နေ့ခင်းကြောင်တောင် ပစ်သတ်ခံခဲ့ရသော ထင်ရှားသည့် နိုင်ငံရေး လေ့လာသူတစ်ဦးကို တနင်္ဂနွေနေ့က အသုဘချရာတွင် ကမ္ဘောဒီးယားနိုင်ငံသား ထောင်ပေါင်းများစွာသည် ဖနွမ်းပင်မြို့ လမ်းမများတစ်လျှောက် လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။ လူကြိုက်များသည့် ဒီမိုကရေစီလိုလားသည့် အစီအစဉ် တင်ဆက်သူတစ်ဦးဖြစ်ပြီး သာမန် လူတန်းစားများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခမ်းလေးသည် ဖနွမ်းမြို့ ဓာတ်ဆီဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် ကော်ဖီသောက်နေစဉ် လွန်ခဲ့သော သီတင်းနှစ်ပတ်က ပစ်သတ်ခံခဲ့ရသည်။ ၀န်ကြီးချုပ် ဟွန်ဆန်သည် ၎င်း၏ ၃၁ နှစ်ကြာ အုပ်စိုးမှုအတွင်း ၀ေဖန်သူများကို နှိမ်နင်းနေသည်ဟု စွပ်စွဲခံနေရစဉ် နိုင်ငံရေးတင်းမာမှုများ ပြည့်လျှံနေသည့် ကမ္ဘောဒီးယားနိုင်ငံတွင် ယင်းလူသတ်မှုကြောင့် ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။ တနင်္ဂနွေနေ့ ခမ်းလေး (၄၆) နှစ်ကို အသုဘချရာတွင် မှန်ခေါင်းဖြင့် ထည့်ထားသောအလောင်းကို သယ်ဆောင်လာသည့် ယာဉ်တန်းနှင့် ဘုန်းတော်ကြီးများနောက်၌ ခမ်းလေး၏ပုံများ ကိုင်ဆောင်ထားသည့် အသုဘပို့ဆောင်သူ လူအုပ်ကြီး လိုက်ပါခဲ့သည်။ အသုဘလိုက်ပို့ခြင်းကို လမ်းဘေးတွင် တန်းစီစောင့်ကြည့်သူများလည်း ထောင်ပေါင်းများစွာရှိပြီး ခမ်းလေး၏ နေအိမ်အထိပင် လူများတန်းစီစောင့်ကြည့်ခဲ့ကြသည်။ လူကြိုက်များသော ရေဒီယိုအစီအစဉ်တင်ဆက်သူ ခမ်းလေးသည် ဟွန်ဆန်အပြင် နိုင်ငံရေးအတိုက်အခံများကို ပုံမှန်ဆိုသလို ၀ေဖန်လေ့ရှိသူဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် သန့်ရှင်းသော နိုင်ငံရေးခေတ်သစ်တစ်ရပ် စတင်ရေး ခမ်းလေးက တိုက်တွန်းခဲ့သည်။ ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် ခမ်းလေးသည် ဆင်းရဲသားရွာသူရွာသားများနှင့် တိုက်ရိုက်တွေ့ဆုံခဲ့ပြီး မြေယာနှင့် အလုပ်သမားအခွင့်အရေးတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။ ၎င်းကို သတ်ဖြတ်မှုအတွက် စစ်သားဟောင်း ဘုန်းတော်ကြီး လူထွက်ဖြစ်သူ အူယက်အန်းဆိုသူ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရပြီး တရားရုံးတွင် စစ်ဆေးမှု ခံယူနေရသည်။ ခမ်းလေးသည် အကြွေးကိစ္စကြောင့် သတ်ဖြတ်ခံရသည်ဆိုသော်လည်း ၎င်းသတ်ဖြတ်ခံရမှုနောက်ကွယ်တွင် ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်သည်။
Source : http://ift.tt/2akk7WM
via IFTTT
No comments:
Post a Comment