နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဆဲဆိုပုတ်ခတ်ထားသည့် အသံဖိုင်ကို အသံချဲ့စက်ဖြင့် ဖွင့်ခဲ့သူအား ပြည်မြို့နယ် ၀က်ထီးကန် ရဲစခန်းတွင် အမှုဖွင့်ထား နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆဲဆိုပုတ်ခတ်ထားသည့် အသံဖိုင်ကို အသံချဲ့စက်ဖြင့် ဖွင့်လှစ်ခဲ့သူအား ပဲခူးတိုင်း ပြည်မြို့နယ် ၀က်ထီးကန် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အသံဖိုင်ကို ဖွင့်ခဲ့သည့် ၀က်ထီးကန်၊ အင်လျှားကျေးရွာတွင် နေထိုင်သည့် ကိုမျိုးချစ်အား ဇူလိုင် ၂၆ ရက် ညက NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေက တရားလိုပြုလုပ်ကာ (ပ)၇၀/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ ၅၀၀ တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး အာမခံပေးထားကြောင်း သိရသည်။ “ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာမှာ သူက ထပ်ဖွင့်လို့ အမှုဖွင့်လိုက်တာပါ။ ခွေထဲမှာ ပါတာတွေက မကြား၀ံ့ မနာသာတွေချည်းပဲ။ အဲဒါကြောင့် မြို့ပေါ်က ပါတီလူကြီးတွေနဲ့ တိုင်ပင်ပြီး အမှုဖွင့်တယ်။ ဒီနေ့ကတော့ အစစ်ခံဖို့ ရောက်နေတာပါ” ဟု သက်သေလိုက်ခဲ့သည့် ရွာခံ ဦးပြည်အေးက ပြောကြားသည်။ ယင်းအသံဖိုင်တွင်း မကြား၀ံ့ မနာသာ ဆဲရေးတိုင်းထွာထားသည်များ ပါ၀င်ခဲ့ပြီး သက်သေခံအဖြစ် ဖုန်းကို သိမ်းဆည်းထားကြောင်း သက်သေလိုက်ပါခဲ့သည့် ရွာခံက ပြောကြားသည်။ Writer: ၀ေလင်း(ပြည်)
Source : http://ift.tt/2afoQF3
via IFTTT
No comments:
Post a Comment