မန္တလေးတွင် မော်တော်ယာဉ်ကြိုတင်ဝင်ငွေခွန် ၁၃ ဒသမ ၉၁ သန်း ရရှိ ----------------------------------------- မန္တလေးမြို့တော်၌ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များကို ကြိုတင်ဝင်ငွေခွန်ဆောင်ခြင်းအဖြစ် မော်တော်ယာဉ်စီးရေ ၁၁၀ စီးမှ ဘဏ္ဍာငွေ ကျပ် ၁၃ ဒသမ ၉၁ သန်းရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးထံမှ စုံစမ် သိရှိရသည်။ ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန်ပေးဆောင်နိုင်မည့် အခွန်ဌာနကို ဇူလိုင် ၁၁ ရက်နေ့က မန္တလေးမြို့တော်တွင် ဖွင့်လှစ်ခဲ့ရာ ငါးရက်အတွင်း ယင်းကဲ့သို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောကြားသည်။ “ အများစုကတော့ အိမ်စီးကားတွေပါ။ ကုမ္ပဏီကားတွေက နည်းပါတယ်။ အခုလို ကြိုတင်ဝင်ငွေခွန်ဌာန ဖွင့်ပြီးတာနဲ့ တစ်ရက်ကို အစီး ၂၀ ကနေ ၃၀ အကြား လာရောက်ပေးသွင်းနေကြတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရာတွင် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပေးသော တင်သွင်းမည့် မော်တော်ယာဉ်၏ သွင်းကုန်ပါမစ်(Improt Permit)၊ သွင်းကုန် (Import Licence) လိုင်စင်မူရင်းနှင့် မိတ္တူ ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသော တင်သွင်းမည့် မော်တော်ယာဉ်၏ သွင်းကုန်ကြေညာလွှာမူရင်းနှင့် မိတ္တူ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပေးသည့် သွင်းကုန်ပါမစ် (သို့မဟုတ်) သွင်းကုန်ကြေညာလွှာတွင် ပါရှိသော တင်သွင်းသူ။ ဝယ်ယူခွင့် ရှိသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ အထောက်အထားများကို တင်ပြရမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းများအရ သိရသည်။ “ ဌာနအနေနဲ့ စာရွက်၊ စာတမ်းကိစ္စ ဆောင်ရွက်ပေးတဲ့နေရာမှာ ကြန့်ကြာလွန်းတယ်။ ဝန်ထမ်းတွေ အင်အားနည်းလွန်းတဲ့အတွက် ထပ်ဖြည့်ထားဖို့ လိုအပ်နေပါသေးတယ်” ဟု မန္တလေးမြို့ခံ ဝင်ငွေခွန် လာရောက်ဆောင်သူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။ ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန် ပေးသွင်းရာတွင် ကျပ်သိန်း ၃၀၀ နှင့်အောက် ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ နှင့်အထက်ကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။
Source : http://ift.tt/2a7t5p6
via IFTTT
No comments:
Post a Comment