လှိုင်မြို့နယ်တွင် အသက် ၆ဝ ကျော်အ ရွယ် အမျိုးသားတစ်ဦးအား မီးချောင်းကျိုးဖြင့်ထိုးပြီး ဝါးရင်းတုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ထိုးသတ်မှု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခန့်က လှိုင်မြို့နယ် (၆) ရပ်ကွက် သုခလမ်းတွင် နေထိုင်သည့် ဦး...... (၆၂ နှစ်) သည် တက္ကစီမောင်းနှင်ရန်အတွက် နေအိမ်တိုက်အောက်သို့ ဆင်းလာခဲ့ကြောင်း သိရသည်။ ထို့နောက် နေအိမ်တိုက်အောက်သို့ ရောက်ပြီး လှေကားသော့ပိတ်နေစဥ် ၎င်းနှင့် တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုး (၃၅ နှစ်) ဆိုသူမှာ နှစ်ပေမီးချောင်းအကျိုး ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦး.......(၆၂ နှစ်) ၏ လည်ပင်းအား ထိုးခဲ့ကြောင်း သိရသည်။ ယင်းသို့ မီးချောင်းဖြင့် အထိုးခံရပြီး ဦး......မှာ အနီးရှိ မုန့်ဟင်းခါးဆိုင်အတွင်း ပြေးဝင်လာရာ အဆိုပါ ဆိုင်အတွင်း၌ လဲကျသွားခဲ့ပြီး အောင်ကျော်ဖြိုးမှ လိုက်လာခဲ့ကာ ထပ်မံ၍ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ထိုးသတ် ခဲ့ကြောင်း သိရသည်။ ထိုသို့ ထိုးခံရသဖြင့် ဦး.....(၆၂ နှစ်) မှာ ဝဲဘက်လည်ပင်း ပြတ်ရှထိုးသွင်းဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာနှင့် မေးအောက် ပြတ်ရှဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ လူသတ်မှုကျုးလွန်ခဲ့သည့် အောင်ကျော်ဖြိုး (ခ) ကိုဖြိုးမှာ အခင်းဖြစ်ပွားခဲ့သည့် လှိုင်မြို့နယ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်ပြီး ယခင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဦး.....(၆၂ နှစ်)အား အုတ်ခဲဖြင့် ဦးခေါင်းအား ထုခဲ့ဖူးကြောင်း၊ ထို့ပြင် ဦး.......(၆၂ နှစ်) ကားမောင်းစဥ် ကားအား ဘီယာပုလင်းဖြင့် ရိုက်ခဲ့ဖူးသော်လည်း အောင်ကျော်ဖြိုး၏ မိဘများ တောင်းပန်မှုကြောင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း မရှိခဲ့ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ “သတ်တဲ့သူနဲ့ ကျွန်တော်နဲ့ သိပါတယ်။ ကျွန်တော့်ဦးလေးကို ရန်ငြှိုးရန်စ မရှိဘဲ အရင်က အုတ်ခဲနဲ့တစ်ကြိမ်၊ ပုလင်းနဲ့တစ်ကြိမ် ရန်ပြုဖူးတယ်။ အဲဒီကတည်းက သူ့အဖေ အုပ်ချုပ်ရေးမှူးကို ‘ဦးလေးသား ဆေးကွဲနေပြီ။ သေချာထိန်းပေးထား’ လို့ ပြောလိုက်သေးတယ်။ အခုတစ်ကြိမ်မှာလည်း ဘာရန်ငြိှုး ရန်စမှ မရှိဘဲ ဆေးကွဲပြီး ကျွန်တော့်ဦးလေးကို မသေမချင်း သတ်သွားတာ” ဟု အသတ်ခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “ကျုးလွန်တဲ့သူကိုတော့ အခင်းဖြစ်ပွားပြီး နာရီပိုင်း အကြာမှာပဲ ကျုးလွန်သူရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အရက်သေစာ သောက်စားထားလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလား ဆိုတာကတော့ ဆေးစစ်ချက် အဖြေရမှ သိရမှာပါ။ ကျုးလွန်တဲ့သူက အိမ်ထောင်ကွဲထားတယ်လို့ သိရပြီး ညဘက်လည်း မအိပ်ဘူး။ အရက်လည်း သောက်သုံးတတ်သူ ဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါဖြစ်စဥ်အား လှိုင်မြို့မရဲစခန်းက (ပ)၇ဝ၃/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ Writer: မင်းသိန်းနိုင်၊ သီဟ
Source : http://ift.tt/2adTSiS
via IFTTT
No comments:
Post a Comment