Wednesday, July 20, 2016

The Myanmar Times

ဝမ်းရေးထက် နေရေးခက်နေတဲ့ ဧရာဝတီမြစ်အတွင်းက အရှေ့ဆယ်လံရွာ (အိအိသူ) ========== 'ဝမ်းရေးထက် နေရေးခက်' ဆိုတဲ့ ဆိုရိုးစကားဟာ ညောင်ဦးမြို့နယ်ထဲက အရှေ့ဆယ်လံ ရွာသားတွေအတွက် အပြည့်အဝ မှန်လွန်းနေပါတယ်။ နေ့ရှိသရွေ့ ကိုယ့်အိမ် ကိုယ့်ယာတွေ ဧရာဝတီ မြစ်ကြီးထဲ မျောပါ မသွားအောင် ကြိုးပမ်းနေရတဲ့အတွက် ကိုယ့်ဝမ်းရေးကိုတောင် ဂရိုက် မစိုက်နိုင်ဘူးလို့ ကျေးရွာ ရာအိမ်မှူး ဦးအောင်ဌေးက ပြောပါတယ်။ အရှေ့ဆယ်လံ ကျေးရွာဆိုတာ ဧရာဝတီမြစ်အတွင်း ပေါ်ထွန်းခဲ့တဲ့ ကျွန်းပေါ်မှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ထားခဲ့တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ အရှေ့ဆယ်လံနဲ့ အနောက် ဆယ်လံဆိုပြီး နှစ်ရွာ ကွဲနေတဲ့ ရွာနှစ်ရွာ ရှိတဲ့အနက် အရှေ့ဆယ်လံကတော့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ထဲမှာ ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ အရှေ့ဆယ်လံ ကျေးရွာက ရေကြီး နစ်မြုပ်မှုဒဏ်ကို ခံရလေ့ရှိပြီး ခြေတံရှည်အိမ်ရဲ့ ကြမ်းပြင်ပေါ်အထိ ရေကြီးလေ့ရှိတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။ ရေကြီးတဲ့ အခါတိုင်း ရွာရှိ လူကုန်အပြင် ကျွဲ၊ နွား၊ အိမ်မွေး တိရစ္ဆာန်တွေပါ မကျန် ညောင်ဦးဘက်ကမ်းက ဘုန်းကြီးကျောင်းတွေမှာ အနည်းဆုံး ကိုးရက်ကနေ ၁၅ ရက်အထိ ရွာလုံးကျွတ် သွားရောက်ခိုလှုံ ရလေ့ရှိတယ်လို့ သူက ပြောပါတယ်။ ''ဒီဒုက္ခကို နှစ်ပေါင်းများစွာ ကတည်းက ခံစားလာခဲ့ရတာ၊ ပြီးခဲ့တဲ့နှစ်ကစပြီး ကမ်းပါးတွေပါ ပြိုလာလို့ အိမ်တွေပါ ရွှေ့ပြောင်း နေထိုင်နေရတယ်''လို့ ဦးအောင်ဌေးက ပြောပါတယ်။ နှစ်စဉ် နှစ်တိုင်း ရေကြီး နစ်မြုပ်မှုအပြင် ၂ဝ၁၅ ခုနှစ်က စပြီး မြစ်ကမ်းပါးတွေပါ ဆက်တိုက်ဆိုသလို ပြိုကျလာတဲ့အတွက် အိမ်ခြေ ၆ဝ ကျော်ကို လွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ယခုနှစ်လည်း ကမ်းပါး ပြိုကျမှုကြောင့် အိမ်ခြေ ၅ဝ ပျက်စီးပြီး နေစရာမဲ့ အခြေအနေကို ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။ ''အရင်က အိမ်ဝိုင်းတစ်ခုမှာ အိမ်ထောင်စုတစ်ခုပဲ နေထိုင်ပေမဲ့ အခု နေစရာ မရှိလို့ လေး၊ ငါးဦးလောက် စုပြီး နေနေရတယ်''လို့အရှေ့ဆယ်လံ ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးအောင်ကြိုင်က ပြောပါတယ်။ အရှေ့ဆယ်လံကျေးရွာမှာ အိမ်ထောင်စု ၃၂ဝ နဲ့ လူဦးရေ ၁,၂၆ဝ ဦးရှိပြီး ငရုတ်၊ မြေပဲ၊ ကြက်စူပင် (ဒေသမျိုးရင်း) နဲ့ ဟင်းသီးဟင်းရွက်စတဲ့ သီးနှံ စိုက်ပျိုးရေး လုပ်ငန်းတွေကို အဓိက အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပါတယ်။ ယခင်က စိုက်ပျိုးမြေ မြေဧက ၁,ဝဝဝ ကျော် ရှိခဲ့ပေမဲ့ ရေတိုက်စား ခံရမှုတွေ၊ ကမ်းပါး ပြိုမှုတွေကြောင့် လက်ရှိမှာတော့ ဧက ၁ဝဝ လောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ ''ကမ်းပါးပြိုတာက ဒီလောက်နဲ့ မပြီးသွားဘဲ တဖြည်းဖြည်း ရွာထဲထိပါ ရောက်လာရင်တော့ ရွှေ့ပြောင်းစရာ နေရာကျန်တော့မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ပြေးစရာမြေနေရာ မရှိတော့ဘဲ အသက်အန္တရာယ် ဖြစ်လာမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို ကျေးရွာလိုက် ရွှေ့ပြောင်း နေထိုင်ခွင့် အမြန်ဆုံးချပေးဖို့ တောင်းဆိုနေရတာပါ'' လို့ ဦးအောင်ကြိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ်းပါးပြိုကျမှုကြောင့် ဂျပန်နိုင်ငံ အကူအညီနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းလည်း ဖျက်သိမ်းလိုက်ရပြီး လောလောဆယ် ရွာဦး ဘုန်းကြီး ကျောင်းဝိုင်းထဲ ယာယီ ဆောက်လုပ်ထားတဲ့ သစ်သားကျောင်းမှာ ကျောင်းသားလူငယ်တွေကို ခက်ခက်ခဲခဲ စာသင်နေရတယ်လို့ ရွာဦးကျောင်း ဆရာတော် ဦးဝိလာသက မိန့်ပါတယ်။ ''ခုတော့ ယာယီကျောင်းမှာပဲ အကာအရံမရှိ၊ အခင်းမရှိ ကျောင်းအောက် သဲပြင်ပေါ်မှာပဲ စာသင် နေကြရတာပေါ့။ စာသင်ကျောင်း အလာလမ်းမှာလည်း လူကြီး ပေါင်ရင်းလောက် နက်တဲ့ ချောင်းကရှိပြန်တော့ မိဘတွေ ကိုယ်တိုင် ကလေးတွေကို ကြိုပို့ လုပ်ပေးနေရတယ်''လို့ ဆရာတော်က မိန့်ပါတယ်။ အရှေ့ဆယ်လံက ယာယီစာသင်ကျောင်းမှာ ကျောင်းသားဦးရေ ၁၅၃ ဦးနဲ့ ဆရာ၊ ဆရာမ ခြောက်ဦးရှိပြီး သတ္တမတန်းအထိ စာသင်ကြားနိုင်ပါတယ်။ ''အထက်တန်းကိုတော့ ညောင်ဦးမြို့မှာပဲ သွားတက်ကြရတာပေါ့။ ဧရာဝတီမြစ်ကို သင်္ဘောနဲ့ ၁၅ မိနစ်လောက် ကူးပြီး သွားတက်ရတာ။ ရာသီဥတု မကောင်းလို့ လှိုင်းကြီးရင် အန္တရာယ်များတယ်''လို့ ဆရာတော်က မိန့်ပါတယ်။ နှစ်စဉ်ရေကြီးချိန်မှာ ကျောင်းသားတွေကို ဘုန်းကြီးကျောင်း ဇရပ်တွေပေါ်မှာ စာသင်ပေးလေ့ ရှိပေမဲ့ ဒီနှစ်မှာတော့ အခက်အခဲတချို့ကြောင့် စာသင်ကြားနိုင်ခြင်း မရှိဘဲ ကျောင်းပိတ်ထားရတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။ ရွာဦးကျောင်း ဆရာတော် ဦးဝိလာသနဲ့ရာအိမ်မှူး ဦးအောင်ဌေး အပါအဝင် ရွာသူရွာသား ၂၅ ဦးနဲ့ ဖွဲ့ထားတဲ့ အရှေ့ဆယ်လံ ကျေးရွာ ဝိုင်းကွက် (နေစရာ အစားထိုး မြေကွက်) ရရှိရေး ကော်မတီက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီလက ညောင်ဦးဘက်ကမ်း ပန်းပင်ကန်ကွင်း ကျေးရွာ တောင်သူတွေဆီက မြေတစ်ဧက ကျပ်သိန်း ၁ဝဝ နှုန်းနဲ့ စုစုပေါင်း ၄၂ ဧကကျော် ဝယ်ယူထားတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။ ''ဧပြီလ ကတည်းက ငွေအကျေ ချေပြီးပါပြီ။ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း မေလထဲက စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့ တင်ပြထားပါတယ်။ ခုထိတော့ ခွင့်ပြုချက် မကျသေးဘူး။ အဲဒါ မြန်မြန်ဆန်ဆန် ခွင့်ပြုချက်ရရင် အခက်အခဲတွေ ပြေလည်သွားမယ်။ မဟုတ်ရင် ကျေးရွာ ဒုက္ခရောက် နိုင်တယ်'' လို့ ရာအိမ်မှူး ဦးအောင်ဌေးက ပြောပါတယ်။ ကျေးရွာလုံးကျွတ် ပြောင်းရွှေ့ခွင့် စောင့်ဆိုင်းနေစဉ်မှာပဲ နှစ်စဉ်ကြုံရလေ့ရှိတဲ့ ဧရာဝတီမြစ်ရေ တိုးလာမှုကြောင့် အိမ်ထောင်စု ၃၂ဝ အနက် ၂၇၄ စုက ပုဂံမြို့ဟောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဆီကို ရေဘေး ရှောင်နေရတယ်လို့ ၄င်းက ပြောပါတယ်။ ကျေးရွာသူရွာသားတွေ စုပေါင်းဝယ်ထားတဲ့ ပန်းပင်ကန်ကွင်းကျေးရွာ နေရာက မြစ်ရေတင်စီမံကိန်း ပင်မနေရာနားမှာရှိတဲ့အတွက် အစားထိုးမြေနေရာအ ဖြစ်ခွင့်ပြုပေးလို့ မရဘူးလို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က မြန်မာတိုင်း(မ်) ကို ပြောပါတယ်။ ''သူတို့ လိုချင်ပါတယ် ဆိုတဲ့ နေရာက စိုက်ပျိုးရေးအတွက် အဓိက မြစ်ရေတင်တဲ့ နေရာ ဖြစ်နေတော့ ခွင့် မပြုနိုင်ပါဘူး'' လို့ သူက ဆိုပါတယ်။ ''ကျွန်တော်တို့ဘက်ကလည်း မြေနေရာ ရရှိရေးအတွက် ကြိုးစား ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုအဆင့်ထိ တင်ပြရတာမျိုး ရှိတယ်။ တကယ်တမ်း ရွာတည်ဖို့ဆိုရင် လမ်းဖောက်ရမယ်၊ မီးရရှိရေး၊ ကျေးရွာ ဖွံ့ဖြိုးရေး စတာတွေ အများကြီး ဆောင်ရွက်ဖို့ လိုတယ်''လို့ ဦးတင်ထူးမောင်က ပြောပါတယ်။ ရေဘေးရှောင် အရှေ့ဆယ်လံ ကျေးရွာသားတွေကတော့ မြစ်ရေကြီးတဲ့ ဒုက္ခကို နှစ်စဉ် ခံစားရင်း ကြိုတင် စုဆောင်းထားတဲ့ စားနပ်ရိက္ခာနဲ့ စားသောက် နေထိုင်ရင်းနဲ့ပဲ အိမ်ပြန်နိုင်မယ့် ရေပြန်ကျချိန်ကို စောင့်ဆိုင်း ကြရတာ အစဉ်အလာလို ဖြစ်နေခဲ့ပါပြီ။
Source : http://ift.tt/2ab8FuV
via IFTTT

No comments:

Post a Comment