အိန္ဒိယ နိုင်ငံသားတို့၏ အချစ်တော် ကျားကြီးတစ်ကောင် ပျောက်ဆုံးနေသည့်နောက် အကြီးအကျယ် ဖြန့်ကျက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ဂျိုင်ဟုခေါ်သော ကျားကြီးသည် လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်လူသိများလာပြီး အိန္ဒိယ၏ အချစ်တော် တောရိုင်းတိရစ္ဆာန် ဖြစ်လာသည်။ ၎င်းသည် ကျေးရွာများ၊ မြစ်များ၊ အဝေးပြေး လမ်းမများကို ဖြတ်သန်းကာ မိတ်ဖက် ရှာဖွေခဲ့သည့် ခရီးစဉ်ကြောင့် ထင်ရှားလာပြီး နောက်ဆုံးတွင် ရည်မှန်းချက် အောင်မြင်ခဲ့သည်။ အဆိုပါ ကျားကြီးကို ၁၉၇၅ ခုနှစ်က နာမည်ကြီးခဲ့သည့် ဘောလိဝုဒ်ရုပ်ရှင် Sholayမှ မင်းသား အမီတာဘတ်ချန်၏ ဇာတ်ရုပ်အတိုင်း အစွဲပြု အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ပေါင်ချိန် ၂၅ဝ အလေးချိန်ရှိသည့် ၇ နှစ်အရွယ် ကျားထီးကြီးသည် လွန်ခဲ့သော ၃ လခန့်ကမူ ၎င်းနေထိုင် ကျက်စားရာ အမ်းရက်ဒ် ခါဟန်ဒလာ သဘာဝ ဘေးမဲ့တောရိုင်းနယ်မြေအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းကို နောက်ဆုံးတွေ့မြင်ခဲ့သည့် အချိန်သည် ဧပြီ ၁၈ ရက်က ဖြစ်သည်။ ဂျိုင်၏ ကံကြမ္မာကို အိန္ဒိယ နိုင်ငံသား သန်းပေါင်းများစွာက စိုးရိမ်လျက်ရှိပြီး သစ်တောအာဏာပိုင် အဖွဲ့အစည်းများကလည်း ဂျိုင်ကို ရှာတွေ့ရန် အစွမ်းကုန် အားထုတ် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် မဟာရာရှက်ထရာ ပြည်နယ်တွင် ဂျိုင်ကို ရှာတွေ့ရန် ကြီးမားသည့် ရှာဖွေရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နေပြီဟု သိရသည်။ နိုင်ငံတကာ ကျားများနေ့အဖြစ် သတ်မှတ်ထားသည့် ဇူလိုင် ၂၉ ရက်တွင် ဂျိုင်၏ သတင်းကောင်းကို ထုတ်ပြန် ကြေညာနိုင်ရန် မျှော်လင့်ခဲ့သော်လည်း လက်ရှိ အချိန်ထိ မည်သည့် သဲလွန်စမျှ မရသေးဟု အိန္ဒိယမှ ကျားတို့၏ ဓလေ့သဘာဝ ကျွမ်းကျင်ပညာရှင် အမ်အက်စ် ရက်ဒေးက AFPသို့ ပြောကြားခဲ့သည်။ ဂျိုင်၏ လည်ပင်းတွင် အီလက်ထရောနစ် လမ်းညွှန်စနစ် လည်ပတ်ကို တပ်ဆင်ပေးထားပြီး ယင်းမှ အချက်ပြ သင်္ကေတများ ပျောက်ဆုံးသွားသည့်နောက် သစ်တော အမှုထမ်းများက စတင် စိုးရိမ်လာသည်။ ပြည်နယ် အစိုးရသည် ဂျိုင်ရှိနေမည့် နေရာကို သတင်းပေးနိုင်သူအား ဆုငွေ ရူပီး ငါးသောင်း (၇၄၅ ဒေါ်လာ) ချီးမြှင့်မည်ဟု ကြေညာထားသည်။ ဂျိုင်ပျောက်ဆုံးနေသည့်နောက် ၎င်းကို ချစ်ခင်သူများက ကျားကြီး ဘေးကင်းစေရန် ဘာသာရေး ယုံကြည်မှုအလိုက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သလို ဂျိုင်ကို အမြန်ဆုံး ရှာဖွေပေးရန် ဆန္ဒပြ တောင်းဆိုမှုများလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 7day news
Source : http://ift.tt/2ah0L1R
via IFTTT
No comments:
Post a Comment