Thursday, July 28, 2016


ဆံရစ်ဝိုင်းနဲ့ ဂုဏ်ထူးတန်း ကျောင်းသူ ညီညီဇော် ================== အညာမြေရွှေဘို၏ တက္ကသိုလ်မြေတွင် ရောင်စုံခြယ်ကျောင်းသား၊ ကျောင်းသူလေးများ အရောင်တဖျပ်ဖျပ်တောက်ပကာ တက္ကသိုလ်၏အလှကို မွမ်းမံနေကြသည်။ တက္ကသိုလ်မြေမှာ ပညာရည်နို့သောက်စို့ရင်း နုနယ်ငယ်ရွယ်လှသွေး ကြွယ်ကြချိန်မို့ မည်သူ့ကိုပဲကြည့်ကြည့် နုပျိုလန်းဆန်းတက်ကြွကာ ရွှင်လန်းမှုအပြည့်။ ငယ်ဂုဏ်ကလေးတွေကလည်းရှိပြန်၊ အရွယ်အလျောက် တတ်မြောက်လာသည့် ပြင်တတ်ဆင်တတ်မှုကလေးကလည်း ပါလာပြန်ဆိုတော့ ရွှေဘိုတက္ကသိုလ်ထဲ ဝင်လိုက်ရသည်မှာ ရောင်စုံပန်းခင်းကြီးထဲ ဝင်လိုက်ရသကဲ့သို့ပင်။ စံပယ်လည်း စံပယ်အလျောက်၊ နှင်းဆီလည်း နှင်းဆီအလျောက်၊ သဇင်လည်း သဇင်အလျောက် သူ့အတိုင်းအတာနှင့်သူ သူ့အလှနှင့်သူ လှသည်ချည်း။ ထိုသို့ အလှကိုယ်စီ ဝေဆာနေသည့် တက္ကသိုလ်ပန်းခင်းကြီးထဲတွင် အခြားပန်းများနှင့်မတူ တစ်မူထူးသည့် အလှတစ်မျိုးဖြင့် ဖူးပွင့်နေသည့် ပန်းကလေးတစ်ပွင့်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုပန်းကလေးအမည်ကတော့ ခင်မျိုးဦးဟု ခေါ်လေသည်။ ခင်မျိုးဦးသည် မသွယ်လွန်း မဝိုင်းလွန်းသော အနေတော် မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားသည်။ ထိုမျက်နှာပြင်ပေါ်တွင် ထူထဲပြီး မှိုင်းညို့နေသည့် မျက်ခုံးနှစ်ဖက်က အလိုက်သင့်ကလေး ခုံးနေပါ၏။ မျက်ခုံးနှစ်ဖက်အောက်တွင်တော့ ရယ်လိုက်တိုင်း ကြည်လဲ့သွားသည့် မျက်ဝန်းတစ်စုံ တည်ရှိနေသည်။ ထိုမျက်ဝန်းတွေကြား ဖြောင့်စင်းနေသည့် နှာတံလေးက ခပ်သွယ်သွယ် စီးဆင်းနေလေသည်။ နှာတံအဆုံးမှာတော့ နှင်းဆီဖူးသဏ္ဌာန် နှုတ်ခမ်းအစုံက ခပ်တင်းတင်းလေးစေ့ထားသည်။ အားလုံး အချိုးညီစွာပေါင်းလိုက်တော့ ခင်မျိုးဦးသည် မိန်းမချောတစ်ယောက်ဟု ဆိုနိုင်လေသည်။ ခင်မျိုးဦး၏ မိန်းမချောအင်္ဂါရပ်ကို ပိုမိုတောက်ပစေသည့် အရာကလေးတစ်ခုကတော့ဖြင့် သူ့ခေါင်းထက်တွင် တည်ရှိလို့နေသည်။ ထိုအရာကလေးကြောင့် ခင်မျိုးဦးအလှ ပို၍ပေါ်လွင်ခဲ့ရသည်။ ဆန့်ကျင်ဘက် အမျိုးသားများသာမက အမျိုးသမီးချင်းပါ ငေးယူရသည်အထိ တောက်ပခဲ့ရသည်။ ထိုအရာလေးကတော့ ခင်မျိုးဦး၏ ဦးခေါင်းထက်တွင် ကျက်သရေရှိစွာ စံမြန်းနေသည့် ဆံရစ်ဝိုင်းကလေးပင် ဖြစ်လေသည်။ အသက်(၂၀)အရွယ်ရှိ ပထမနှစ် ဂုဏ်ထူးတန်း ဓာတုဗေဒကျောင်းသူ ခင်မျိုးဦးသည် ရွှေဘိုတက္ကသိုလ်ရှိ ထိပ်တန်းအချော အလှစာရင်းတွင် ပါဝင်ပါသည်။ အထူးသဖြင့် နဂိုအလှမှာ ဆင့်ထားသည့် ဆံရစ်ဝိုင်းကလေးကြောင့်လည်း ရွှေဘိုတက္ကသိုလ်မှာ ရေပန်းစားလှသည်။ တက္ကသိုလ်ရောက်စ ပထမနှစ်က မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ဓာတုဗေဒဘာသာရပ်၏ အလှဘုရင်မ (Queen) ဆုကိုလည်း ရရှိထားသူ ဖြစ်ပါ၏။ ခင်မျိုးဦးသည် တမင်တကာဟန်လုပ်ကာ ဆံရစ်ဝိုင်းထားခြင်းတော့ မဟုတ်ပါ။ သူသည် ကန့်ဘလူမြို့နယ် တည်ပင်ရွာဇာတိ ဖြစ်သည်။ သူခပ်ငယ်ငယ် (၆)နှစ်၊ (၇)နှစ်အရွယ်ကတည်းက အဘိုးဖြစ်သူသည် သူ့ဆံပင်ကို ဆံရစ်ဝိုင်းသဏ္ဌာန် ကိုက်ပေးလိုက်သည်။ တည်ပင်ရွာမှာ ဆံရစ်ဝိုင်းနှင့်နေသူ မရှိသော်လည်း အဘိုးက သူ့ဇာတိ ကန့်ဘလူနယ် ရှမ်းကုန်းရွာက ကျေးတောသူ တချို့တွေ နေသလို ဆံရစ်ဝိုင်းကလေးဖြစ်အောင် ပုံသွင်းပေးလိုက်ခြင်း ဖြစ်သည်။ ခင်မျိုးဦးသည်လည်း အဘိုးဖြစ်သူ ပုံသွင်းပေးလိုက်သည့် မြန်မာဆန်ဆန် ဆံရစ်ဝိုင်းကလေးဖြင့်နေရသည်ကို သဘောကျလေသည်။ ရွယ်တူသူငယ်ချင်း ဘိုကေတွေကြား ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦးက တစ်မျိုးတစ်ဘာသာ ဆန်းလို့နေသည်။ ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦး လေးကို ကလေးဘာသာဘာဝ စနောက်ကြလျှင်လည်း ခင်မျိုးဦး ပြန်လှန်ပြောလေ့မရှိ။ နဂိုအနေအေးသည့် ကျေးတောသူလေးမို့ ပြောလေစလေဖြစ်မည် စိုးသည်ကြောင့် အသာလေးပြုံး၍သာ တုံ့ ပြန်တတ်သည်။ ဆံရစ်၀ိုင်းနှင့် ဂုဏ်ထူးတန်းကျောင်းသူ မခင်မျိုးဦးကို စာသင်ခန်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ညီညီဇော်) ဆံရစ်ဝိုင်းထားသူတွေက အရွယ်ကလေးရလာလျှင် ဆံပင်ကို အုပ်လုံးသိမ်းပြီး ရိုးရိုးဆံပင်ပုံစံဖြင့် နေလေ့ရှိကြသည်။ ခင်မျိုးဦးကတော့ ထိုသို့မဟုတ်။ တက္ကသိုလ်တက်ရတော့လည်း ထိုဆံရစ်ဝိုင်းလေးကိုမဖြုတ်ခဲ့။ ကျောင်းပိတ်၍ ရွာပြန်သည့်အခါတိုင်း အဘိုးဆီ ဝင်တွေ့သည့်အခါ အဘိုးဖြစ်သူက ‘‘ငါ့မြေး ဆံရစ်ဝိုင်း ဖြုတ်ချင်ပြီလား။ မဖြုတ်နဲ့ဦးနော်’’ ဟု သူ့ဟာသူမေးပြီး သူ့မေးခွန်းသူ ပြန်ပိတ်သွားလေတိုင်း ခင်မျိုးဦး ရယ်မောခဲ့ရသည်။ ‘‘မဖြုတ်ပါဘူး အဘိုးရဲ့’’ ဟု ခပ်ပြုံးပြုံးလေးဆိုတော့ ရိုးရာချစ် အဘိုးဖြစ်သူ ကျေနပ်ရတော့သည်။ ခင်မျိုးဦးက အဘိုး၊ အဘွားဆိုဆုံးမစကားအပြင် အဖေ၊ အမေတွေ၏ ရင်အုပ်မကွာ စောင့်ရှောက်မှုကိုလည်း ကောင်းမွန်စွာခံယူခဲ့ရပါ၏။ အထူးသဖြင့် မြန်မာအမျိုးသမီးကလေးတွေ ဘယ်ပုံဘယ်လိုနေထိုင်ရမည်ဆိုတာကို မိခင်ဖြစ်သူမှလည်း အိမ်အလုပ်တွေ ကူခိုင်းစေရင်း သင်ပြပေးခဲ့သည်။ ထို့ကြောင့် မြို့ပြလူနေမှုတွေကြား တက္ကသိုလ်ကျောင်းတော်ကြီးရောက် ခင်မျိုးဦး၏ အပြုအမူအချို့တွေသည် အနည်းငယ်ကွဲပြားနေလေ၏။ ကြည့်လေ။ တက္ကသိုလ်ကျောင်းတော်ကြီးကိုရောက်တာ သုံးလေးနှစ်ကျော်၍ ဂုဏ်ထူးတန်းကျောင်းသူကြီး ဖြစ်လာသော်လည်း ဆံရစ်ဝိုင်းကျောင်းသူ ခင်မျိုးဦးသည် အခြားသူတွေလို ခေတ်ပေါ်အဝတ်အစားတွေ ဝတ်လေ့မရှိ။ ရွာက အမေချုပ်ပေးလိုက်သော ပါတိတ်ထည်နှင့် အခြားမြန်မာဝတ်စုံလေးတွေသာ သူ့ဆံရစ်ဝိုင်းလေးနှင့် လိုက်ဖက်စွာဝတ်ဆင်လေ့ရှိသည်။ နောက်ပြီး ခေတ်ပေါ်အလှအပဆိုင်ရာပစ္စည်းတွေလည်း သုံးစွဲလေ့မရှိ။ ရွာကနေ ကျောင်းတက်ဖို့ အဆောင်ကိုလာတိုင်း အိမ်မှာ အမေရောင်းသည့် ကျောက်ပျဉ်ကြီးတစ်ချပ်ကို အလေးခံပြီးရအောင်သယ်သည်။ ပြီးနောက် ရွှေဘိုက သနပ်ခါးတုံးစစ်စစ်ကိုဝယ်ကာ တဗြင်းဗြင်းသွေးပြီး သနပ်ခါးအဖွေးသားဖြင့် ကျောင်းတက်လေ့ရှိသည်။ ဆံရစ်ဝိုင်းမို့ စုထုံးထား၍သာ မသိသာသည့် ဒူးလောက်အထိ ရှည်လျားနေသော ဆံပင်တွေအတွက်လည်း ခေတ်ပေါ်ဆံသားထိန်းသိမ်းရေးပစ္စည်းတွေ၊ အမွှေးနံ့သာတွေမသုံး။ ရွာက အမေပင်ထည့်ပေးလိုက်သည့် ပလတ်စတစ်ဘူးလေးထဲမှ အုန်းဆီစစ်စစ်ကိုသာ ဆံသားတစ်အုံလုံး ရွှဲရွှဲစိုအောင် လိမ်းလေသည်။ ‘‘ဘာလို့ မိတ်ကပ်တွေဘာတွေ မသုံးတာတုံး’’ ဟု မေးလိုက်လျှင်တော့ ပိုက်ဆံကုန်မှာစိုးလို့ဟု ရယ်ကျဲကျဲဖြေလေသည်။ ကျေးလက်နေ ကလေးတွေက ငယ်စဉ်ကတည်းက မိဘနှင့်အတူ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ငယ်ဘဝဖြတ်သန်းခဲ့ရသူတွေမို့ အိမ်ကဆန်အိုး ဆန်မရှိလည်း ကလေးတွေက သိကြပါ၏။ မီးဖိုချောင်က ဆီပုလင်း ဖင်ကပ်လောက်သာ ကျန်သည်ကိုလည်း နားလည်ကြပါ၏။ ထိုကလေးမျိုးတွေထဲ တောင်သူသားသမီးဖြစ်သည့် ခင်မျိုးဦးလည်းပါဝင်တာမို့ ငွေဘယ်လောက်ရှာရခက်တယ်ဆိုတာ နားလည်ပုံရလေသည်။ ရွာမှာထိုက်သင့်သည့် စီးပွားရေးအခြေအနေ ရှိသော်ငြားလည်း ခင်မျိုးဦးတစ်ယောက် ရှာရခက်သည့်ငွေကို ဗုံးပေါလအော သုံးမပစ်ရက်။ နွားနှင့်အတူ ဖက်ရုန်းနေမည့် အိမ်ဆိုင်အလုပ်၊ အိမ်အလုပ်ဖြင့် တစ်ဖက်တစ်လမ်း ဝင်ငွေရှာနေရမည့် အဖေတို့၊ အမေတို့ကို ခင်မျိုးဦး သနားလေသည်။ ကိုယ်တိုင်မရှာနိုင်သေးသည့် ငွေကို ကိုယ်တိုင်မသုံးချင်သေး။ ဂုဏ်ထူးတန်း တက္ကသိုလ်ကျောင်းသူကြီး မခင်မျိုးဦး၏ တစ်ရက်တာ ကုန်ကျငွေမှာ ထမင်းဖိုး၊ ဟင်းဖိုး အပါအဝင် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကြား ကုန်လေသည်။ တမင်တကာ ချွေတာခြင်းမျိုး မဟုတ်သော်လည်း ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ငွေရေးကြေးရေးအတွက်သော်လည်းကောင်း ခင်မျိုးဦးတစ်ယောက် အဆောင်မှာတင် ချက်ပြုတ်စားသည်။ မိခင်က သမီး ခင်မျိုးဦး ကျောင်းတစ်ဖြတ် တက်ရတော့မည်ဆိုလျှင် လေးလစာ အတွက် ဆန်ဆယ်ပြည်လောက်ခြင်တွယ်၍ ထည့်ပေးလိုက်ပါသည်။ ဆန်တင်မကသေး။ ကြော်ဖို့၊ ချက်ဖို့အတွက်လည်း ဆီတစ်ပိဿာ၊ နှစ်ပိဿာ အမေက ထည့်ပေးလိုက်ပါသေးသည်။ ဆန်အိတ်တွေ၊ ဆီပုံးတွေဖြင့် ခင်မျိုးဦးတစ်ယောက် အဆောင်ရောက်ပါသည်။ ခင်မျိုးဦးတို့လို ရပ်ဝေးက ကျောင်းလာတက်သည့် ကျောင်းသူတွေထဲ တချို့ကလည်း ခင်မျိုးဦးလို ကိုယ်တိုင်ချက်စားသူတွေပါသည်။ ထို့ကြောင့် အဆောင်မှာ ဝိုင်းချက်စားကြသည်။ တစ်ယောက်တစ်ခွက် ဝိုင်းလို့ချက်ရင်း ဟင်းမျိုးစုံသည့် ထမင်းဝိုင်းတစ်ခုကို ပျော်ပျော်ပါးပါး ဖန်တီးကြသည်။ ဟင်းမျိုးစုံ ချက်ကြသော်လည်း ခင်မျိုးဦးက အသားငါးစားလေ့မရှိ။ အမဲသားဆိုလျှင် ရာသက်ပန် လုံးဝမစားတော့။ အဘယ်ကြောင့်ဆိုသော် ခင်မျိုးဦး ခပ်ငယ်ငယ်ကတည်းက အမဲသားစားလေ့မရှိသည့် ဖခင်ဖြစ်သူက ဆိုဆုံးမစကားကြောင့်ပင် ဖြစ်သည်။ တောသားကြီးအဖေ့စကားက ရိုးစင်းပါသည်။ ‘‘ငါ့သမီးရေ ကိုယ့်ကျေးဇူးရှင်အသား မစားပါနဲ့ဟာ’’တဲ့။ တစ်နေကုန် မိုးရွာရွာနေပူပူ မိသားစုအရေး သူနှင့်အတူ နေ့စဉ်နှင့်အမျှ ရုန်းကန်ပေးနေသည့် ကျေးဇူးရှင်နွားကြီးတွေ၏အသားကို အဖေ အရသာခံ၍ ဘယ်လိုမျှ စားနိုင်မည်မဟုတ်။ သူတင်မက တစ်မိသားစုလုံးအတွက် ကျေးဇူးကြီးလွန်းလှသည့် နွားကြီးတွေရဲ့ အသားကို တစ်မိသားစုလုံးကိုလည်း အဖေ မစားစေချင်။ ထို့ကြောင့် ခင်မျိုးဦးသည်လည်း အဖေဆုံးမခဲ့သည့်နေ့မှစ၍ ယခုအချိန်အထိ အမဲသား လုံးဝမစားတော့။ အမဲသားတင်မကပါ။ ဆယ်တန်းအောင်ပြီးချိန် တရားပွဲတစ်ခုသွားနာရင်း တရားဟောဆရာတော် ဟောပြောခဲ့သည့် လူ့ပါးစပ်ဆိုတာ တိရစ္ဆာန်တွေရဲ့သင်္ချိုင်းဆိုသည့် ခိုင်းနှိုင်းမှုကြောင့် ခင်မျိုးဦးတစ်ယောက် အသားဆို မည်သည့်အသားမျှ မစားတော့ဘဲ ရှောင်ခဲ့လေသည်။ မြန်မာ့ကျေးလက်လူနေမှု စနစ်ဖြင့်ကြီးပြင်းလာခဲ့သည့် ခင်မျိုးဦးသည် ခေတ်နဲ့တော့ မျက်ခြည် အပြတ်မခံပါ။ သူ့ဖုန်းဖြင့် အင်တာနက်သုံးတတ်ပါသည်။ ဖေ့စ်ဘွတ်ခ် ကြည့်တတ်ပါသည်။ သို့သော် ဖေ့စ်ဘွတ်ခ်မှာ သူများတွေလို ပုံတင်လေ့တင်ထမရှိ။ ဒါတောင် တစ်လောလေးတုန်းက ကျောင်းသူ၊ ကျောင်းသားချင်း ချစ်ခင်သဘောကျစိတ်ဖြင့် သူ့ဓာတ်ပုံရိုက်သွားပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တာ ကြုံရသေးသည်။ လူမျိုးတစ်ရာ့တစ်ပါး သုံးချင်တိုင်းသုံးနေကြသည့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့ပုံတွေမတင်ရဲ။ ပုံတင်ဖို့မပြောနှင့် ဓာတ်ပုံတောင်ကောင်းကောင်း အရိုက်ခံသူမဟုတ်ပေ။ နောက်ပြီး အင်တာနက်ကိုလည်း ကျောင်းပိတ်ချိန် ရွာပြန်ရောက်မှသာ ခဏတစ်ဖြုတ် သုံးတာလောက်ရှိသည်။ ကျောင်းတက်လျှင်တော့သိပ်မသုံးဖြစ်။ ကျောင်းစာအနှောင့်အယှက်ဖြစ်မည်စိုး၍ဟု ဆိုလေသည်။ အချိန်ရလျှင်တော့ ကျောင်းစာကြည့်တိုက်မှ စာအုပ်တွေငှားဖတ်သည်။ စာကြီးပေကြီးတွေတော့ မဟုတ်သေး။ တွတ်ပီတို့၊ ဘိုဘိုတို့ ဖြစ်လေသည်။ ခင်မျိုးဦးသည် ကျောင်းစာတွင်လည်း တော်ပါသည်။ သို့သော် နဂိုအနေအေးဆေးသူမို့ လူတော့ အနည်းငယ်ကြောက်တတ်လေသည်။ သူစိမ်းတစ်ရံမပြောနှင့် ကျောင်းသား၊ ကျောင်းသူချင်းတောင် ကောင်းကောင်းစကားပြောဖြစ်သူမဟုတ်။ သို့သော် ခင်မျိုးဦးသည် လူမှုဆက်ဆံရေး ညံ့ဖျင်းလှသူတော့ မဟုတ်ပါ။ တက္ကသိုလ်ရောက်မြေမှာလည်း ခင်မျိုးဦး အလိုက်သင့်နေတတ်ခဲ့ပါသည်။ ခင်မျိုးဦး၏ ပုံပန်းသဏ္ဌာန်နှင့် အနေအေးဆေးမှုများကြောင့် ချစ်ခင်သူတွေများခဲ့သည်။ သူတို့ဘာသာရပ် ဓာတုဗေဒကျောင်းသား၊ ကျောင်းသူ များ၏ ပရဟိတအသင်းတွင်လည်း အသင်းဝင်ထားပြီး ကျောင်းပိတ်ရက်တိုင်း ရွှေဘိုမြို့ပေါ်က ဘုရားစေတီတွေမှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တာမျိုးတွေ ဝင်လုပ်တတ်သည်။ သူတို့အသင်း၏ ကျောင်းတွင်းကျောင်းပြင် ပရဟိတလှုပ်ရှားမှုတွေမှာ ခင်မျိုးဦးကို ခပ်စိပ်စိပ်ကလေး မြင်တွေ့ရတတ်ပါသည်။ ‘‘ရှေးမူကို မဖျက်ပါဘူး အစဉ် ××× တို့တောက ဆံပင်အလှပင် ဆံရစ်ဝိုင်းကိုမှ အသားပေးပေး အလှူတကာ နေရာမရွေး ××× ပျူငှာပဲ လူတကာအပြေးလေး ကြိုဆိုသရှင့်’’ (ဆံရစ်ဝိုင်း-ဂီတမှူး ကိုရဲအောင်ရေးသားပြီး ကြည်ကြည်ဝင်းဆို၊ ရောင်းတန်း ဓာတ်ပြားတေး) မခင်မျိုးဦးအရင် ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသူတစ်ယောက်သည်လည်း ဆံရစ်ဝိုင်းကလေးဖြင့် ကျောင်းတက်ခဲ့ဖူးသည်ဟုဆိုသည်။ ထိုကျောင်းသူသည် ကျောင်းပြီးပြီးနောက် ဆံရစ်ဝိုင်း ဖြုတ်သွားလား၊ မဖြုတ်ဘဲဆက်ထားသွားသလားတော့ တိတိကျကျ သိသူမရှိ။ မခင်မျိုးဦးလိုပင် ငယ်ငယ်ကတည်းက အဘိုးဖြစ်သူ၏ အစီအမံကြောင့် ဆံရစ်ဝိုင်းကလေးဖြင့် နေခဲ့ရဖူးသည့် စာရေးဆရာမကြီး ခင်ခင်ထူးကတော့ သူ၏ဆံရစ်ဝိုင်းဝတ္ထုတိုများ စာအုပ်အမှာစာတွင် ဆံရစ်ဝိုင်းထားသူများသည် ဆယ်ကျော်သက်အရွယ်ရောက်ပြီဆိုလျှင် ဆံရစ်ဝိုင်းအစား ဆံပင်ကိုအုပ်လုံးသိမ်းပြီး ဆံထုံး၊ ဆံတောက် စိတ်ကြိုက်ပြုပြင်ကြတော့သည်ဟု ဆိုပါသည်။ ထို့ကြောင့် ခင်မျိုးဦးအား ဆံရစ်ဝိုင်းကို ဘယ်အချိန်အထိထားသွားမလဲ မေးသည့်အခါတွင်တော့ ‘‘ဒီအတိုင်းလေးနေရတာ ကြိုက်တယ်’’ဟု ခပ်ပြုံးပြုံးလေး ဖြေလေသည်။ ဆယ်ကျော်သက်အရွယ် ကျော်လွန်ခဲ့ပြီဖြစ်သည့် တက္ကသိုလ်ဂုဏ်ထူးတန်းကျောင်းသူကြီး မခင်မျိုးဦးသည် ဆံရစ်ဝိုင်းကလေးဖြင့် ရွှေဘိုတက္ကသိုလ်ထဲတွင် ဂုဏ်သတင်းမွှေးပျံ့ကာ လှပနေဆဲဖြစ်သည်။ အချိန်တန်လျှင်တော့ သူ့ခေါင်းက ဆံရစ်ဝိုင်းကို ဖြုတ်သင့်လျှင်လည်း ဖြုတ်ရပါလိမ့်မည်။ မဖြုတ်ဘဲ တစ်သက်လုံးထားချင်လည်း ထားသွားပါလိမ့်မည်။ သို့သော် သေချာသည်ကတော့ ဆံရစ်ဝိုင်းနှင့်အတူ တွဲပါလာခဲ့သော ကျေးလက်က သူ့ဘိုးဘွားနှင့် မိဘတွေသင်ပြညွှန်ပြပေးခဲ့သည့် မြန်မာအမျိုးသမီးတွေ၏ နေပုံထိုင်ပုံ အကျင့်စရိုက်ကောင်းလေးတွေကတော့ဖြင့် မခင်မျိုးဦး အသိစိတ်ထဲဝယ် ဘယ်သောအခါမှ မဖြုတ်တော့ဘဲ စွဲမြဲ၍ ကျန်ခဲ့ပါလေတော့သည်။
Source : http://ift.tt/2aaSuwr
via IFTTT

No comments:

Post a Comment