မာတင်အက်ကင်ဆန်ကို ဂရေဟမ်ပူးလ် ထောက်ခံ၊ အာစင်ဝင်းဂါးက အာဆင်နယ်မျက်မှန်ကို တပ်၍ ကြည့်ခြင်းဟု တုံ့ပြန် လန်ဒန်၊ ဒီဇင်ဘာ ၁၉ ပရီးမီးယားလိဂ် ထိပ်တန်းဒိုင်လူကြီးများ အနက်တွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ဖူးသည့် ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ်သည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီး၏ သွင်းဂိုးများကို ခွင့်ပြုလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး မာတင်အက်ကင်ဆန်ကို အပြည့်အဝ ထောက်ခံသွားခဲ့ကာ အာစင်ဝင်းဂါးမှာ အာဆင်နယ်မျက်မှန်ကို တပ်၍ အာဆင်နယ်ဘက်က ကြည့်နေသည့်အတွက် ဆုံးဖြတ်ချက်များကို လက်မခံနိုင် ဖြစ်နေခြင်း ဖြစ်ကြောင်း ဂရေဟမ်ပူးလ်က တုံ့ပြန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။ အာစင်ဝင်းဂါးသည် မန်စီးတီးအသင်း သွင်းယူသွားခဲ့သည့် ဂိုးနှစ်ဂိုးလုံးမှာ လူကျွံဘောများ ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး ဂရေဟမ်ပူးလ်ကမူ အဆိုပါ လူကျွံဘောဖြစ်စဉ် နှစ်ခုလုံးတွင် ဂိုးအဖြစ် သတ်မှတ်ပေးနိုင်သော အခြေအနေများ ရှိနေကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် ဂရေဟမ်ပူးလ်က “အာစင်ဝင်းဂါးက အာဆင်နယ်ဆိုတဲ့ မျက်မှန်ကြီးကို တပ်ပြီး သူ့ဘက်ကနေ သူရပ်ပြောနေတာပါ။ ဒိုင်လူကြီး မာတင်အက်ကင်ဆန်ဘက်ကနေ ကြည့်လိုက်ရင် မန်စီးတီး သွင်းယူသွားတဲ့ ဂိုးနှစ်ဂိုးလုံးက ဂိုးအဖြစ် သတ်မှတ်ပေးရမယ့် ဂိုးတွေပါပဲ။ ပထမဂိုးကို ကြည့်ကြရအောင်။ လီရွိုင်းဆိန်း လူကျွံနေပါတယ် ဆိုတာကို အနှေးပြကွက် အကြိမ်ကြိမ်ကြည့်ပြီးမှ သဘောပေါက်နိုင်မယ့် အနေအထားပါ။ လီရွိုင်းဆိန်းဟာ အာဆင်နယ် ကစားသမားတွေနဲ့ မျဉ်းဖြောင့်တစ်တန်းတည်း အနေအထားမျိုးကနေ ပြေးထွက်သွားခဲ့တာပါ။ ခြေတစ်လှမ်းစာ လူကျွံတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ဥပဒေမှာကိုက ဒီလိုဖြစ်စဉ်တွေမှာ သံသယအကျိုးကို ခံစားခွင့် ရှိတယ်လို့ ပါရှိပြီးသားပါ။ ဒါဟာ ဂိုးအဖြစ် ခွင့်ပြုပေးရမယ့် အခြေအနေပါပဲ” ဟု မှတ်ချက်ပေးသွားခဲ့သည်။ ဒိုင်လူကြီး ဂရေဟမ်ပူးလ်သည် မန်စီးတီးအသင်း ဒုတိယဂိုး သွင်းယူသွားခဲ့သည့် ဖြစ်စဉ်တွင်လည်း ဂိုးရှေ့တွင် ဒေးဗစ်ဆေးလ်ဗား ရှိနေသည့် အခြေအနေက အာဆင်နယ်ဂိုးသမား ပီတာချက်ကို တစ်စုံတရာ သက်ရောက်မှု မဖြစ်စေနိုင်ဟု ထောက်ပြသွားခဲ့ပြီး ယင်းဂိုးမှာလည်း ပေးသင့်ပေးအပ်သည့်ဂိုးဟု ဂရေဟမ်ပူးလ်က ရှင်းပြသွားခဲ့သည်။ မန်စီးတီးအသင်း သွင်းယူသွင်းခဲ့သည့် ဒုတိယဂိုးနှင့် စပ်လျဉ်း၍ ဂရေဟမ်ပူးလ်က “ဒေးဗစ်ဆေးလ်ဗားက ထင်သာမြင်သာ လူကျွံနေတယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဒေးဗစ်ဆေးလ်ဗား ရှိနေခြင်းက ဂိုးသမား ပီတာချက်ကို အာရုံထွေပြားသွားလောက်စရာ အကြောင်းမရှိပါဘူး။။ သူဟာ စတာလင်းကန်တဲ့ ကန်ချက်ကိုပဲ အာရုံစိုက်ပြီး ကာကွယ်ခဲ့ရတာပါ။ ဒေးဗစ်ဆေးလ်ဗား ရှိနေခြင်းက ပီတာချက်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတရာ ဖြစ်နိုင်လောက်စေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒီဂိုးကလည်း ပေးသင့်ပေးထိုက်တဲ့ဂိုးပါ” ဟု အသိပေးထားသည်။ သို့သော် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက လက်ရှိဘောလုံးရာသီ မစတင်မီတွင် ထုတ်ပြန်ခဲ့သော စည်းမျဉ်းသစ်များအရမူ စတာလင်း သွင်းယူသွားခဲ့သောဂိုးမှာ လူကျွံဘော သတ်မှတ်ပေးရမည့် အခြေအနေဖြစ်ပြီး စည်းမျဉ်းသစ်တွင် ဖော်ပြပါရှိသည်မှာ ဂိုးသွင်းယူလိုက်ချိန်တွင် ဂိုးသွင်းယူသည့် အသင်းဘက်က မည်သူတစ်ဦးတစ်ယောက် ဖြစ်စေ လူကျွံအနေအထားတွင ရှိနေပါက ယင်းဂိုးကို ပယ်ဖျက်၍ လူကျွံဘောအဖြစ် သတ်မှတ်ပေးရမည်ဟူ၍ ဖြစ်သည်။
Source : https://goo.gl/lvsyFx
via IFTTT
No comments:
Post a Comment