ဒုက္ခသည်များ လက်ခံရေး ပြန်လိုသူ စာရင်း ဘင်္ဂလားဒေ့ရှ် မပို့သေးဟု ဆို ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက် သွားသော ဒုက္ခသည် များအား ပြန်လည် လက်ခံရန် ပြန်လိုသူများစာရင်း လက်ရှိ အချိန်အထိ ပေးပို့လာခြင်း မရှိသေးကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့အဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့က ဒုက္ခသည် ပြန်လည် စိစစ် လက်ခံရေး စခန်းများ ဆောက်လုပ်နေမှုအား ကွင်းဆင်း ကြည့်ရှုစဉ် သတင်းမီဒီယာများသို့ ဒေါက်တာ ဝင်းမြတ်အေး က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ဝင်းမြတ်အေးက “အခုထက်ထိတော့ ကျနော်တို့ လက်ထဲကို ပြန်ဝင်လာမယ့် လူတွေ စာရင်း မရောက် သေးဘူး။ သို့သော်လည်း ကျနော်တို့သည် စာချုပ်ချုပ်ထားတဲ့ အတိုင်း သတ်မှတ်ထားတဲ့ ရက်မှာ အဆင်သင့် ဖြစ်အောင် အစစ အရာရာ ဆောင်ရွက် ထားပြီးပြီ။ အားလုံးလည်း အဆင်သင့် ဖြစ်နေပါပြီ” ဟုလည်း ပြောဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိသွားသော ဒုက္ခသည်များအား ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်မာ – ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ပြန်လည် ဝင်ရောက်သူများ စာရင်းကို မြန်မာအစိုရ အနေဖြင့် လက်ရှိအချိန်ထိ လက်ခံ ရရှိထားခြင်း မရှိသေးဟု ဆိုသည်။ ပြန်လည် ရောက်ရှိလာသူများအား စိစစ်ရန်အတွက် နှစ်နိုင်ငံ မည်သို့ ပူးပေါင်း လုပ်ဆောင်မည်ဟူသော အချက် လိုအပ် နေသေးသောကြောင့် ဒုက္ခသည်များ အမှန်တကယ် ပြန်လည်ဝင်ရောက်နိုင်မည့် အချိန်ကာလနှင့် ပတ်သက် ၍ ရှင်းရှင်း လင်းလင်း မပြောနိုင်သေးဟု ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြောဆိုကြောင်း Reuters သတင်း တပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါ ပြန်လည် ဝင်ရောက် လာသူများကို စိစစ်လက်ခံရန်အတွက် မောင်တောမြို့နယ်အတွင်း တောင်ပြိုလက်ဝဲ စ ခန်း နှင့် ငခူရ ကျေးရွာများတွင် စခန်းဖွင့်လှစ်ကာ စိစစ်လက်ခံမည် ဖြစ်ပြီး အထောက်အထား ခိုင်လုံသူများကို လှဖိုး ခေါင် ကျေးရွာအနီးတွင် ယာယီကြားစခန်း ဖွင့်လှစ်၍ ထားရှိမည် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် စိစစ် လက်ခံပြီးသူများအား ယာယီ ကြားစခန်း အဖြစ် ထားရှိမည့် မောင်တောမြို့နယ် လှဖိုးခေါင် ကျေးရွာ စခန်းတွင် မြေ ၁၂၄ ဧက အသုံးပြုကာ အဆောက်အအုံ ၆၂၅ လုံး ဆောက်လုပ်ရန် မြေများညှိခြင်း လုပ်ငန်း များ ကို စတင်နေကြောင်း ယင်းနေရာတွင် ဒုက္ခသည် ဦးရေ ၃ သောင်း ကျော် ထားရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရ အနေဖြင့် ကုန်းလမ်းမှဝင်လာမည့် ဒုက္ခသည်များကို တောင်ပြို လက်ဝဲတွင် စခန်းဖွင့် လက်ခံ စိစစ်မည် ဖြစ်ပြီး ရေလမ်းမှ ဝင်ရောက်လာမည့် သူများကို ငခူရ ကျေးရွာတွင် စခန်းဖွင့်၍ စိစစ်မည် ဖြစ်ကာ စိစစ်မှုပြီးစီးသော ဒုက္ခသည်များကို လှဖိုးခေါင် ယာယီကြားစခန်းတွင် ထားရှိပြီး ယင်း မှတင့် ၎င်းတို့ နေထိုင်ခဲ့သော ကျေးရွာ အနီးတွင် စနစ်တကျဖြင့် ကျေးရွာများ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ ယင်းအပြင် နေအိမ်များ မီးလောင်ခဲ့သော်လည်း တဖက်နိုင်ငံသို့ ဝင်ရောက်သွားခြင်း မရှိဘဲ ကျီးကန်းပြင် ကျေးရွာ အနီးတွင် တဲထိုးနေထိုင်ကြသော ဘင်္ဂါလီ ကျေးရွာသားများ ထံသို့လည်း ပြည်ထောင်စု ဝန်ကြီး သွားရောက်ခဲ့ပြီး ပြန်လည် နေရာချထားရေး အစီအစဉ်များကို ရှင်းပြခဲ့သည်။ ဘင်္ဂါလီကျေးရွာသားများအား ပြန်လည်နေရာချထားရာတွင် ဘေးဒုက္ခရောက်သည့်သူများအား ပြန်လည်နေရာချထား ရေး ဥပဒေအတိုင်း မူလအနေအထားထက် ပိုမိုကောင်းမွန်သည့် အခြေအနေများ ဖြစ်ရန် ပြန်လည် တည်ဆောက် ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။ “ဘေးဒုက္ခရောက်တဲ့ လူတွေကို ပြန်လည်နေရာချဖို့က အစိုးရတာဝန်ဖြစ်တယ်။ ဥပဒေ အတိုင်း လုပ်ရမယ်။ အဲဒီ ဘေးဒုက္ခရောက်တဲ့ လူတွေကို ပြန်လည်နေရာ ချထားရေး ဥပဒေအရ မူလအခြေအနေထက် ပိုကောင်းမွန်အောင် ဖန်တီးပေးရမယ်။ ပုံစံကျတဲ့ ရွာလေး တရွာ ဖြစ်အောင် ဖန်တီပေးရတယ်။ ကျန်းမာရေး အတွက်လည်း ပါမယ်၊ ပညာ ရေး အတွက်လည်း ပါမယ်။ ဒါမျိုးတွေ အဆင်ပြေအောင် ပြန်လည် နေရာချထားပေးဖို့ လာပြောတာ ဖြစ်တယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးက ဒေသခံ ကျေးရွာသားများကို ရှင်းပြခဲ့သည်။ သို့သော်လည်း ဘင်္ဂါလီ ကျေးရွာသားများကမူ ပြည်ထောင်စုဝန်ကြီးအဖွဲ့၏ ရှင်းပြချက်နှင့် ပတ်သက်၍ အားလုံး တိုင်ပင်ရဦးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တဖက်နိုင်ငံသို့ ရောက်ရှိနေသည့် အကြမ်းဖက်သမားများက အစိုးရ အစီအမံများကို လက်မခံရန် ခြိမ်းခြောက်မှုများ ရှိကြောင်းလည်း ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ၊ ပြည်လည် နေရာချထားရေး ၊ ဖွံ့ဖြိုး ရေး စီမံကိန်း (UEHRD) အဖွဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သည့် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော အဖွဲ့သည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူ စာချုပ်အရ တဖက်နိုင်ငံသို့ ဝင်ရောက် သွားသူများအား ဇန်နဝါရီလ ၂၃ ရက် နေ့ ပြန်လည် လက်ခံမည် ဖြစ်သည့် အတွက် စိစစ် လက်ခံမည့်စခန်းများ ဆောင်လုပ်နေခြင်း၊ UEHRD ယာယီ မိုးကာ တဲများ ဆောက်လုပ်နေမှုများ ၊ နေအိမ်များ ဆောက်လုပ်ရန် မြေညှိနေမှုများကို သွားရောက်ကြည့်ရှု ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများတွင် ဖော်ပြထားသည်။ The post ဒုက္ခသည်များ လက်ခံရေး ပြန်လိုသူ စာရင်း ဘင်္ဂလားဒေ့ရှ် မပို့သေးဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2DzQBbI
via IFTTT
No comments:
Post a Comment