ဦးမြို့ “ ရတနာပါလ ”နာရေးကူညီမှု ဖောင်ဒေးရှင်းရုံးတွင် မြို့ခံ လူထုနှင့်တွေ့ဆုံခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ အဓိကရုဏ်းကို ဖြေရှင်းချင်တဲ့ ဆန္ဒတခုတည်းနဲ့ လုပ်ခဲ့တာ မဟုတ်ပဲ နိုင်ငံရေး ပယောဂများ ပါဝင်နေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်။ သူတို့ (အစိုးရ) ဘယ်လိုပင် ဖြေရှင်းချက်ထုတ်ထုတ် လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘောင်ကျော်လာအောင် ၊ ပစ်ကွင်းထဲကို သွတ်သွင်းခဲ့တယ်လို့ပဲ ယူဆတယ် ” ဟု ပြောသည်။ ယင်းအပြင် နိုင်ငံတော်အစိုးရသည် ဘူးသီးတောင် ၊ မောင်တောတွင် ဘင်္ဂါလီများ ပြန်လက်ခံရေးကိစ္စ ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မည့်ကိစ္စ အပါအဝင် အင်အားကြီးမားလာသည့် ရခိုင်အမျိုးသားတို့၏ အမျိုးသားရေး နိုးထလာမှုများကို ဦးချိုးချင်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်ပြည်စိုး က ဆက် လက်ပြောသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်ပင် ညတွင်းချင်း စစ်တွေမြို့မှနေ မြောက်ဦးမြို့သို့ လာရောက်ကာ ဖြစ်ပွားမှု အခြေအနေများကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း၊ ယင်းသို့ စောင့်ကြည့်ရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်း ဖြေရှင်းသည့် နည်းလမ်း အဆင့်ဆင့်ကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ၊ လူထုကို နားလည်အောင် ရှင်းပြမှု မရှိခြင်း ၊ ရာဘာကျည် ၊ မျက်ရည်ယိုဗုံး ၊ မီးသတ်ကားများ ပစ်ခတ်ဖြေရှင်းခဲ့ခြင်း မရှိကြောင်းကို တွေ့ရှိရကြောင်း ရခိုင် အမျိုးသားပါတီခေါင်းဆောင်များက ပြောသည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသော လူနာ ၄ ဦးမှာ လက်ရှိအချိန်တွင် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုကို ခံယူနေပြီး ၈ ဦးမှာစစ်တွေပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။ သေဆုံးသွားသည့် လူငယ် ၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ မွန်းလွဲပိုင်းတွင် ဂှုသွင်း သဂြိုၤဟ်မည် ဖြစ်သည်။ မကြာမီအတောအတွင်း ရခိုင်ပြည်နယ်လွှတ်တော် ကျင်းပရန် ရရှိသည့်အတွက် ယခု မြောက်ဦးဖြစ်စဉ်အား လွှတ်တော် တွင် တင်ပြကာ စုံစမ်း စစ်ရေးရေး အဖွဲ့ဖွဲ့စည်းကာ အဖြစ်မှန်ပေါ်ပေါက်လာရန်အထိ ရခိုင်အမျိုးသားပါတီက ကြိုးစားလုပ် ဆောင်မည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မြို့ခံများကို ကတိ ပေးခဲ့သည်။ “ လူထုအုံကြွဆန္ဒပြမှု ဖြစ်တာတွေက မြန်မာနိုင်ငံမှာ မဆန်းဘူး ။ လက်ပံတောင်းတောင်မှာလည်း ဖြစ်တယ်။ ရန်ကုန် မှာလည်း ဖြစ်တယ်။ စစ်တွေမှာလည်း ဖြစ်ခဲ့ဖူးတယ်။ စစ်တွေဖြစ်တဲ့ကိစ္စတွေဆိုရင် လူထုက ရဲစခန်းတံခါးတွေကို ချိူးပြီးဝင်တယ်။ အဲဒီနေ့က ကျနော်တို့ဆိုလည်း တညလုံး ရဲစခန်းမှာ ပိတ်မိနေခဲ့တယ်။ တယောက်မှ မသေခဲ့ဘူး ။ အခု နည်းလမ်းပေါင်း မြောက်များစွာ ရှိနေပါလျက် ဘာကြောင့် ဒီလောက် သေဆုံးခဲ့ရတာလဲ ။ ကျနော်တို့ လွှတ်တော်ထဲမှာ တရားဝင် မေးမြန်းနိုင်ဖို့ ၊ တရားဝင်ဆောင်ရွက်နိုင်ဖို့ မဖြစ်မနေ ဆောင်ရွက်သွားမယ်ဆိုတာ အတိအလင်း ပြောချင်ပါတယ် ” ဟု ရခိုင်အမျိုးသား ပါတီ (ANP) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ မြောက်ဦးတွင် ဖြစ်ပွားခဲ့သော လူထုအဓိကရုဏ်းမှာ ယင်းမြို့ နန်းတော်ရာကုန်းတွင် ပြုလုပ်မည့် စာပေဟော ပြောပွဲနှင့် ပတ် သက်ပြီး အာဏာပိုင်များက ပွဲစဉ်ကို ပိတ်ပင်တားဆီးခဲ့ရာကနေ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းစာပေဟောပြောပွဲတွင် “ လလည်းကွယ် ၊ ပြည်လည်းဆုံး ဆိုသည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း” ခေါင်းစဉ်ဖြင့် ဆင်အိုးကျောင်းတိုက် ဆရာတော်နှင့် ဒေါက်တာအေးမောင်တို့ ဟောပြောမည် ဖြစ်သည်။ အဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးအဖွဲ့တို့ နေပြည်တော်တွင် ဇန်နဝါရီလ၁၇ ရက်က တွေ့ဆုံခဲ့ကြသည်။ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ရဲချုပ် အောင်ဝင်းဦး တင်ပြချက်များဟူ၍ မြောက်ဦး ဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည့်အချက်များကို သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးတွင် ဖြစ်ပွားခဲ့သော လူထု အဓိကရုဏ်းအတွင်းက ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေ အရာရှိတို့သည် လူစုခွဲရန် ဥပဒေနှင့်အညီ တားဆီးခဲ့သော်လည်း အကြမ်းဖက်လာသည့် လူစုလူဝေးထဲမှ တချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် လက်နက်များအား လုယူရန် ကြိုးစားလာသဖြင့် တာဝန်ရှိသူများမှ ကျည်အစစ်များဖြင့် ပစ်ခတ် ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးတားမြစ်သော်လည်း ပိုမိုဆိုးလာသည့်အတွက် ခရိုင် စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်က ဆိုသည်။ “အဓိကရုဏ်းတွေ နိမ်နင်းတဲ့နေရာမှာလည်း ရဲလက်စွဲတွေ ရှိတယ်။ အရင်က ပစ်မိန့်ကို တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့မှ ရတယ်။ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ ထွေ/အုပ်က ယူသွားတယ်။ သူက ပစ်မိန့်ပေးတယ်။ အခု ဖြစ်စဉ်မှာလည်း ပစ်မိန့် မပေးခင် သူလိုက်နာရမယ့် အဆင့်ဆင့်ကို လိုက်နာဆောင်ရွက်ခဲ့သလားဆိုတာ ခုံးရုံးဖွဲ့ စစ်ဆေးပေးရမယ်”ဟု ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း နှင့် ညီညွတ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ယမန်နေ့ညက နိုင်ငံတော် အတိုင်ပင်ခံ ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (မြောက်ဦးမှ မင်းအောင်ခိုင် ရေးသားပေးပို့သော သတင်းကို နေပြည်တော်မှ ထက်နိုင်ဇော် ပူးပေါင်းပါဝင် သတင်းရေးသား ပေးပို့သည်) The post မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်တွင် နိုင်ငံရေးပယောဂ ပါဝင်နေသည်ဟု ANP သုံးသပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2rhhAGx
via IFTTT

No comments:

Post a Comment