ထိုင်းခရီးသွားများကို ဆွဲဆောင်ရန် အင်ဒိုနီးရှားက ချင်းမိုင်ထီးပြပွဲတွင် ပါဝင်ဆင်နွဲမည် အင်ဒိုနီးရှားနိုင်ငံသို့ ထိုင်းခရီးသွားများ ပိုမိုလာရောက်ရန် ရည်ရွယ်၍ နာမည်ကျော် ချင်းမိုင်ထီးပြပွဲ၌ အင်ဒိုနီးရှားက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Bangkok Post သတင်းကဆိုသည်။ နာမည်ကျော် ချင်းမိုင် ထီးပြပွဲမှာ ယနေ့မှ စတင်ကာ တနင်္ဂနွေနေ့အထိ ချင်းမိုင် ဆန်ကဖန်းခရိုင် ဘန်ဘိုဆောင်တွင် ကျင်းပမှာဖြစ်ပြီး၊ ပြပွဲတွင် ဒေသထွက် လက်မှုပစ္စည်း ချင်မိုင် ဆန်ကဖန်းထွက် ရောင်စုံထီးများကို ပြသမည်ဖြစ်သည်။ အင်ဒိုနီးရှား ခရီးသွားလုပ်ငန်း ဝန်ကြီး အရစ်ဖ် ယာဟာ၏ အဆိုအရ ယခုနှစ်အတွင်း ထိုင်းခရီးသွား ၁သိန်း ၆သောင်း ၃ထောင် ဝင်ရောက်ရန် စီမံရေးဆွဲထားပြီး၊ ယခုပြပွဲကိုလည်း ထိုင်းခရီးသွားများ ပိုမိုလာ ရောက်ရန်အတွက် ပူးပေါင်း ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ချင်းမိုင် ထီးပြပွဲမျိုးကို အင်ဒိုနီးရှားနိုင်ငံ ဂျာဗား အလယ်ပိုင်းပြည်နယ် ဆူရာကာရာတာ တွင် ညီအမ ပြပွဲအဖြစ် ပြသရန် ရှိကြောင်း၊ ထိုသို့ တပြိုင်နက် ပြသခြင်းဖြင့် ခရီးသွာားလုပ်ငန်းတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ခရီးသွားလုပ်ငန်း ဒုဝန်ကြီး အိုင်ဂဒီပီတနာက ပြောသည်။ ချင်းမိုင်ထီးပြပွဲ/File Photo ဘာလီကျွန်းသည် ထိုင်းခရီးသွားများအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးနေရာဖြစ်သော်လည်း အင်ဒိုနီးရှားသို့ လာရောက်သည့် ထိုင်းလူမျိုးအရေအတွက်မှာ ၅နှစ်အတွင်း အတိုးအလျော့မရှိပဲ ဖြစ်နေကြောင်း၊ ယခုနှစ်စတွင် အင်ဒိုနီးရှားသို့ လာရောက်သည့် ထိုင်းလူမျိုး အရေအတွက်မှာ ၁၈၅၈၀ ဦး ဝန်းကျင်သာရှိသေးသည်။ ချင်းမိုင် ဘိုဆောင်အရပ်က ထွက်သည့် ထီးသည် မြန်မာနိုင်ငံ ပုသိမ်မှ ထွက်ရှိသည့် ပုသိမ်ထီးဖြင့် ကဲ့သို့ပင် ဖြစ်ပြီး ပါးစပ်ရာဇဝင်အရ မြန်မာတို့ သြဇာလွှမ်းမိုးခဲ့သည့် ထိုင်းမြောက်ပိုင်း လန်းနားခေတ် က ဖရာ့အင်သာဆို သည့် ဒေသခံဆရာတော်မှာ မြန်မာပြည်သို့ ကြွခဲ့ကြောင်း၊ ဘုန်းတော်ကြီးမှာ မြန်မာ ပြည်တွင် အရောင်အသွေး စုံလင်သည့် ထီးများ အသုံးပြုသည်ကို သတိထားမိရာက ထီးလုပ်ငန်းသည် သူ့ကျေးရွာရှိ လယ်သမားများ စိုက်ပျိုးရေး နားချိန် ဝင်ငွေရနိုင်ကြောင်း စိတ်ကူးရပြီး ထီးလုပ်ငန်းကို လေ့လာကာ ထီးအနည်းငယ်ကို ယူဆောင်ပြီး ပြန်လာရာမှ ယခုတိုင် ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု သိရသည်။ The post ထိုင်းခရီးသွားများကို ဆွဲဆောင်ရန် အင်ဒိုနီးရှားက ချင်းမိုင်ထီးပြပွဲတွင် ပါဝင်ဆင်နွဲမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2FTEh6X
via IFTTT
No comments:
Post a Comment