Friday, January 19, 2018


ငြိမ်းချမ်းရေး မရရှိခြင်းကြောင့် တိုင်းရင်းသားများ အဆိုးသံသရာ လည်နေရဟု ဆို ငြိမ်းချမ်းရေး မရရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တိုင်းရင်းသားများ အဆိုး သံသရာ လည်ပတ်နေဟု တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ပြောသည်။ တိုင်းရင်းသား လူမျိုးများ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ယင်းအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု ဝန်ကြီးက “တိုင်းရင်းသား လူမျိုးများသည် ငြိမ်းချမ်းရေး မရရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကို အပြည့်အ၀ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထိုသို့ မဆောင်ရွက်နိုင်သည့် အတွက် တိုင်းရင်းသားတွေရဲ့ လူမှု စီးပွားရေးဘ၀ နောက်ကျ ကျန်ရစ်ခဲ့ရပါတယ်။ ဒါကို အဆိုးသံသရာ လည်ပတ်နေတယ်လို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။ ငြိမ်းချမ်းရေး အသီးအပွင့် မခံစားရသည့် တိုင်းရင်းသားလူမျိုးသည် သမိုင်း အစဉ်အလာများကို သင်ခန်းစာမယူဘဲ တိုင်းရင်းသား အချင်းချင်း ညီညွှတ်သည့် စိတ်ဓာတ် မွေးမြူရန်လိုကြောင်း ဝန်ကြီး နိုင်သက်လွင်က ပြောသည်။ ပြီးခဲ့သည့် သမိုင်းအစဉ်အလာများအား သင်ခန်းစာယူပြီး နောင်အနာဂတ်တွင် တိုးတက်မည့် ကမ္ဘာ့ အဆင့် အတန်း ကို အမီလိုက်နိုင်ရန် အတွက် တိုင်းရင်းသား အားလုံး ညီညီညွှတ်ညွှတ် နှင့် ပြည်ထောင်စု စိတ်ဓာတ် မွေးမြူ မှ ရနိုင် မည် ဖြစ်ကြောင်းလည်း ဆိုသည်။ ထို့အပြင် အဆိုးသံသရာမှ ကင်းဝေးရာ အခြေခံ အကျဆုံးဖြစ်သည့် တိုင်းရင်းသား လူမျိုးများ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို တချိန်တည်း တပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သဖြင့် ယနေ့ တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်မှ ရလဒ်ကောင်းများ ပေါ်ထွက်ရေး ဆောင်ရွက် ရန် လိုအပ်သည်ဟုလည်း နိုင်သက်လွင်က ပြောဆိုသည်။ ဖိုရမ်သို့ တက်ရောက်လာသည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကလည်း “နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား ဒေသ တွေမှာ နယ်မြေဒေသ တည်ငြိမ်အောင်၊ ငြိမ်းချမ်းသာယာအောင် အရင်ဆုံး ဦးစားပေးပြီး ဆောင်ရွက်နေရတာကို လည်း တွေ့ရမှာပါ။ အတွေးအမြင် မတူတာတွေ ဘေးဖယ်ထားပြီး တူညီတာတွေ စုပြီး ရှေ့ဆက်ဆောင်ရွက်ရတာ ရှိသလို၊ မတူညီတာတွေလည်း ပေါင်းစပ် ဆောင်ရွက်ရတာတွေ ရှိပါတယ်” ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာကို မွန်ပြည်နယ် ပအို့ဝ် တိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နန်းခမ်းဝင့်နိုင်က ဖတ်ကြားပေးခဲ့ရာ ယင်းသဝဏ်လွှာတွင် “၂၁ ပင်လုံ အစည်း အဝေး များတွင် တိုင်းရင်းသား ပြည်သူများ အတွက် အရေးကြီးလှသော အခွင့်အာဏာ ခွဲဝေရေး၊ အခွန် ကောက်ခံမှုများ ခွဲေ၀ ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ညှိနှိုင်းဆွေးနွေးပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံ မှုများ ထွက်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ သဘောတူညီချက် တချိူ့ ရရှိပြီး၊ ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းများ အဖြစ် လက်မှတ်ရေးထိုးနိုင်သကဲ့သို့ ဆက်လက် ၍လည်း ဆွေးနွေး ညှိနှိုင်း မှုများ ဆောင်ရွက်သွားမည်” ဟု ပါရှိသည်။ ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဒုဝန်ကြီးများ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများမှ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ NGO၊ INGO အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံ တကာ မိတ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပ သတင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။ The post ငြိမ်းချမ်းရေး မရရှိခြင်းကြောင့် တိုင်းရင်းသားများ အဆိုးသံသရာ လည်နေရဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2Dnd27g
via IFTTT

No comments:

Post a Comment