Saturday, December 17, 2016

The Voice

KIA ၏ ဂီဒွန်စခန်းကို တပ်မတော် သိမ်းပိုက် ရန်ကုန်၊ဒီဇင်ဘာ၁၆ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ဌာနချုပ် လိုင်ဇာအနီးရှိ ဂီဒွန်တောင်ကုန်းစခန်းကို ဒီဇင်ဘာလ၁၇ရက်နေ့တွင် တပ်မတော်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သိရသည်။ အဆိုပါ စခန်းကုန်းကို တပ်မတော်က ထိုးစစ်ဆင်နေခြင်းမှာ လချီကြာမြင့်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားပြီး တပ်မတော်သား အရာရှိစစ်သည်အချို့ ကျဆုံးသည့်သတင်းများလည်း တပ်မတော်အသိုင်းအဝိုင်းမှ ထွက်ပေါ်ခဲ့သည်။ “ဒီနေ့ နေ့လယ်နှစ်နာရီလောက်က ဂီဒွန်စခန်းကုန်းကို တပ်မတော်ရောက်သွားပြီ”ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးတစ်ဦးက The Voice သို့ ပြောဆိုသည်။ဂီဒွန်ကုန်းကို တပ်မတော်က သိမ်းပိုက်ခဲ့သော်လည်း လိုင်ဇာသို့ ထိုးစစ်ဆင်ခြင်း မရှိကြောင်း၊ ဂီဒွန်နှင့် ဆက်စပ်နယ်မြေများကိုမူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ ထပ်မံသိရှိရသည်။ ဂီဒွန်စခန်းရှိရာ တောင်ကုန်းသို့ ဒီဇင်ဘာလ၁၆ရက်နေ့မှ စတင်ကာ လက်နက်ကြီးဖြင့် ညလုံးပေါက် ပစ်ခတ်ခဲ့ပြီး နေ့လယ်တစ်နာရီကျော်တွင် တပ်မတော်ခြေလျင်တပ်များ စခန်းနားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း KIA မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောဆိုသည်။ “တိုက်ပွဲက ပြင်းထန်ပါတယ်။ ရဟတ်ယာဉ်နဲ့ တရစပ် လာပစ်ခတ်နေတဲ့အတွက် ဌာနချုပ်က ထိထိရောက်ရောက် တုန့်ပြန်တိုက်ခိုက်ဖို့ ညွှန်ကြားချက်ပေးထားတာ ရှိပါတယ်”ဟု အဆိုပါ ဗိုလ်မှူးကြီးက ထပ်မံပြောဆိုသည်။သို့သော် မြန်မာ့တပ်မတော်က ဂီဒွန်စခန်းကို သိမ်းပိုက်ရရှိသွားသည့်သတင်းကိုမူ KIA က အတည်မပြုပေ။ “အင်ခမ်စခန်းနဲ့ ဂီဒွန်လို ဗဟိုလုံခြုံရေးစခန်းတွေကို အသေအကြေ ပစ်နေတာ သုံးလနီးပါးရှိပြီ။ ခဏနားလိုက် တိုက်လိုက်ပေါ့။ ဗဟိုလုံခြံုရေး စခန်းမပြောနဲ့ ကာကင်းအသေးလေးတွေကအစ KIA အတွက်တော့ အသက်တမျှ အရေးကြီးတယ်’’ဟု KIA အဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ ဂီဒွန်စခန်းရှိရာ နယ်မြေတွင် စက်တင်ဘာလ၁၃ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲဖြစ်ပွားစဉ် ကာလတွင်း KIA အဖွဲ့၏ ရှေ့တန်း ကာကင်းအချို့ ဆုံးရှုံးခဲ့သည်။
Source : https://goo.gl/hzkMQK
via IFTTT

No comments:

Post a Comment