YBS တနှစ်လည် မျှော်လင့်ချက်နှင့် အခက်အခဲများ လွန်ခဲ့သောနှစ် ယခုအချိန်တွင် ရန်ကုန်မြို့မှ ဘတ်စ်ကားနှင့် ခရီးသွားသူ ၂ သန်းကျော်တို့သည် ဟောင်းနွမ်းစုတ်ပြတ်နေသော ကားများ၊ ရိုင်းစိုင်းသော ယာဉ်မောင်းများနှင့် ရန်လိုစွာ ရင်ဆိုင်တတ်သော စပယ်ယာများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြို့တော် ဘတ်စ်ကားစနစ်၏ အဓိက အပြောင်းအလဲတခုကို စိတ်လှုပ်ရှားစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် မထသ ခေါ် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီကို အစားထိုးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အားထုတ်မှုဖြစ်သည့် YBS ဟု အတိုကောက်သိကြသည့် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုလုပ်ငန်း ပေါ်ပေါက်လာခဲ့သည်။ YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လမ်းကြောင်းများ၌ ပြေးဆွဲသော ကားစီးရေ မလုံလောက်ဘဲ မှတ်တိုင်များတွင် လူများစုပုံနေသော်လည်း မထသ ၏ ညံ့ဖျင်းသော ဝန်ဆောင်မှုကို စိတ်ကုန်နေကြသော ရန်ကုန်သူ ရန်ကုန်သားများအနေဖြင့် YBS အပေါ် မျှော်လင့်ချက်ထား အကောင်းမြင်ခဲ့ကြသည်။ စေတနာ့ဝန်ထမ်းများကလည်း ကားမှတ်တိုင်များတွင် ခရီးသည်များကို ဘတ်စ်ကားလိုင်းသစ်များနှင့် လမ်းကြောင်းသစ်များကို ရှင်းပြပေးခဲ့သလို ကားပိုင်ဆိုင်သော စေတနာရှင်များကလည်း ဘတ်စ်ကား မလုံလောက်မှုကို ဖြေရှင်းပေးရန် ၎င်းတို့၏ယာဉ်များဖြင့် ခရီးသည်များကို အခမဲ့ပို့ဆောင်ပေးခဲ့ကြသည်။ ရန်ကုန်တိုင်းအစိုးရသည် YBS ကို အောင်မြင်စေရမည်ဟု ဆုံးဖြတ်ထားပုံရသည်။ တိုင်းအစိုးရသည် ဘတ်စ်ကားလိုင်းသစ်များကို မြို့တော်အတွင်းရှိ သယ်ယုပို့ဆောင်ရေးနည်းလမ် းအားလုံးကို ကြီးကြပ်သည့် အဖွဲ့အစည်းဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA ၏ လက်အောက်တွင် ထားရှိလိုက်ပြီး အများပိုင်ကုမ္ပဏီ ၂ ခုဖြစ်သည့် ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ – YBPC နှင့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ- YUPT တို့မှတဆင့် ကျပ်ငွေ ၇၀ ဘီလျံ ရင်းနှီးမြှုပ်နှံလိုက်သည်။ ကားသစ်များတွင် စပယ်ယာများ မထားတော့သော်လည်း အချို့ယာဉ်များတွင် ဆက်လက်အသုံးပြုဆဲ ဖြစ်သည်/ သက်ထွန်းနိုင် YBPC သည် လွန်ခဲ့သော နှစ်က ထိုငွေများအနက် အများစုဖြစ်သော အမေရိကန်ဒေါ်လာ ၅၆ သန်းကို တရုတ်နိုင်ငံမှ ဘတ်စ်ကား အစီး ၁၀၀၀ မှာယူရန် အသုံးပြုခဲ့သည်။ မက်စ် မြန်မာမှ ဦးဇော်ဇော် နှင့် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေးဖြစ်သူ၏ Omni Focus ကုမ္ပဏီတို့က နောက်ထပ် ဘတ်စ်ကား အစီး ၁၀၀၀ ဝယ်ယူသည်။ ယခု ၁၂ လကြာသောအခါ အသစ်စက်စက် တင်သွင်းထားသော အဝါရောင်နှင့် အနီရောင် ဘတ်စ်ကားကြီးများသည် အခြားသော ပုဂ္ဂလိက ယာဉ်လိုင်းပြေးဆွဲသူများ၏ ကားများနှင့်အတူ ရန်ကုန်၏ လမ်းမများတွင် ပြေးဆွဲနေကြပြီဖြစ်သည်။ “ကားသစ်တွေရောက်လာတော့ ခရီးသည်တွေအနေနဲ့ အရင်ကထက် ပိုပြီးသက်သောင့်သက်သာ သွားလာနိုင်တာပေါ့” ဟု ရန်ကုန်တွင် ယာဉ်လိုင်း ၄ ခုပြေးဆွဲနေသော ပါဝါ အလဲဗင်း ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောသည်။ ခရီးသည်များအနေဖြင့် ဘတ်စ်ကား ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး မည်သို့မြင်သည်ကို ဧရာဝတီ သတင်းဌာန မှ မေးမြန်းခဲ့ရာ အချို့သောသူများက YBS သည် ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း မထသ ထက်တော့သာသည်ဟုဖြေကြသည်။ အများစုက ဘတ်စ်ကားများပေါ်တွင် ယခင်ကကဲ့သို့ ရိုင်းစိုင်းသော စပါယ်ယာများ မရှိတော့သောကြောင့် ဝမ်းသာသည်ဟု ဖြေသည်။ YBS ဘတ်စ်ကားလိုင်း အများအပြားတွင် စပယ်ယာများကို ခန့်ထားခြင်းမရှိတော့သော်လည်း အချို့တွင် ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။ “အခု သက်တမ်း ၁ နှစ်ပဲ ရှိသေးတယ်။ YBS ဟာ အမှားတွေကိုပြင်ရင်း မကြာခင် ပိုကောင်းလာမယ်လို့ ထင်တာဘဲ။ သူတို့ကလည်း အဲဒီလို ပြင်ချင်စိတ် ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု YBS ခရီးသည်တဦးဖြစ်သူ ဦးစိုးဝင်းက ပြောပါသည်။ ထိုသို့ အကောင်းမြင်မှုများ ရှိသော်လည်း YBS ၏ လုပ်ငန်းများတွင် အမှားအယွင်းကင်းသည်တော့မဟုတ်ပေ။ ဇူလိုင်လက ဘတ်စ်ကား မတော်တဆမှုတခုတွင် လူ ၁၁ ဦးသေဆုံးပြီး အခြားသော YBS ဘတ်စ်ကားတစီးသည် နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်းအစိုးရရုံးများရှေ့တွင် ယာဉ် ၁၁ စီးကို ဆက်တိုက် တိုက်ခဲ့သည်။ ယာဉ်မောင်းများက ခရီးသည်များအပေါ် ရိုင်းပျမှုများနှင့် ညဘက်တွင် ဘတ်စ်ကားပြတ်ခြင်းတို့နှင့် ပတ်သက်သော တိုင်ကြားမှုများကလည်း ရှိနေဆဲဖြစ်သည်။ ရန်ကုန်မြို့၏ မီးပွိုင့်များတွင် အဟောင်းများကို မဖြုတ်ရသေး/ ချန်းစွန်း ထိုပြဿနာများအပြင် လွန်ခဲ့သော ၁၂ လအတွင်း ဘတ်စ်ကား စနစ်သစ်နှင့် ပတ်သက်သော အခြားသော အဓိက ပြဿနာများကို ဧရာဝတီ သတင်းဌာနက လေ့လာသိရှိခဲ့သည်။ ၎င်းတို့မှာ – ၁ – လုပ်ငန်းလိုင်စင် မရှိခြင်း ဒီဇင်ဘာလ နှောင်းပိုင်းအထိ YBS ယာဉ်လိုင်း ၉၆ လိုင်း တွင် ပြေးဆွဲနေသော ဘတ်စ်ကား ၅၄၀၀ ကျော်အနက် ထက်ဝက်ပင် မပြည့်သော ယာဉ်များတွင်သာ လုပ်ငန်းလိုင်စင်ရှိသည်ကို ဧရာဝတီ သတင်းဌာန မှ ကြည့်ရှု့ခွင့်ရခဲ့သည့် YBS စာရင်းဇယားများအရ သိရသည်။ ထိုကြောင့် စည်းကမ်းထိန်းသိမ်းရေးပိုင်းနှင့် ယာဉ်များ မတော်တဆမှုဖြစ်သောအခါ နောက်ဆက်တွဲ အရေးယူရန် ခက်ခဲနေသည့်အပြင် YRTA အနေဖြင့် ဝင်ငွေကျပ်သန်းပေါင်းများစွာ ဆုံးရှုံးရသည်ကိုလည်း တွေ့ရှိရသည်။ ဘတ်စ်ကား အစီး ၃၅၀၀ ကျော်ကို လုပ်ငန်းလိုင်စင် မရှိခြင်းမှာ အစိုးရကြိုးနီစနစ်ကြောင့်ဟု ဘတ်စ်ကားလိုင်းပြေးဆွဲသူများက ဆိုပြီး လုပ်ငန်းလိုင်စင် ရရန် လပေါင်းများစွာ စောင့်ရသည်ဟု သူတို့က ဆိုသည်။ “အဲဒီတော့ ဘတ်စ်ကားလိုင်းပြေးဆွဲသူ အများစုက လိုင်စင် မရှိလည်း ဂရုမစိုက်ကြတော့ဘူး” ဟု ဘတ်စ်ကားလိုင်းပြေးဆွဲသူ တဦးက ပြောသည်။ (ယခု ဆောင်းပါးအတွက် ဧရာဝတီသတင်းဌာနသည် ဘတ်စ်ကားလိုင်းပြေးဆွဲသူများ၊ YBS စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်များနှင့် YBS နှင့် YRTAတို့နှင့် နီးစပ်သောသူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့တက်ရောက်သော YBS အစည်းအဝေးများအကြောင်း မီဒီယာများကို မပြောရန်နှင့် ၎င်းတို့၏ ဖေ့စ်ဘွတ်များတွင် မရေးရန် ဘတ်စ်ကားလိုင်းပြေးဆွဲသူများကို YRTA က လွန်ခဲ့သော ဒီဇင်ဘာလက ကန့်သတ်ခဲ့သောကြောင့် ဧရာဝတီနှင့် တွေ့ဆုံခဲ့သူများက ၎င်းတို့၏ အမည်များကို ထည့်သွင်းခြင် းမပြုရန် တောင်းဆိုကြပါသဖြင့် သတင်းရင်းမြစ်များ၏ အမည်များကို ထိန်ချန်ထားပါမည်။) “တချို့ ဘတ်စ်ကားလိုင်းပြေးဆွဲသူတွေက ကားလိုင်းပြေးဖို့ ကားရောင်းသူတွေရဲ့ အကူအညီနဲ့ ဘတ်စ်ကားသစ်တွေ သွင်းတယ်။ သူတို့တွေလည်း လုပ်ငန်းလိုင်စင် မရှိကြသလောက်ပဲ” ဟုလည်း သူက ပြောသည်။ ထို့ကြောင့် YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ကားစီးရေသည် ဘတ်စ်ကား စနစ်တွင် လိုအပ်သည်ထက် ပိုမိုများပြားနေကာ မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေသည်။ ထို့အပြင် ဘတ်စ်ကား အရေအတွက် များနေခြင်းကြောင့် ခရီးသည် ရရှိရေးအတွက် အပြိုင်အဆိုင် လုပ်နေရပြီး ဘတ်စကားလိုင်းပြေးဆွဲသူများ၏ နေ့စဉ် ဝင်ငွေကို ထိခိုက်စေသည်။ လုပ်ငန်းလိုင်စင်မရှိသော ယာဉ်များသည် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပိူ့ဆေင်ရေး အာဏာပိုင်အဖွဲ့- YRTA အတွက်လည်း ပြဿနာများ ဖြစ်စေသည်ဟု YBS စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် တဦးက ဆိုသည်။ YRTA မှတ်ပုံတင်ထားသော ဘတ်စ်ကားများ အားလုံးသည် အာဏာပိုင်အဖွဲ့သို့ စီမံခန့်ခွဲစရိတ် တစီးလျှင် ၄၀၀၀ ကျပ် တရားဝင်ပေးရမည်ဖြစ်သည်။ “လုပ်ငန်းလိုင်စင်မရှိတဲ့ ဘတ်စ်ကား ( YRTA တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဘတ်စ်ကားများ) တွေဟာ ဒီအခွန်ကို ပေးစရာ မလိုတဲ့ သဘောဖြစ်နေတယ်” ဟု ရှင်းပြသည်။ ထို့ကြောင့် YRTA သည် နေ့စဉ် ဝင်ငွေ ကျပ်ငွေ ၁၄ သန်း ဆုံးရှုံပြီး သက်ဆိုင်ရာ ဘတ်စ်ကားလိုင်းများကို ကြီးကြပ်နေသူများအကြား အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိနေသည်ဟု ဆိုသည်။ ထိုသို့ ဘတ်စ်ကား အများစု လုပ်ငန်းလိုင်စင်မရှိသည့် အကြောင်းကို အင်္ဂါနေ့က ကျင်းပသည့် YBS နှစ်ပတ်လည်ပွဲတွင် ဧရာဝတီက မေးမြန်းရာ YRTA အဖွဲ့ဝင် ယခင် မထသ၏ ဥက္ကဌ ဦးလှအောင်မှ ယခင်က ယာဉ်လိုအပ်ချက်အရ လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စနစ်တကျ လုပ်ငန်းလိုင်စင်နှင့် ညီညွတ်စေရေး ဆောင်ရွက်နေကြောင်း ဖြေကြားသည်။ “လုပ်ငန်းလိုင်စင် ရရှိရေးကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် ပြန်စာရင်းကောက်နေပြီး ပြေးဆွဲမှုတွေကိုလည်း စိစစ်နေပါတယ်” ဟု ပြောသည်။ ၂ – ‘င’ လိုင်စင်မဲ့ ယာဉ်မောင်းများ YBS တွင် ယာဉ်မောင်းပေါင်း ၅၄၀၀ ကျော်အနက် ၂၀၀၀ ကျော်သာ ဘတ်စ်ကားများအပါအဝင် စီးပွားရေးလုပ်ငန်းသုံး ယာဉ်မောင်းနှင်ရန် အရည်အချင်းပြည့်မီသည်ကို တွေ့ရှိရသည်။ ကျန်သူများသည် ၃ တန်အောက် ကိုယ်ပိုင်ကားကိုသာ မောင်းနှင်ခွင့်ရှိသည့် ‘ခ’ အဆင့် ယာဉ်မောင်းလိုင်စင် အနက် ကိုင်ဆောင်ထားသူများသာ ဖြစ်သည်ဟု YBS စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်တဦး၏ အဆိုအရ သိရသည်။ မြန်မာနိုင်ငံ မော်တော်ယာဉ် ဥပဒေအရ ဘတ်စ်ကား မောင်းနှင်သူ မည်သူမဆိုသည် ‘င’ လိုင်စင်ရှိရန် လိုသည်။ YRTA သည် ‘ခ’ အဆင့် လိုင်စင်ရှိသူများကို ဘတ်စ်ကားမောင်းနှင်ရန် သင့်တော်စေရေးအတွက် ကျွမ်းကျင်မှု မြှင့်တင်ပေးရန် ၂ ပတ်သင်တန်းပေးခဲ့သည်။ သို့သော် ပြီးခဲ့သောနှစ်က ပြုလုပ်ခဲ့သည့် ထိုသင်တန်းသို့ တက်ရောက်သူမှာ ၅၀၀ ပင် မပြည့်ပေ။ “ဘတ်စ်ကားမောင်းတယ်ဆိုတာ ကိုယ်ပိုင်ကားလေးမောင်းတာနဲ့မတူဘူး။ ဒီတော့ ခရီးသည်တွေအတွက် အန္တရာယ်များတယ်” ဟု ထိုသူက ဆိုသည်။ ပိုမိုဆိုးရွားသည်မှာ YBS ဘတ်စ်ကား အများစုကို အာမခံထားသော်လည်း ယာဉ်မောင်းသည် ‘ခ’ လိုင်ဆောင်သူဖြစ်လျှင် ယာဉ်တိုက်မှုဖြစ်ပါက အာမခံကြေးတွင် ဘတ်စ်ကားနှင့် ထိခိုက်သူ ခရီးသည်အတွက် အကြုံးမဝင်ဟုလည်း သူက ပြောသည်။ ထိုသို့ လိုင်စင်အနီ မရှိကြသည့်အကြောင်း ဧရာဝတီက မေးမြန်းရာ အင်္ဂါနေ့က ကျင်းပခဲ့သည့် YBS တနှစ်ပြည့်အခမ်းအနားတွင် YRTA အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က “အဲဒါတွေအတွက် အထူးသင်တန်းတွေ အခုပေးနေပါတယ်။ ပြီးရင်တော့ ယာဉ်မောင်းကတ်ပြ ားထုတ်ပေးနေပါတယ်။ ‘င’ လိုင်စင်ရဖို့ကို”ဟုသာ ဖြေကြားခဲ့သည်။ ယာဉ်လိုင်းပြေးဆွဲသူများအနက် တဦးကလည်း လက်ရှိ ယာဉ်မောင်းများ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းသည် ‘ခ’ လိုင်စင် ကိုင်ဆောင်သူများဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ “ဟုတ်ပါတယ်၊ ဒါဟာ ဥပဒေနဲ့မညီဘူး၊ ဒါပေမယ့် လိုအပ်တဲ့ယာဉ်မောင်း ရရှိရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်” ဟုလည်း သူက ရှင်းပြသည်။ ရန်ကုန်ယာဉ်ကြော ထိန်းချုပ်ရေးစနစ်တွင် အနှေးယာဉ်များအတွက်လည်း ထည့်စဉ်းစားရမည်/ သက်ထွန်းနိုင် ၃ – ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥပဒေ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တွင် ဥပဒေ မရှိခြင်းကြောင့် YBS နှင့် YRTA အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်မပြေဖြစ်ရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ လက်ရှိတွင် YRTA ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်နေပြီး YBS သည် အာဏာပိုင်အဖွဲ့၏ အောက်တွင် ရှိသည်။ တိုင်းဒေသကြီးအစိုးရသည် YRTA ဥပဒေ မူကြမ်းရေးဆွဲနေသည်ဟု လွန်ခဲ့သော ဧပြီလက ကျင်းပသော ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ သို့သော် နောက်ပိုင်းတွင် မည်သည့်သတင်းမျှ မကြားရတော့ပေ။ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ ထိုဥပဒေ အကြောင်း YRTA အစည်းအဝေးများတွင် ဆွေးနွေးသည်မှာ မရှိသလောက်ဟု သိရသည်။ “ဘယ်သူက ဘာတာဝန်ယူမယ်ဆိုတာနဲ့ပတ်သက်ပြီး ဥပဒေအရ အတည်ပြုထားတဲ့ စနစ်ကျတဲ့ ဖွဲ့စည်းပုံ ရှိသင့်တယ်။ အခု ကျနော်တို့ ရင်ဆိုင်နေရတာက လူတွေက ဘယ်သူက ဘာလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိဘူး ဖြစ်နေတာ” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ- JICA နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်- ADB တို့သည် ထိုဥပဒေကြမ်းကို ကူညီရေးဆွဲရန် ကမ်းလှမ်းထားသော်လည်း ထိုမူကြမ်းသည် မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး အများပြည်သူနှင့်တိုင်ပင်နှီးနှောရန် လိုသည်ဟုလည်း ဧရာဝတီမှ တွေ့ဆုံခဲ့သူများမှ ဆိုသည်။ “JICA နဲ့ ADB က ရေးဆွဲတဲ့ ဥပဒေကြမ်းကို လွှတ်တော်ကို တင်သလို အများပြည်သူက ဆွေးနွေးနိုင်ဖို့လည်း ဖွင့်ပေးသင့်တယ်။ အစိုးရက မှန်တယ် ထင်လို့ လုပ်တာမျိုး မဖြစ်သင့်ဘူး” ဟုလည်း ပြောသည်။ သို့သော် YBS နှစ်ပတ်လည်ပွဲတွင် YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အဆိုပါဥပဒေကြမ်းကို လေးခါခန့် ပြန်ပြင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး ဥပဒေကျွမ်းကျင်သူများနှင့် သေချာရေးဆွဲနေကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းနေကြောင်း ပြောသည်။ ဥပဒေကြမ်းကို ယခုနှစ်အတွင်း ပြီးအောင်ကြိုးစားမည်ဖြစ်ပြီး ပြီးစီးပါက လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း ဆိုသည်။ ၄ – ယာဉ်ကြော ထိန်းချုပ်ရေး ဌာန YRTA သည် ပိုမိုကောင်းမွန်သော ဘတ်စ်ကား ကွန်ရက်နှင့် ကွန်ပြုတာ အသုံးပြု ယာဉ်ကြောထိန်းချုပ်မှု စနစ်အရ ယာဉ်ကြောပိတ်ဆို့မှု ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် မျှော်လင့်သည်ဟု ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။ သို့သော် ရန်ကုန် ပြည်သူ့ ရင်ပြင်ရှိ ယာဉ်ကြောထိန်းချုပ်ရေးဌာနသည် ပြီးရမည့်အချိန်ထက် တနှစ်ကျော်ကြာနောက်ကျနေပြီး ယခုတိုင် လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိသေးပေ။ ယာဉ်ကြော ထိန်းချုပ်ရေးဌာနက တပ်ဆင်ပေးမည့် မီးပွိုင့်သစ်များ စနစ်တကျ အလုပ်မလုပ်နိုင်သေးသောကြောင့် ရန်ကုန်မှ ယာဉ်မောင်းများသည် မီပွိုင့်ဟောင်းများကိုသာ အားကိုးသွားလာနေရသည်။ ထိုယာဉ်ကြောထိန်းသိန်းရေးဌာန၏ စီစီတီဗီက ရေတွက်သော ဖြတ်သန်းသွားသည့် မော်တော်ယာဉ်အရေအတွက်သည် များသောအားဖြင့် ၅၀ ရာခိုင်နှုန်း မှားနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အစိုးရက ငှားရမ်းခဲ့သော တရုတ်လုပ်ငန်းတခုသည် ငွေအကျေ မရသေးသောကြောင့် နိုင်ငံမှ ထွက်သွားသဖြင့် နည်းပညာ လွှဲပြောင်း ပေးခြင် းမရှိဟု ၎င်းတို့က ဆိုသည်။ ထို့ကြောင့်ပင် ယာဉ်ကြောထိန်းချုပ်ရေးဌာနအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့သော ထိုအဆောက်အအုံသည် များသောအားဖြင့် လူသူကင်းမဲ့နေရသည်။ “အခက်အခဲလေးတွေ နည်းနည်းရှိနေတယ်။ မြေအောက် ဖိုင်ဘာနဲ့ ဆက်သွယ်တဲ့ အပိုင်းတွေက ခက်တယ်။ ပြန်ညှိနေပါတယ်။ အဝိုင်းမှာ အဆင်ပြေမပြေ စမ်းနေတာတွေ ရှိတယ်။ ပြီးရင် အမြန်ဆုံး ဖွင့်နိုင်အောင် လုပ်ပါမယ်” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဧရာဝတီသို့ အင်္ဂါနေ့က ပြောသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာနှင့် စမ်းယမင်းအောင်တို့ ရေးသားသော Hopes and Troubles Mark YBS’ First Anniversary ဆောင်းပါးအား ဖြည့်စွက် ဘာသာပြန်ထားပါသည်။) The post YBS တနှစ်လည် မျှော်လင့်ချက်နှင့် အခက်အခဲများ appeared first on ဧရာဝတီ.
Source : http://ift.tt/2DIoSWz
via IFTTT
No comments:
Post a Comment