မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူ၍ အိမ်ခွန် ကောက်ခံမည် မန္တလေးမြို့တောစည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ်စာရင်းများကို ပြန်လည် ကောက်ယူ၍ အိမ်ခွန်များ ကောက်ခံသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ မန္တလေးရှိ နေအိမ်အများစုမှာ ယခုအခါ ပြောင်းလဲ ဆောက်လုပ်ထားကြပြီး အခွန် ပေးဆောင်ရာတွင် ယခင်ပြောင်းလဲ ဆောက်လုပ်ခြင်း မပြုခင်က နှုန်းထားများဖြင့်သာ ပေးဆောင် နေကြသည့်အတွက် အခွန်များ ဆုံးရှုံးမှု ရှိနေကာ အခွန်စံနှုန်းပြည့်မီစွာ ကောက်ခံနိုင်ရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်သညဟု ဆိုသည်။ “နေအိမ်စာရင်း ကောက်တာက စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်၊ နောက်လလောက်ကစပြီး လူအင်အားတိုးချဲ့ ဖြည့်တင်း ပြီး ဆက်လက် ကောက်ခံသွားဖို့ ရှိတယ်။ ကြားဘတ်ဂျတ် ၆လတာ ကာလအတွင်းမှာ အပြီးကောက်ခံ သွားပါမယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။ မန္တလေးမြို့တော် စည်ပင် အနေဖြင့် စည်ပင်နယ်နိမိတ် အတွင်းရှိ နေအိမ်များ အခွန် ကောက်ခံရာတွင် ခြောက်လ လျှင် တကြိမ် ကောက်ခံနေခြင်းဖြစ်ရာ တကြိမ်နှင့်တကြိမ် ကောက်ခံမှုကြား၌ နေအိမ်တချို့သည် ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်း များကို ခွင့်ပြုချက် မယူဘဲ ပြုလုပ်နေကြသည့် အတွက် သတ်မှတ်အခွန် စံနှုန်းအတိုင်း ပြည့်မီစွာ မရ ကြောင်း သိရသည်။ စည်ပင် နယ်နိမိတ် အတွင်း၌ အဆောက်အအုံများ ပြောင်းလဲဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည် ဖြစ်သော်လည်း မိမိသေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလပိုင်ရှင် ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲ ဆောက်လုပ်ကြသော်လည်း အမည်ပေါက် ပြောင်းလဲခြင်း မပြုလုပ်ကြသည့် အတွက်ကြောင့်လည်း အခွန်များ အလို အလျောက် ဆုံးရှုံးနေကြောင်း သိရသည်။ “မူလစာရင်းက နံကပ်အိမ် ဆောက်ထားပေမယ့် သွားကောက်တဲ့ အချိန်မှာ အာရ်စီတိုက် ဖြစ်နေတာမျိုးတွေ တွေ့ရတယ်။ အခွန်ဆောင်တဲ့အခါ နံကပ်အိမ်နဲ့ ပေးဆောင်ကြတယ်၊ ဒါကြောင့် သတ်မှတ်ထားတဲ့ အခွန်နှုန်းအတိုင်း ကောက်ခံနိုင်ဖို့ အတွက်က မြေပြင် နေအိမ်စာရင်း အမှန်ရဖို့ လိုပါတယ်။ အိမ်ခွန် နှုန်းထားတွေကို တိုးမြှင့်ပြီးကောက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ဆက်ကောက် သွားမှာပါ”ဟု ဦးကျော်ဇောအောင်က ပြောသည်။ စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ်များအား အိမ်ခွန် ကောက်ခံခြင်းကို မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ကောက်ခံခြင်း ဖြစ်ပြီး အဆိုပါ အခွန်များကို ကောက်ခံရသည့် ဝန်ထမ်း အားနည်းခြင်း နှင့်အတူ စည်းကြပ်မှု အားနည်းခြင်းများကြောင့်လည်း ပြောင်းလဲ ဆောက်လုပ်ထားသည့်အတိုင်း အခွန်ပေးဆောင်မှု အလွန် နည်းပါးကြကြောင်း သိရသည်။ “လောလောဆယ် အခြေအနေက သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဆီကနေ စာရင်းရှိနဲ့ မြေမြင်ကိုက်ညီမှု မရှိတာတွေကို ကောက်နေပါပြီ။ အားလုံးကို အမြန်ဆုံး ပြီးစီးအောင် ကောက်ခံသွားမှာပါ။ မန္တလေးမြို့တော်ကြီး သာယာလှပဖို့ အတွက် ဆိုရင် အားလုံးက ဝိုင်းဝန်းမှသာ ဖြစ်လာမှာပါ”ဟု ဦးကျော်ဇောအောင်က ဆက်လက် ပြောသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နေအိမ်များကို နံကပ်အိမ်၊ အာရ်စီတိုက် စသည်ဖြင့် အမျိုးအစား အလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီး စသည်ဖြင့် နေရာအလိုက် အခွန်နှုန်းထားများကို သတ်မှတ်ထားပြီး စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၆ ခုအတွင်း၌ နံကပ်အိမ်မှ အာရ်စီ တိုက်များ အဖြစ်သို့ ပြောင်းလဲ ဆောက် လုပ်ထားသော်လည်း စည်ပင်သို့ အခွန်ပေးဆောင်ရာတွင် နံကပ်အိမ် အတွက် သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ ပေးဆောင်နေသည့် အိမ်ပေါင်း တထောင် ကျော် ရှိနေသဖြင့် အခွန်ငွေ ကျပ် သိန်းပေါင်း တထောင်ခန့် နှစ်စဉ် ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။ The post မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူ၍ အိမ်ခွန် ကောက်ခံမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2mN5oba
via IFTTT
No comments:
Post a Comment