Thursday, January 18, 2018

The Ladies News

တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်၍လည်းကောင်း၊ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာခုန်ရွှယ်ယို့နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရှောင် ယွမ်မင်းတို့ ဦးဆောင်၍ လည်းကောင်း တက်ရောက်ဆွေးနွေး ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြု သဘောဆောင်သော ကူညီပံ့ပိုးမှုများ ပေးအပ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်/ထွက် သွားလာမှုများ တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ တားဆီး နှိမ်နင်းရေး၊ တရားဝင် ကူးသန်းရောင်း ဝယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပသည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို မြန်မာနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်မှုနှင့် အကျိုးသက်ရောက်မှုများ ပိုမိုရရှိစေရန် အတွက်လည်းကောင်း၊ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နှစ်နိုင်ငံအကြား အလှည့်ကျ ကျင်းပလျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်၌ လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကူမင်းမြို့၌ လည်းကောင်း ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က အစည်းအဝေးသို့ တက်ရောက်လာသည့် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ဝင် များအား Lake Garden ဟိုတယ်ရှိ MGallery တွင် နေ့လယ်စာ ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ မကျင်းပမီ ဇန်နဝါရီ ၁၆ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ခုန်ရွှယ်ယို့ တို့ဦးဆောင်သော နှစ်ဖက် နိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့များသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၌လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ် ရှောင်ယွမ်မင်း တို့ဦးဆောင်သော နှစ်ဖက်ကာကွယ်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ရွှေနန်းတော် ဟိုတယ်၌လည်းကောင်း သီးခြားစီ ကြိုတင်ပြင်ဆင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2FPxjjl
via IFTTT

No comments:

Post a Comment