အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒသည် ၂၀၁၆ ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ရပ်တည်ခဲ့ကြောင်း ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ်က ပြောကြားခဲ့သည်။ သူမ၏ နှစ်ကုန် နှုတ်ဆက် မိန့်ခွန်းအတွင်း မာကယ်လ်က မကြာသေးမီ အတောအတွင်း ဖြစ်ပွားခဲ့သည့် ဘာလင်မြို့ အကြမ်းဖက်မှုကို ကိုးကားပြီး ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ခရစ္စမတ် မတိုင်မီက တူနီးရှား နွယ်ဖွား တစ်ဦးက ထရပ်ကား တစ််စီးကို အပိုင်စီးပြီး ဘာလင်မြို့၊ ခရစ္စမတ်ဈေးတန်းကို ဝင်တိုက်ခဲ့ရာ လူ ၁၂ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့သည်။ မာကယ်လ်က အကြမ်းဖက်မှု၏ ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလာသည်ကို ဝန်ခံခဲ့သော်လည်း ဂျာမနီက အဆိုပါ အကြောက်တရားကို ကျော်လွှားနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်မတို့ နေထိုင်ရှင်သန်မှု ဘဝအတိုင်း ရှေ့ဆက်ဖို့ လိုပါတယ်။ အကြမ်းဖက်သမားတွေ ဆိုတာဟာ အမုန်းတရား ပြည့်နှက်နေတဲ့ လူသတ်သမားတွေသာ ဖြစ်တယ်။ သူတို့ဟာ ကျွန်မတို့ ရှင်သန်နေထိုင်မှုနဲ့ ရှင်သန်နေထိုင်လိုတဲ့ ဆန္ဒကို စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ ဂျာမနီဟာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ ပြီးတော့ စာနာစိတ် ပြည့်ဝတယ်”ဟု မာကယ်လ်က ဆိုသည်။ ဘာလင်တွင် ထရပ်ကားဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ အေနစ် အမ်ရီကို အီတလီနိုင်ငံ၊ မီလန်မြို့တွင် ရဲများက အသေပစ်ခတ် နှိမ်နင်းနိုင်ခဲ့သည်။ ဂျာမနီတွင် ယခုနှစ် အစောပိုင်းက အန်းစ်ဘာ့ဂ်မြို့အနီး ဘားတစ်ခုတွင် ဆီးရီးယားနွယ်ဖွား လူငယ်တစ်ဦးက ပုဆိန်ဖြင့် ရမ်းကားမှုကြောင့်လည်း လူ ၁၅ ဦး ထိခိုက် ဒဏ်ရာရခဲ့သေးသည်။ မာကယ်လ်က ဥရောပ သမဂ္ဂ အနေဖြင့် ဗြိတိန်နိုင်ငံ နုတ်ထွက်သွားသည့် အခြေအနေနှင့် ဆက်စပ်ပြီး ထိခိုက်မှုများကြောင့် အကြမ်းဖက် ဝါဒကို နှိမ်နင်းရာ၌ နှေးကွေးမှုများ ရှိခဲ့ကြောင်းလည်း ဝန်ခံသည်။ “ဒါပေမဲ့လည်း ဂျာမနီဟာ အနာဂတ်ကို အကောင်းဆုံး ပုံဖော် ရှေ့ဆက်ဖို့ လိုတယ်။ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ကျွန်မတို့ဟာ ဥရောပ သမဂ္ဂ အနေနဲ့ရော၊ နိုင်ငံတစ်ခုချင်းစီ အတွက်ပါ ပိုအားကောင်းအောင် ဆောင်ရွက်ကြရပါမယ်”ဟုလည်း မာကယ်လ်က ပြောကြားသွားသည်
Source : http://ift.tt/2inAuUo
via IFTTT
No comments:
Post a Comment