အောင်မင်္ဂလာ အဝေးပြေးတွင် အရပ်ဝတ် လုံခြုံရေးများက ခရီးသွား ပြည်သူများကို စစ်ဆေးမှု ခုံရုံးဖွဲ့ စစ်ဆေး ရန်ကုန်၊ ဇူလိုင် ၃ဝ အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားစခန်းတွင် အရပ်သား လုံခြုံရေးများက ခရီးသွား ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ခုံရုံးဖွဲ့ စစ်ဆေးနေပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက သက်သေအဖြစ် ထွက်ဆိုပေးထားကြောင်း ၎င်းထံမှသိရသည်။ “ဇူလိုင်လ တတိယအပတ်က ထွက်ဆိုပေးခဲ့တာပါ။ ဖြစ်စဉ်နဲ့ သဘောထား မှတ်ချက် ပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် အာဏာပိုင် အဖွဲ့အမည်သုံးကာ အရပ်သား လုံခြုံရေးအဖြစ် လုပ်နေသူများက ခရီးသွား ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေမှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး တိုင်း ဝန်ကြီးချုပ် ညွှန်ကြားချက်ဖြင့် ခုံရုံးဖွဲ့ကာ အောင်မင်္ဂလာ အဝေးပြေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန် ဌာနကို စစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “အခွန်ဌာနက လူခေါ်ပြီး ခိုင်းထားတာလို့ သိရတယ်။ အရပ်သား လုံခြုံရေးတွေက အုပ်စုဖွဲ့ လူမိုက်ဆန်စွာ လုပ်ဆောင်နေတယ်လို့ ဝင်းအတွင်းမှာရှိတဲ့ ဒေသခံတွေက တိုင်ကြားချက်တွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ညပိုင်းတွင် လုံခြုံရေး အားနည်းမှုများ ရှိပြီး ရပ်နားထားသည့် မော်တော်ယာဉ်ပေါ်တွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ် ဆေးရှူခြင်းများ ရှိကြောင်း ဇေယျာရွှေပြည် ယာဉ်လိုင်းပိုင်ရှင် ဒေါ်ခိုင်ခိုင်က ဆိုသည်။ “အပြစ်ရှိတဲ့ သူတွေ မဖမ်းဘူး။ ညပိုင်း ကားဂိတ်ကို လာတဲ့ မိန်းကလေးတွေအတွက် မလုံခြုံဘူး။ အဓိက ညပိုင်းတွေမှာ လုံခြုံမှု မရှိပါဘူး”ဟု ၎င်းက ဆိုသည်။ အဆိုပါ ဝင်းအတွင်း တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် တာဝန်ကျ ရဲများနှင့် လေ့လာ စစ်ဆေးမှုများ ပြုလုပ်ပြီး နေ့ခင်းပိုင်းတွင် တစ်ကြိမ်သာ စစ်ဆေးကာ ည ၇ နာရီမှ ၁၁ နာရီခွဲအထိ၊ ည ၁၂ နာရီမှ နံနက် ၃ နာရီအထိ နယ်မြေရဲများက လှည့်လည် စောင့်ကြည့်လျက် ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း နယ်မြေ ရဲကင်းမှူးရုံးထံမှ သိရသည်။ အရပ်သား လုံခြုံရေးများကို စည်ပင်ဌာနက ခန့်အပ်ထားခြင်း မဟုတ်ဘဲ စခန်း အကျိုးဆောင်များက ခန့်အပ်ထားခြင်း ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းအောင်က ပြောကြားသည်။ “စည်ပင်နဲ့ မဆိုင်ဘူး။ သန့်ရှင်းရေးတို့၊ သာရေးနာရေးလုပ်တဲ့ စခန်းအကျိုးဆောင် အဖွဲ့က ဘဏ်တွေမှာ လုံခြုံရေး ခန့်သလို တရားဝင် ခန့်ထားတာပါ။ မသိဘဲနဲ့ မပြောဘဲ ကွင်းဆင်း စစ်ဆေးပြီးမှ ပြောဆိုစေချင်တယ်'' ဟု ၎င်းက ဆိုသည်။
Source : http://goo.gl/REI5Xg
via IFTTT
No comments:
Post a Comment