မထသယာဉ်လိုင်း ၂၅လိုင်းလျှော့ချမည် --------------------- ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီအောက်ရှိ ယာဉ်လိုင်းများအနက် ၂၅ လိုင်းကို ပထမအဆင့်အနေနှင့် လျှော့ချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ ယာဉ်အစီးရေနည်းပါးလွန်းသည့် ယာဉ်လိုင်းများနှင့် ဘတ်စ်ကားပြေးဆွဲမှုမရှိသည့်ယာဉ်လိုင်းများကို လျှော့ချသွားမည်ဟု အဆိုပါအဖွဲ့၏အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ ယာဉ်အစီးရေနည်းသည့်ယာဉ်လိုင်းများကို အခြားလိုင်းများတွင်ပူးပေါင်း၍ပြေးဆွဲပေးမည်ဟုလည်း ၎င်းကဆိုသည်။ “ ချက်ချင်းလုပ်လိုက်လို့ စီးစရာကားမရှိတာမျိုးမဖြစ်အောင် သေချာလေ့လာပြီးမှလုပ်မယ်။ ဒီတစ်ပတ်၊ နှစ်ပတ်အတွင်းမှာ လျှော့ဖို့ကြေညာမယ်။ တတိယအဆင့်လောက်မှာတော့ သိသိသာသာလျော့သွားမယ်” ဟု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ ယင်းလျှော့ချမှုကြောင့် လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း၃၅၉လိုင်းတွင် ၃၃၄ လိုင်းသာ ကျန်ရှိတော့မည် ဖြစ်သည်။ ဘတ်စ်ကားအစီးရေနည်းပါးနေသည့် ယာဉ်လိုင်းများတွင်လည်း အဓိကအားပြုနေသည့် ခရီးသည်များ ရှိနေသောကြောင့် ၎င်းတို့အတွက် စဉ်းစားပေးရန် လိုအပ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။ “ ထောက်ကြန့်ကနေ ဒဂုံတက္ကသိုလ်ပတ်ဆွဲတာ နှစ်စီးလား၊ သုံးစီးလားရှိတယ်။ ဒါကိုကျ သွားဖြုတ်လို့ မရဘူး။ သူ့အရပ် သူ့ဓလေ့နဲ့ ကျောင်းသားတွေကို ပို့တဲ့ ကားဆိုရင် ကျွန်တော်တို့ စဉ်းစားပေးရမယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ အစိုးရသစ်လက်ထက်တွင် အသစ် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှာ ဘတ်စ်ကားများ၊ အငှားယာဉ်များ အပါအဝင် ရေကြောင်းလမ်းနှင့် မြို့ပတ် မီးရထားလမ်းများကို ထိန်းချုပ် ကွပ်ကဲမည် ဖြစ်သည်။
Source : http://ift.tt/2a79NRx
via IFTTT
No comments:
Post a Comment