ဖားကန့်တွင် ရေမဆေးကျောက်ရှာသူ ၂ ဦး သေလုမျောပါးအရိုက်ခံရ (နန်းမြနဒီ) ==================== ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲမှာ ရေမဆေးကျောက်ရှာ သူ ၂ ဦး ဖမ်းဆီး ခေါ်ဆောင် ခံရတဲ့အပြင် သေလုမျောပါး ရိုက်နှက်ခံခဲ့ရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က ဆိတ်မူအုပ်စု နတ်မှော်ရွာ စန်းရွှင် ကုမ္ပဏီလုပ်ကွက်မှာ ရေမဆေးကျောက် ရှာနေတဲ့ အသက် ၃၅ နှစ်ရွယ် စိုးသိန်း၀င်းနဲ့ သန်းဌေးတို့ ၂ ယောက်ကို အမည်မသိ လူတစ်စုက ခေါ်သွားပြီး ဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိတ်မူ ကျေးရွာ ရပ်မိရပ်ဖလည်းဖြစ်၊ ကျေးရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ် ။ “သူတို့ ၂ ယောက်ကို အမည်မသိလူတစ်စုက ကားနဲ့ခေါ်သွားတယ်။ အဲဒီမှာ ဆိုင်းတောင်ရွာနဲ့ တမိုင်လောက် သာသာရှိတဲ့ ဆိုင်းတောင်ရွာဟောင်းဆိုတဲ့နေရာကို ခေါ်သွားပြီးတော့မှ အဲဒီမှာ နှိပ်စက်တာပေါ့။ ၀ါးရင်းတုတ်တွေနဲ့ ကြိုးချည်ပြီးတော့မှ နှိပ်စက်တာပေါ့နော်။ ကချင်တိုင်းရင်းသားကုမ္ပဏီပိုင်တဲ့လုပ်ကွက်မှာ မင်းတို့ လာ မတူးနဲ့ ဒါပထမဆုံးသတိပေးတာ ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုက်တယ်လို့ပြောတယ်။ ၅ နာရီ လောက်က ခေါ်သွားပြီး စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးတော့မှ သေလောက် တဲ့ဒဏ်ရာတွေရပြီးတော့မှ ည ၁၁ နာရီမှာ သူတို့ကို နတ်မှော်လမ်းဆုံမှာ ပြန်လာထားတယ်။ စိုး၀င်းသိန်းက အခုဖားကန့်မြို့နယ်ဆေးရုံမှာ၊ သန်းဌေးကတော့ အောက်ပြည်ဘက်ပြန်သွားကုမယ်ပြောပြီး ဆင်းသွားပြီ။” သူတို့ ၂ ဦး ခုလိုမတရားအရိုက်ခံရပေမယ့်လည်း ရိုက်နှက်သူတွေထဲမှာ ကေအိုင်အေနဲ့ ပတ်သက်သူတွေပါ ပါနေတဲ့အတွက် ကာယကံရှင်တွေက ရဲစခန်းကို မတိုင်ရဲဘူးလို့ သူက ဆက်ပြောပါတယ်။ သူတို့ ၂ ဦးနေထိုင်ရာ စန်းရွင်ကွင်း ဆိုတဲ့နေရာမှာ အိမ်ပေါင်း ၂၀၀ ခန့်ရှိကြောင်း၊ အဲဒီနေရာဟာ စန်းရွှင် ကုမ္ပဏီက နှစ်ပေါင်းများစွာ မြေစာသွန်ပြီး မြေပြင်ဖြစ်လာတဲ့အခါ အနယ်နယ် အရပ်ရပ်က လူတွေ လာရောက်တဲထိုးပြီး အခြေချနေထိုင်ကြောင်း၊ အများစုမှာ ကချင်လူမျိုးတွေဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးပိုင်းက သတ်မှတ်ထားတဲ့မြေမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။ အဲဒီဒေသရဲ့ ကျောက်တူးလုပ်ငန်းတွေမှာ ငွေကြေးတတ်နိုင်သူ လုပ်ငန်းရှင်တွေ၊ လက်နက်ကိုင် အဖွဲ့တွေ ကြီးစိုးထားပြီး တနိုင်တပိုင်ကျောက်တူးသမားတွေအနေနဲ့ သူတပါးစွန့်ပစ်ထားတဲ့ မြေစာပေါ် ကောက် ယူမိတာတောင် မြေစာပြိုမယ့် အန္တရာယ်ရော၊ စားကျက်နေရာကြောင့် ခြိမ်းခြောက်ခံနေရတာတွေ ရှိနေတာလို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ဒီစန်းရွှင်ကွင်းက ကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ဖို့ ခြိမ်းခြောက်ခံထား ရကြောင်း၊ ခြိမ်းခြောက်ခံရတဲ့ အပေါ်မှာ သူက မိခင် အန်အယ်လ်ဒီပါတီကိုရော ရဲစခန်းကို ပါတိုင်ကြားထားတယ်လို့ ဦးရွှေသိန်းက ပြောသွားပါတယ်။
Source : http://ift.tt/2a4dUjr
via IFTTT
No comments:
Post a Comment