အသေးစား ကုမ္ပဏီများ မှတ်ပုံတင်ကြေး လျှော့ချရန် စီစဉ်နေ ပြည်တွင်းရှိ အသေးစား ကုမ္ပဏီငယ်များကို ကုမ္ပဏီမှတ်ပုံတင်ကြေး လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ ဦးအောင်နိုင်ဦးက “အသေးစားကုမ္ပဏီတွေက အကြီးစား ကုမ္ပဏီကြီးများကဲ့သို့ နှစ်စဉ် နှစ်ပတ်လည် အထွေထွေ အစည်း အဝေး ခေါ်စရာမလိုတာက တချက်၊ ပြီးတော့ ဖိုင်နယ်စာရင်းစစ်က အသေးစားဆို ကျပ် ၁၀ သိန်းလောက် ကုန်တယ်။ ဒါကို ကျနော်တို့ ဥပဒေသစ်အရ ဖြေလျှော့ပေးမယ်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ပေးဖို့ ရှိတယ်။ ကုန်ကျစရိတ် သက်သာအောင် လုပ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်”ဟုလည်း ပြောပြသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်း ချုပ် (UMFCCI)တွင် ပြုလုပ်သော မြန်မာ့ စီးပွားရေး ဖြတ်သန်းမှု – ဒဿနအမြင်၊ မူဝါဒ နှင့် လက်တွေ့ ကျင့်သုံးခြင်း ဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဥပဒေ အရ အသေးစား ကုမ္ပဏီလေးများကို ခွဲခြားပြီးလျှင် ကုမ္ပဏီကြီးလျှင် မှတ်ပုံတင်ကြေး တမျိုးနှင့် အသေးစား ကုမ္ပဏီလေးများကို သုံးပုံတပုံ လျှော့၍ ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“လျှော့ချပေးမယ့် အသေးစား ကုမ္ပဏီလေးတွေအတွက် မှတ်ပုံတင်ကြေး ပမာဏ ကိုတော့ တွက်ချက်နေတုန်းပဲ ရှိပါသေးတယ်။ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး” ဟု ပြောဆိုသည်။ အသေးစားလုပ်ငန်း ဟုဆိုရာတွင် ကုမ္ပဏီတခု၌ ဝန်ထမ်း အင်အား ၃၀ အောက်၊ တနှစ်ဝင်ငွေ ကျပ်သန်း၅၀ အောက် ရှိသည့် ကုမ္ပဏီများကို အသေးစား ကုမ္ပဏီများ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီမှတ်ပုံတင်ကြေး နှုန်းထားများကို ကုမ္ပဏီ အကြီး၊ အသေး ခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲ ကျပ် ၅ သိန်းဖြင့်သာ တပြေးညီ ကောက်ခံ နေခြင်း ဖြစ်သည်။ UMFCCI ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက“အခု ကုမ္ပဏီ မှတ်ပုံတင်ကြေးကတော့ နည်းလာပါတယ်။ ခြေနိုင် လက်နိုင်လေး ဖြစ်လာတယ်။ ဈေးနူန်း သက်သာလာပါတယ်။ အန်ကယ်တို့ ဆီကိုု Complaints တွေ မတက်တော့ အသေးစိပ်တော့ ဈေးနူန်းတော့ အသေအချာ မသိဘူး”ဟု ပြောသည်။ မူဝါဒများကို မည်သို့ပင် ချမှတ်ထားသော်လည်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ စီးပွားရေးကို ချမှတ်ထားသည့် မူဘောင် အတွင်း ပြိုလဲမသွားစေရန် လုပ်ကိုင်တတ်ရန် လိုအပ်ပြီး ယင်းချမှတ်သည့် မူဝါဒများကို လက်တွေ့ လုပ်ကိုင် မည့် သူများက လိုက်နာမှသာ အောင်မြင်မည် ဖြစ်ကြောင်း မြန်မာ့စီးပွားဆက် လုပ်ငန်းစု ဥက္ကဌ ဦးအောင်စိုးသာ က ပြောသည်။ ထို့အပြင် ၎င်းက “ကုမ္ပဏီတခု စဖို့ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ပိုက်ဆံရှိလို့ စတဲ့သူရှိသလို၊ ရှိစုမဲ့စုလေးကို ခြစ်ကုတ်ပြီး လုပ်ငန်းရှင်ဖြစ်မယ် ဆိုပြီး စတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် လွယ်လွယ်ကူကူ ပါဝင်ခွင့်ရမယ်ဆိုရင်၊ လူများများ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပြိုင်ဆိုင်မှုတွေ ကောင်းမယ်၊ စားသုံးသူ အတွက်လည်း ရွေးချယ်စရာ ရှိလာမယ်။ ဒါကြောင့် ဖြေလျှော့ပေးမှာကို ကြိုဆိုပါတယ်”ဟုလည်း ပြောဆိုသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ အကြီးစားနှင့် အသေးစား စုစု ပေါင်း ၆ သောင်းကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း မှတ်ပုံတင်သော မြန်မာ ကုမ္ပဏီ အသစ် စုစုပေါင်း ၇၁၄၁ ခုနှင့် နိုင်ငံခြားသား ကုမ္ပဏီ အသစ် ၉၈၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေသစ်သည် ယခုနှစ် သြဂုတ်လတွင် စတင် အသက်ဝင် ကျင့်သုံးနိုင်မည် ဖြစ်ပြီး ဥပဒေ စတင် ကျင့်သုံးပြီး နောက်ပိုင်း၌ အသေးစား ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ချ သတ်မှတ်သွားမည်ဖြစ်သည်ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် လွှတ်တော်မှ အတည်ပြု ထုတ်ပြန် ပေးခဲ့ပြီး ယင်းဥပဒေ စတင်ကျင့်သုံးရန် အတွက် ကုမ္ပဏီများ မှတ်ပုံတင်ရန် စမ်းသပ် လုပ်ဆောင်ခြင်းများ၊ သက်ဆိုင် သူ များနှင့် ဆွေးနွေးခြင်းများ၊ အများပြည်သူသို့ ဥပဒေနှင့်ပတ်သက်၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဌာနမှ ဝန်ထမ်းများကို ဥပဒေသင်တန်းပေးခြင်း စသည့် အချက်များကို အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သြဂုတ်လ ၁ ရက်နေ့မှ သာကျင့်သုံးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ကုမ္ပဏီတခု တည်ထောင်လျှင် အမြတ်ပေါ်လာမှသာ မြတ်သည့် အမြတ်၏ ၂၅ ရာခိိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင် ရမည်ဖြစ်ပြီး အကယ်၍ ကုမ္ပဏီ အရှုံးပေါ်နေလျှင် ပေးဆောင်စရာ မလိုကြောင်း၊ သို့သော် အခွန်ဆောင် သည့် အပိုင်းတွင် မည်သူမဆို နိုင်ငံသားတိုင်း သတ်မှတ်ထားသော ဝင်ငွေရှိလာပြီဆိုလျှင် ဝင်ငွေခွန်ဆောင်ရမည် ဖြစ်သောကြောင့် အခွန်နှင့် ပတ်သက်၍ ကင်းလွင့် ပေးထားသည်မှာ မရှိကြောင်း မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ သိရသည်။ “တခုရှိတာကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥပဒေမှာ ကုမ္ပဏီ သေးသေး၊ ကြီးကြီး MIC ကို တင်ခွင့်ရှိတယ်။ MIC ကနေ ခွင့်ပြုမိန့် ရထားရင်တော့ ကျနော်တို့က သူ့ဒေသအပေါ် မူတည်ပြီးတော့မှ ဝင်ငွေ ခွန် ကို ၃ နှစ်ကနေ ၇ နှစ်အထိ ကင်းလွတ်ခွင့် ကျနော်တို့ ပေးမယ်။ ဒါက MIC ခွင့်ပြုထားတဲ့ လုပ်ငန်းဖြစ်တယ်။ ဥပမာ – ကလောမှာ ဟိုတယ် တလုံး ဆောက်တယ်ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ်ပေးမယ်။ လှိုင်သာယာ စက်မှုဇုန် မှာ ဖယောင်းတိုင် စက်ရုံ ထောင်မယ် ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်ပေးမယ်။ ဒါကဥပဒေအရ ပေးမှာဖြစ်ပါတယ်”ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြသည်။ ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှော့ပေးသည့် လုပ်ငန်းများမှာ လယ်ယာကဏ္ဍ၊ သား ငါး ကဏ္ဍ၊ သစ်တော ကဏ္ဍ၊ မွေးမြူ ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ပညာရေး ကဏ္ဍများ၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်သည့် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။ The post အသေးစား ကုမ္ပဏီများ မှတ်ပုံတင်ကြေး လျှော့ချရန် စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2raO9pN
via IFTTT
No comments:
Post a Comment