Thursday, January 18, 2018


ငလျင်ကြီး လှုပ်နိုင်ခြေရှိ ဒေသ အသေးစိတ် ကောင်းကင်ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးရေး စီစဉ် ပြင်းအားကြီးငလျင် လှုပ်ခတ်နိုင်ခြေ အများဆုံးဒေသဖြစ်သည့် မန္တလေး၊ အမရပူရ၊ အင်းဝမှ နေပြည်တော် အထိ အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရန် အတွက် ကောင်းကင်ဓာတ်ပုံ မှတ်တမ်း ရိုက်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင် ကော်မတီထံမှ သိရသည်။ ကောင်းကင်ဓာတ်ပုံ ရိုက်ယူသည့် လုပ်ငန်းစဉ်ကို အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံ ငလျင် ကော်မတီ၊ မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန (မိုး/ဇလ) ၊ မြေစာရင်း ဦးစီးဌာနနှင့် စင်ကာပူနိုင်ငံ နန်ယန်း နည်းပညာ တက္ကသိုလ်မှ ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့ ပူးပေါင်းပြီး ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ယခု သုတေသန ပြုလုပ်မည့် ဒေသတဝိုက်တွင် ငလျင်နောက်ဆုံး လှုပ်ခတ်ခဲ့သည့် ကာလမှာ ၁၈၃၉ ခုနှစ်က ဖြစ်သော ကြောင့် နှစ်ပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါး ငြိမ်သက်နေခဲ့သဖြင့် လှုပ်ခတ်ရန် အခွင့်အလမ်းများပြီး ပြင်းအား လည်း ကြီးမားနိုင်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ မျိုးသန့်က“၁၈၃၉ အင်းဝ ငလျင်အပိုင်းကို အင်းဝနားလောက်ကနေပြီးတော့ နေပြည်တော် တောင်ဘက် ပိုင်း လောက်ထိ နောက်ဆုံး လှုပ်ခဲ့တယ်လို့ ကျနော်တို့ ယူဆတာက ၁၈၃၉ က လှုပ်ခဲ့တယ်။ လှုပ်ခဲ့မယ် ဆိုရင်လည်း အခွင့်အလမ်း များနေတာရော ပြင်းအားကလည်းပဲ နည်းနည်းအင်အား ကြီးနိုင်တာရော အဲဒါကြောင့်မို့လို့ ထပ်ပြီးတော့ Advance ဖြစ်တဲ့ နည်းပညာကို သုံးပြီးတော့ လေ့လာကြမယ်ဆိုပြီး အစိုးရဆီကို ခွင့်တောင်းပြီး လုပ်ဖို့ကို ရည်မှန်း လိုက်တာပါ” ဟုလည်း ပြောပြသည်။ ယခင်က ကောင်းကင်ဓာတ်ပုံများကို အင်တာနက်မှ ဒေါင်းလုပ်ရယူ အသုံးပြုခြင်းဖြစ်၍ ပုံထွက် အရည်အသွေး (Resolution) မကောင်းမွန်သည့် အတွက် ကိုယ်တိုင် ရိုက်ယူခြင်းဖြင့် အသေးစိတ် အချက်အလက်များ ရရှိနိုင်ပြီး အဖြေ ပိုမိုတိကျနိုင်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။ ကောင်းကင် ဓာတ်ပုံ ရိုက်ယူနိုင်ခြင်းဖြင့် ငလျင်လှုပ်ခြင်းကြောင့် တောင်ကုန်း၊ တောင်တန်း၊ ချောင်း၊ မြောင်း တို့၏ ဘေးတိုက်အရွေ့ စသည့် ပြတ်ရွေ့တလျှောက် ဖြစ်နေသည့် ဘူမိဗေဒ ဆိုင်ရာ အချက်အလက်များကို အသေးစိတ် သိရှိလာမည်ဖြစ်ကြောင်း ဒေါက်တာ မျိုးသန့်က ရှင်းပြသည်။ မူလ ခန့်မှန်းချက်များအရ စစ်ကိုင်းပြတ်ရွေ့သည် ပျမ်းမျှအားဖြင့် တနှစ်လျှင် ၁၈ မီလီမီတာ မှ ၂၀ မီလီမီတာ အထိ အကြမ်းဖျင်း ရွေ့လျားနေသဖြင့် ယင်းအချက်အလက်ကို အတည်ပြုနိုင်ရန်လည်း သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ သုတေသန ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်သည့် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန အနေဖြင့် စစ်ကိုင်းပြတ်ရွေ့ ရွေ့လျား မှုကို စောင့်ကြည့်ရန် အတွက် မြေငလျင် တိုင်းတာစက် အလုံး ၃၀ တပ်ဆင်မည်ဖြစ်ပြီး ယခုလက်ရှိ အချိန် အထိ ၂၉ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန မြေငလျင်ဌာနခွဲ (ရန်ကုန်) မှ ဦးစီး အရာရှိ ဦးမျိုးနန္ဒအောင် က ဧရာဝတီ သို့ ပြောသည်။ ထို့အပြင် စစ်ကိုင်းပြတ်ရွေ့ကို လေ့လာရန် အတွက် GPS စုစုပေါင်း ၁၈ လုံး တပ်ဆင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အထက် ပိုင်းတွင် ၄ လုံး၊ အောက်ပိုင်းတွင် ၄ လုံးနှင့် အလယ်ပိုင်းတွင် ၉ လုံး တပ်ဆင်ပြီးဖြစ်ကာ အလယ်ပိုင်း၌ တပ်ဆင်ရန် ၁ လုံး ကျန်ရှိနေသေးကြောင်း အဆိုပါ ဌာနခွဲမှ သိရသည်။ မြေငလျင် ဌာနခွဲ (ရန်ကုန်) ဦးစီးအရာရှိ ဦးမျိုးနန္ဒအောင်က “စက်တပ်ဖို့ မြို့တွေကို ရွေးတာကတော့ သွားရေးလာရေး အဆင်ပြေတဲ့ နေရာတွေရယ် ပြီးတော့ မြေငလျင်ကြောတွေ နဲ့ နီးမယ့်မြို့တွေရယ် ရွေးတာပေါ့။ မြေငလျင် တိုင်းတာ ကို တော့ ငလျင်တိုင်းစက် တပ်တယ်၊ GPS ကတော့ တတန်း တည်း ကျအောင် ရွေးရတယ်၊ GPSက ဘာအတွက် တပ်တာလဲ ဆိုတော့ မြေငလျင်ကြော ရွေ့တဲ့နှုန်းကို သိအောင် တိုင်းတာပါ” ဟု ပြောသည်။ ၂၀၁၇ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခု ၂၀၁၈ ဇန်နဝါရီလတို့တွင် မြေငလျင်များ မကြာခဏ လှုပ်ခတ်လျက် ရှိသဖြင့် ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ၂၀၁၈ ဇန်နဝါရီအတွင်း ဖြူးမြို့ကို ဗဟိုပြုကာ အင်အား ရစ်ချက်တာစကေး ၆ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်ခဲ့ကာ ရန်ကုန်မြို့အနီး ဗဟိုပြု၍ ငလျင်ငယ်တခုလည်း လှုပ်ခတ်ခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များ အကြိမ် ၇၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှသိရသည်။ ၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပုဂံဘုရား ရာနှင့် ချီ ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ရာ ယနေ့အထိ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပုဂံဒေသအတွင်း ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း (AMA) က ထုတ်ပြန်ထားသည်။ The post ငလျင်ကြီး လှုပ်နိုင်ခြေရှိ ဒေသ အသေးစိတ် ကောင်းကင်ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးရေး စီစဉ် appeared first on ဧရာဝတီ.
Source : http://ift.tt/2risfks
via IFTTT

No comments:

Post a Comment