Thursday, July 28, 2016


ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ရခိုင် အမျိုးသားပါတီကို ၀ေဖန် (မိုးမြင့်) ================ နို၀င်ဘာလ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်းတွင် ပါတီကို ထောက်ခံ ပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရခိုင် အမျိုးသားပါတီ(ANP) က ၎င်းတို့ကို ဥပေက္ခာ ပြုထားခဲ့ခြင်းနှင့် ရခိုင် အမျိုးသားရေး လှုပ်ရှားမှုတွင် စုစည်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် ရန်ကုန်အခြေစိုက် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများက ရခိုင် အမျိုးသားပါတီ (ANP) ကို ၀ေဖန်ခဲ့ကြသည်။ ဇူလိုင်လ ၂၀ ရက်နေ့ရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဓည၀တီ ဘုန်းတော်ကြီးကျောင်း၌ ANP ပါတီ ခေါင်းဆောင်များက ရန်ကုန် အခြေစိုက် ရခိုင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော် နှင့် ပထမဆုံး အကြိမ်အဖြစ်တွေ့ဆုံခဲ့ရာတွင် ထိုသို့ ၀ေဖန်ခဲ့ကြခြင်း ဖြစ်စေသည်။ အဆိုပါ တွေ့ဆုံပွဲကို အစီအစဉ် ၃ ခုဖြင့် ကျင်းပခဲ့သည်။ လာမည့် တနင်္ဂနွေနေ့တွင် ANP မှ ဦးဆောင်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ တခုကျင်းပရေးအတွက် ပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်၏ အရေး ကိစ္စများကို ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရန်ကုန်မှ ရခိုင်အသိုင်းအ၀ိုင်းများ လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ စသည်တို့ဖြစ်သည်။ အစည်းအ၀ေးတွင် ANP ဥက္ကဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် ရှင်းလင်းပွဲမှာ ထိုဥပဒေ၏ အားနည်းချက်နှင့် အားသာချက်များကို ပြည်သူလူထုသို့ ပညာပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဘင်္ဂါလီများကို အကြိုအဆင့်အနေဖြင့် လက်မှတ်များ ထုတ်ပေးနိုင်ရေး အဆိုပါ ဥပဒေ၏ ယိုပေါက်များ မည်ကဲ့သို့ ရှာနေသည်နှင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော နိုင်ငံသား စိစစ်ရေး ဆောင်ရွက်ချက် လုပ်ငန်းစဉ်များ အခြေအနေတို့အား ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအ၀ေးသို့ ရခိုင်တိုင်းရင်းသား ဥပဒေ ကျွမ်းကျင်သူများလည်း တက်ရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါ၀င်သည့် အသိုင်းအ၀ိုင်းများကို လက်ရှိအချိန်ထိ နိုင်ငံသား ဖြစ်ခွင့်မှ ထိထိရောက်ရောက် တားဆီးထားသောအရာ ဖြစ်ပါသည်။ ယင်းထဲတွင် ရခိုင်ပြည်နယ်ထဲမှ (မိမိကိုယ်ကို ရိုဟင်ဂျာ ဟုခေါ်ဆိုကြသည့်) လူနည်းစု မွတ်ဆလင်အများ ပါ၀င်သည်။ ၄င်းတို့မှာ နိုင်ငံမဲ့များအဖြစ် ကျန်ရစ်နေပြီး ANP ပါတီနှင့် ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာပြည်သူအများစုနှင့် အစိုးရအဖွဲ့ ၏ အရေးပါသော အခန်းကဏ္ဍများက ၎င်းတို့ုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ရောက်ရှိလာသော ဘင်္ဂလီများဟု တောက်လျှောက်ခေါ်ဆို သတ်မှတ်ထားကြပါသည်။ ဇူလိုင်လ ၂၀ရက်နေ့ တွေ့ဆုံပွဲတွင် ရခိုင်လူငယ်တက်ကြွလှုပ်ရှားသူ ကိုစစ်ငြိမ်းက ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်မှ ရခိုင်တိုင်းရင်းသား အရပ်ဖက်လူမှုအသိုင်းအ၀ိုင်းများက ANP ကို တခဲနက် အားပေး ထောက်ခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် ANP ပါတီ ကိုယ်စားလှယ်လောင်းများသည် ရန်ကုန် အခြေစိုက် ရခိုင် လူမှု အသိုင်းအ၀ိုင်းနှင့် အဆက်အသွယ် မရှိခဲ့ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို တိုက်ရိုက်ပြောကြားခဲ့ပါသည်။ ထို့အပြင် ရွေးကောက်ပွဲနောက်ပိုင်းတွင် ‘‘ပါတီတွင်းတိုက်ပွဲများ’’ ရှိခဲ့၍ နိုင်ငံတ၀န်းမှ ရခိုင့် လူမှု အသိုင်းအ၀ိုင်းကြားတွင် စည်းလုံးမှု ကြီးမားစွာ ပျက်ပြားခဲ့ရသည်ဟု ထောက်ပြပြောဆိုခဲ့သည်။ “ကျနော်တို့ အားထားရမယ့် ဖခင်တယောက် လိုအပ်ပါတယ်” ဟု ကိုစစ်ငြိမ်းက အင်အားကောင်းသည့် ရခိုင် တိုင်းရင်း သား ပါတီ တခုလိုအပ်ချက်ကို သရုပ်ဖော်ပြခဲ့သည်။ သူတို့အနေဖြင့် ပါတီအပေါ် မှီခို၍ ရနိုင်ခြင်းရှိမရှိ ကိုလည်း မေးခွန်း ထုတ်ခဲ့သည်။ “ ANP က ကျနော်တို့အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲဆိုတာ ကျနော့်ကို ပြပါ” ဟု သူကပြောသည့်အခါ အစည်းအ၀ေးခန်းမ တစ်ခုလုံး လက်ခုပ်သံများဖြင့် ဖုံးလွှမ်းသွားသည်။ သူတို့၏ ရွေးကောက်ပွဲမဲဆွယ် လှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် ရခိုင်လူမှုအသိုင်း အ၀ိုင်းများ အားလုံးက ထောက်ခံပေးရန် ANP ကိုယ်စားလှယ်လောင်းများက မည်သို့ ဆောင်ရွက်ခဲ့သည်ကို ကိုစစ်ငြိမ်းက ပြန်ပြောပြခဲ့သည်။ မဲဆွယ်စဉ်က ဘီယာ ဗူးများ အခမဲ့ ၀ေပေးခဲ့သော်လည်း ရွေးကောက်ပွဲနောက်ပိုင်းတွင် ကိုယ်စားလှယ်လောင်းများ ပျောက်ကွယ်သွားကြသည် ဟု သူက ဆိုသည်။ ရခိုင်လူငယ်များက ANP ပါတီက ထောက်ခံသည့် ကိစ္စရပ်များအတွက် အမြဲတမ်း ‘‘အသင့်ဖြစ်နေသည်’’ ဟုလည်း ပါတီ ခေါင်းဆောင်များအား ကိုစစ်ငြိမ်းက သတိပေးခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဆန့်ကျင်၍ (အထူးသဖြင့် နိုင်ငံမဲ့ ရိုဟင်ဂျာများ ကိစ္စတွင်) ဆောင်ရွက်လာခဲ့သည့် အချိန်တွင် ၄င်းတို့သည် ရခိုင် အမျိုးသား ပါတီဘက်မှ အမြဲရပ်တည်ပေးခဲ့ပြီး၊ ကန့်ကွက် ဆန္ဒပြသည့် ကိစ္စများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။ တက်ကြွလှုပ်ရှားသူများမှာ ထိုကဲ့သော ကိစ္စများအတွက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း နှင့် အခြားသော ကိုယ်ရေးကိုယ်တာ စွန့်လွှတ်မှုများ ရှိသော်လည်း “ကျနော်တို့ရဲ့ အားထုတ်မှုတွေ အားလုံး အချည်းနှီးတွေပါပဲ” ဟု သူက ပြောသည်။ အခြား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက လည်း ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသား အသိုင်းအ၀ိုင်းတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ပြောခဲ့ကြသည်။ သူတို့၏ ပြဿနာများကို ANP ပါတီ သို့မဟုတ် ရန်ကုန်တိုင်းအစိုးရအဖွဲ့၀င်၊ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ကလည်း ဖြေရှင်းပေးခဲ့ခြင်း မရှိဟုလည်း ပြောဆိုခဲ့ကြသည်။ အဆိုပါ ပြဿနာများထဲတွင် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများဖြစ်သည့် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်များ၌ အလုပ်အကိုင်ရှာဖွေရန် ခက်ခဲနေခြင်း၊ ရာဇ၀တ်သားများ၏ ရုပ်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို ကာကွယ်နိုင်စွမ်းနည်းပါးနေခြင်းနှင့် လစဉ် အိမ်လခ မပေးနိုင်သည့်အခါ မိသားစုများ နေအိမ်မှ နှင်ထုတ်ခံနေရခြင်း စသည်တို့ အပါအ၀င်ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာများတွင် ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း အကူအညီ ပေးခြင်းမရှိဟု သူတို့က ပြောကြသည်။ ရခိုင် လူငယ်အဖွဲ့အစည်းတခုကို ကိုယ်စားပြုသည့် ကိုပိုင်မြင့်က ရွှေပြည်သာ စက်မှုဇုန်တွင် အလုပ်လုပ်နေသူ ၃၀၀ ၏ အ ကြောင်း ကို ပြောပြသည်။ သူတို့က အိမ်မ၀ယ်နိုင်သည့်အတွက် ၂၀၁၃ ခုနှစ်တွင် သူတို့ အလုပ်လုပ်နေသည့် စက်ရုံ အနီးရှိ မြေကွက်ကို ကျပ်ငွေ ၄ သန်းခန့် အကုန်အကျခံ၍ (တဦးချင်းစီ) ကိုယ်ပိုင်အိမ်များ ဆောက်ခဲ့ကြသည်။ ယခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းအစိုးရသစ်က ထိုအလုပ်သမားများသည် အစိုးရမြေပေါ်တွင် ၀င်ရောက် နေထိုင်ကြသည့် ကျူးကျော်များအဖြစ် ကြေညာခဲ့သည်။ သူတို့ကို ရန်ကုန်မြို့တွင် ကြီးထွားလာနေသည့် ကျူးကျော်ပြဿနာကို ဖြေရှင်းရန် ကြိုးစား နေသည့် NLD အစိုးရ၏ အစီအစဉ် တခုအရ ပြောင်းရွှေ့ နေရာ ချထားပေးမည် ဖြစ်သည်။ ထို့အကြောင်းကို အလုပ်သမားများက ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးထံသို့ အသနားခံခဲ့သော်လည်း ယနေ့ချိန်ထိ တုန့်ပြန်မှု မရရှိခဲ့ပါ။ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရခိုင်တိုင်းရင်းသား ရေးရာ၀န်ကြီး ဦးဇော်အေးမောင်ကို အရပ်ဘက် အဖွဲ့အစည်းများက ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ပါ။ ANP ဥက္ကဌ ဒေါက်တာ အေးမောင်က တိုင်းရင်းသားရေးရာ ၀န်ကြီး ကိုယ်စားတက်ရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။ ဒေါက်တာအေးမောင်က သူ၏ ANP ပါတီ အနေဖြင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း ၀န်ခံခဲ့ပြီး ယင်းကြောင့်ပင် ရခိုင်တိုင်းရင်းသား အရပ်ဖက်အသိုင်းအ၀ိုင်းအနေဖြင့် ANP ပါတီနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုပြီးအရှိန်မြှင့်တင်ရန် လိုအပ်သည်ဟု ဆိုသည်။ တွေ့ဆုံပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရည်ညွှန်းခဲ့သော “စည်းလုံးညီညွတ်မှု” ဆိုသည့် စကားလုံးက ၂၀၁၆ ခုနှစ်အတွင်း ANP ပါတီတွင် ကြုံတွေ့နေရသော ဂိုဏ်းဂဏ ကွဲပြားမှု အင်အားကောင်းနေခြင်း ကို ဖော်ပြနေသည်။ ရခိုင်ပြည်နယ်အတွင်း၌ ပြည်နယ်လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်များတွင် ANP ပါတီက နေရာ အများစု အနိုင် ရရှိခဲ့သော နို၀င်ဘာလရွေးကောက်ပွဲ ပြီးသည့်အချိန်မှ စ၍ အာဏာရ NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပါတီအတွင်းတွင် သဘောထားကွဲပြားမှုများ ပေါ်ပေါက်လာခဲ့သည်။ NLD က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ANP ပါတီကို ချန်လှပ်ထားခဲ့ပြီး ရခိုင်ပြည်နယ် ၏ အရေးကိစ္စများကို စီမံဆောင်ရွက်ရန် အဆင့်မြင့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ခေါင်းဆောင်ဟောင်းများနှင့် ရခိုင်ပြည်နယ်မှ လူများစု ဗုဒ္ဓဘာသာ၀င်များ၏ အကျိုး စီးပွား ကာကွယ်ရေးကို ဦးစားပေးသည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) တို့သည် ၂၀၁၄ ခုနှစ် အစောပိုင်းမှ စ၍ ANP ပါတီ အဖြစ်ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး NLD ပါတီနှင့် အစဉ်အလာအရ နီးစပ်မှုရှိသည့် ALD ခေါင်းဆောင်ပိုင်းများ နှင့် RNDP ခေါင်းဆောင်ဟောင်းများကြားတွင် သဘောထား ကွဲပြားမှုများ ပေါ်ပေါက်ခဲ့သည်။ လက်ရှိ အချိန်တွင် ANP ပါတီတွင်း၌ RNDP မှလာသည့် အဖွဲ့က အင်အားကောင်းနေသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နေရာ မရရှိခဲ့သည့်နောက်တွင် ANP ပါတီက အာဏာရ NLD ပါတီ၏ အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။ ALD ပါတီ၀င် ဟောင်းများကမူ ထိုရပ်တည်ချက်ကို သဘောမကျ ခဲ့ကြဘဲ NLD နှင့် ပူးပေါင်း ဆောင်ရွက်သည်။ ALD ခေါင်းဆောင် ဦးအေးသာအောင် အမျိုးသားလွှတ်တော်၏ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
Source : http://goo.gl/zRFj1J
via IFTTT

No comments:

Post a Comment