Monday, July 18, 2016

The Irrawaddy - Burmese Edition

သိန်း ၁၀၀ ကျော်တန် တိုက်ခန်းများ ရန်ကုန်မြို့တွင် ရောင်းချမည် (ထက်နိုင်ဇော်) ========================= ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်တို့မှ တိုက်ခန်းပေါင်း ၂၂၀၀ ကို တခန်းလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် ယခုလကုန်ပိုင်းတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောသည်။ ယင်းတန်ဖိုးနည်း တိုက်ခန်းများကို အစိုးရ ဝန်ထမ်းနှင့် ပြည်သူများကို ရောင်းချပေးသွားမည်ဖြစ်ပြီး အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံကိန်းဟု အမည်ပေး၍ ယခုအစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ရွာအိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိမိတင်က ယခုလလယ်ပိုင်းတွင် မီဒီယာများကို ပြောကြားသည်။ “ဇူလိုင် ၃၀ နောက်ပိုင်းမှာ တိုင်းအစိုးရက ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စုက ၃၀ ရာခိုင်နှုန်း ယူပြီးတော့ ပြည်သူတွေရယ်၊ ဝန်ထမ်းတွေနဲ့ ဝယ်ယူနိုင်စွမ်းရှိတဲ့ သူတွေကို ရောင်းမယ်။ တခန်းကို သိန်း ၁၂၀ တဝိုက် လောက်ပဲ ဖြစ်မယ်”ဟု ဒေါ်မိမိတင်က ပြောသည်။ ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် အိမ်ရာ စီမံကိန်းတချို့ကို အပိုင်း ၁ နှင့် ၂ ဟူ၍ အကောင်အထည် ဖော်ခဲ့ရာ ယခု ရောင်းချမည့် တန်ဖိုးနည်း အိမ်ရာများမှာ အပိုင်း ၃ မှ ပါဝင်နေသည့် အခန်းများ ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က သိန်း ၁၀၀ အောက်ဖြင့် တန်ဖိုး သတ်မှတ်ရန် ပြောထားသဖြင့် ရက် ၁၀၀ စီမံကိန်း နောက်ပိုင်းတွင် ရောင်းချမည့် အခန်းများမှာ အနည်းငယ် ကျဉ်းသွားဖွယ် ရှိပြီး ၁၈ ပေ ပတ်လည် စုပေါင်း အငှားအိမ်ရာ စနစ်ကို ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်မိမိတင်က “၁၈ ပေ ပါတ်လည် စုပေါင်းနေတဲ့ အိမ်ရာ။ စုပေါင်းငှားနေတဲ့ အိမ်ရာပေါ့။ အဲဒီလို အခန်းတွေကို ၁၈ ပေ၊ ပေ၂၀ တို့ကို အခြေခံပြီး အခန်းပေါင်း ၈၀၀၀ ကို ရက် ၁၀၀ စီမံကိန်းနောက်မှာ ဆက်ဆောက်တော့မှာ။ ၂ နှစ် အတွင်း ဆောက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ ဆက်လက် ဆောက်လုပ်မည့် နေရာများမှာ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် တောင်ဒဂုံမြို့နယ်တို့တွင် ဖြစ်ကာ မြေကွက်လည်း ရှိပြီး ဖြစ်ကြောင်း၊ သို့သော် လယ်မြေသိမ်း ကိစ္စတချို့နှင့် ကျူးကျော် ပြဿနာကို ဖြေရှင်းရဦးမည်ဖြစ်ကြောင်း သိရသည်။ ယခင် အစိုးရလက်ထက်ကလည်း အိမ်ရာ စီမံကိန်း ၁၂ ခုရှိခဲ့ရာ မြေယာကိစ္စများ၊ ကျူးကျော် ပြဿနာများကြောင့် လက်တွေ့တွင် အကောင်အထည် မဖော်နိုင်ခဲ့၍ အစိုးရသစ်လက်ထက်တွင် ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အိမ်ရာဆောက်လုပ် ခွင့်ပြုသွားမည်ဟု သိရသည်။ “ရှေ့လာမယ့် တလအတွင်းမှာ တင်ဒါတွေ ခေါ်သွားမယ်။ အဲဒီမှာ ဌာနက ဆွဲထားတဲ့ ၁၈ ပေ ပတ်လည် ပုံစံလေးတွေကို ချပြလိုက်မယ်။ ကုမ္မဏီတွေအနေနဲ့ လာရောက်ယှဉ်ပြိုင်တဲ့အခါမှာ စီးပွားရေး တောင့်တင်းမှု ရှိ/မရှိကို ကြည့်မယ်။ သူတို့ တင်ပြတဲ့ Proposal ကို ကြည့် မယ်။ နိုင်ငံတော်ကပေးတဲ့ နှုန်းထားနဲ့ ဆောက်မယ် ဆိုရင် ပေးဆောက်မယ်”ဟု မြို့ရွာအိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိမိတင်က ပြောသည်။ ယခင်က တန်ဖိုးနည်းအိမ်ရာများကို မြောက်ဥက္ကလာ၊ လှိုင်သာယာနှင့် သန်လျင်မြို့နယ်တို့တွင် တည်ဆောက်ရန် ရည်မှန်းခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များနှင် သဘောတူညီချက်တွင် နိုင်ငံတော်မှ အချိုး ၂၀၊ ၂၅ နှင့် ၃၀ ရာခိုင်နှုန်း ဟူ၍ ရရှိခဲ့ရာ ယခုအခါတွင် နိုင်ငံတော်မှ ရရှိသည့် အချိုးကို စီမံကိန်း ကုန်ကျစရိတ်နှင့် ညီမျှသည့် တန်ဖိုးနည်းအိမ်ရာများကို ဆောက်ခိုင်းရန် ပြည်ထောင်စု ဝန်ကြီးထံ တင်ပြထားသည်ဟု သိရသည်။ “ဘာလို့ အဲဒီလို လုပ်ရတာလဲ ဆိုတော့ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးစေချင်လို့ပါ။ အကြမ်းဖျင်း ပြောရရင် ဒီအခန်းပေါင်း ၈၀၀၀ ဆောက်ရင် တွက်ကြည့်လိုက်ရင် တခန်းကို သိန်း ၈၀ နဲ့ ဆောက်မယ် ဆိုရင်တောင်မှ အခန်းပေါင်း ၈၀၀၀ ဆိုရင် ၆၅ ဘီလီယံ လိုမယ်။ အခုဌာနမှာ လှည့်ပါတ် သုံးစွဲနေတာက ၆၄ ဘီလီယံ မရှိဘူး။ ၂ နှစ်အတွင်းမှာ အိမ်တွေ ဆောက်ဖို့ ၆၄ ဘီလီယံ လုံးဝမရှိတဲ့ အတွက်ကြောင့် အကျိုးတူစနစ်နဲ့ ခေါ်ထားတဲ့ တင်ဒါစနစ်နဲ့ ခေါ်ထားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို မြေပေးမယ်။ သူတို့ကို ကိုယ်က ကြီးကြပ် အဲဒီလိုမျိုး သွားဖို့ စဉ်းစားထားတယ်”ဟု ဒေါ်မိမိတင်က ပြောသည်။ အစိုးရက အနာဂတ်တွင် ဆောက်လုပ်မည့် အိမ်ခြေ ၁ သန်းတွင် ပုဂ္ဂလိကကို ၈၀ ရာခိုင်နှုန်း ဆောက်ခိုင်း၍ ၂၀ ရာခိုင်နှုန်းကို အစိုးရက တာဝန်ယူမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း ငွေကြေး အကူအညီ လိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က ငွေချေးပေးမည်ဖြစ်ကြောင်း သိရသည်။ “ဆောက်တဲ့သူကိုလည်း ချေးငွေ ထုတ်ပေးလို့ ရတယ်။ ပိုက်ဆံချေးပေးလို့ ရတယ်။ အဲဒီလိုမျိုးကို နိုင်ငံတော်က ပံ့ပိုးတယ်ကို ပြောတာ။ ဆောက်လုပ်ရေးဘဏ်တွေနဲ့မှ မလုံလောက်ဘူးဆိုရင် နိုင်ငံခြားက ဘဏ်တွေကနေ ဆောက်လုပ်ရေးဘဏ်ထဲကို ထည့်ပေးမယ်”ဟု ဒေါ်မိမိတင်က ပြောသည်။ ထို့ပြင် ဆောက်လုပ်ပြီးဖြစ်သည့် အိမ်ရာများအတွက် ထိန်းသိမ်းကွပ်ကဲသည့် လမ်းညွှန်ချက်များ ရေးဆွဲနေပြီး အိမ်ရာဝယ်ယူသူများ အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များလည်း ရှိလာမည်ဟု သိရသည်။
Source : http://goo.gl/nRwO4S
via IFTTT

No comments:

Post a Comment