Sunday, July 31, 2016

Kumudra

မကွေးတိုင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်တာကြောင့် ကံမမြို့၊ ပခုက္ကူမြို့ ၊ မင်းဘု စကုမြို့ နဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေက ကျေးရွာတစ်ချို့ ရေဘေးအန္တရာယ်ကလွတ်အောင် ပြောင်းရွှေ့နေထိုင်ရတယ်လို့ မကွေးတိုင်းထဲက အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံကသိရပါတယ်။ ကံမမြို့နယ် ကျေးရွာတစ်ချို့က စာသင်ကျောင်းတွေ ပိတ်ထားရ မကွေးတိုင်း ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စု ၊ ဂုန်းသောင်ကျေးရွာအုပ်စု နဲ့ ဓမ္မသော်ကျေးရွာအုပ်စုတွေမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာထဲကိုရေဝင်ပြီး မူလတန်းကျောင်းတစ်ချို့ကို ပိတ်ထားရတယ်လို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကပြောပါတယ်။ ကံမမြို့ အမှတ်(၄) ရပ်ကွက်နဲ့ အမှတ်(၃) ရပ်ကွက်တွေမှာ ရေကြီးမှုကြောင့် နေအိမ်အချို့လည်း ရေနဲ့လွတ်ကင်းရာကိုပြောင်းရွှေ့နေထိုင်ရပြီး ဒေသခံတွေရဲ့ စပါးစိုက်ခင်း နဲ့ ပဲတီစိမ်းစိုက်ခင်းတွေလဲပျက်စီးမှုတွေရှိတယ်လို့ ဦးမြင့်အောင်က ဆက်ပြောပါတယ်။ မင်းဘူး စကုမြို့နယ်မှာ အိမ်ထောင်စု ၂ဝဝ ခန့် ဘုန်းကြီးကျောင်းတွေကို ပြောင်းရွှေ့နေရ မကွေးတိုင်း မင်းဘူးစကုမြို့နယ် ထုံးမကြီးကျေးရွာအုပ်စုမှာနေထိုင်တဲ့ အိမ်ခြေ ၂ဝဝ ခန့်ဟာ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ဘုန်းကြီးတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ က ဦးသန့်စင်ကပြောပါတယ်။ မင်းဘုစကုမြို့နယ်ထဲမှာ ရေကြီးမှုဖြစ်ပေါ်နေပေမဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သတိပေးမှုတွေ လာရောက်လုပ်ဆောင်တာလည်း မတွေ့ရဘူးလို့ ဦးသန့်စင်ကပြောပါတယ်။ ထုံးမကြီးကျေးရွာမှာနေထိုင်တဲ့ သူတွေကို ရေဘေးမှလွတ်ကင်းတဲ့နေရာတွေမှာပြောင်းရွှေ့နေထိုင်ဖို့အတွက် စက်လှေတွေ နဲ့ သွားရောက်ရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။ “ လူသေဆုံးတာတွေ တိရိစ္ဆာန်တွေ သေတာတွေတော့ မတွေ့ရဘူး။ ရွှေ့ပြောင်းနေထိုင်တဲ့ လူတွေအတွက် အစားအသောက်တော့ လိုအပ်တယ်” လို့ ရေဘေးကူညီမှုတွေသွားရောက်လုပ်ကိုင်နေတဲ့ ဦးသန့်စင်ကပြောပါတယ်။ ဆင်ပေါင်ဝဲမြို့နယ်မှာ ကလေးငယ်တစ်ချို့ သွေးလွန်တုတ်ကွေးဖြစ်နေ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ၊ ရပ်ကွက်တစ်ချို့မှာ ကလေးငယ်တစ်ချို့ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ရေမြင့်တက်လာတဲ့အတွက်ကျေးရွာတွေမှာ ခြင်တွေပေါလာတယ်လို့ ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ဆင်ပေါင်ဝဲမြို့နယ်ထဲက ကံလှကျေးရွာမှာ နေအိမ် ဆယ်လုံးကျော်ကို သည်ကနေ့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဦးကျော်လွင်ကဆိုပါတယ်။ ဆင်ပေါင်ဝဲမြို့ဟာ ဧရာဝတီမြစ်ရေနှစ်စဥ်ကြီးလေ့ရှိပေမဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်တဲ့ ကာကွယ်ရမဲ့ အချက်အလက်တွေကို အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက သတိပေးမှု မရှိခဲ့ဘူးလို့လည်းဦးကျော်လွင်ကဆက်ပြောပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဧရာဝတီမြစ် ၊ ငဝန်မြစ် ၊ ချင်းတွင်းမြစ်တို့ဟာ ရေကြီးနိုင်တဲ့အနေထားတွေရှိတဲ့အတွက် ရေကြောင်းခရီးသွားလာသူတွေကို သတိထားဖို့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ သတိပေးထားပါတယ်။ ဖိုးစိုးသူ photo ဦးသန့်စင်
Source : http://goo.gl/iBhKVN
via IFTTT

No comments:

Post a Comment