လွှတ်တော်ကိုယ်စားလှယ်အချို့ မေးခွန်းထုတ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်က လူကူးခုံးကျော်တံတားတစ်စင်းကျပ်သန်း ၁၀၀၀ တောင်းခံမှုမှာ နေရာ၊ တံတားအရှည်၊ အမြင့်နှင့် ဒီဇိုင်းပုံစံပေါ်မူတည်၍ ကုန်ကျနိုင်သည့် ခန့်မှန်းလျာထားမှုဖြစ်ဟု ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြန်လည်ရှင်းလင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အချို့ မေးခွန်းထုတ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် တစ်စင်းလျှင် ကျပ်သန်း ၁၀၀၀ တောင်းခံထားမှုမှာ ဆောက်လုပ်မည့်နေရာ၊ တံတားအရှည်၊ အမြင့်နှင့် ဒီဇိုင်းပုံစံပေါ်မူတည်၍ ကုန်ကျနိုင်သည့် ခန့်မှန်းလျာထားမှုဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်တွင် လူကူးခုံးကျော်တံတား ခုနစ်စင်း တည်ဆောက်ရန်လျာထားပြီး ကမ်းနားလမ်းသစ်နှင့် ကမ်းနားလမ်းဟောင်း (စဉ့်အိုးတန်းသင်္ဘောဆိပ် ဝင်ထွက်ပေါက်အနီး) ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀၊ ကမ်းနားလမ်းသစ်နှင့် ကမ်းနားလမ်းဟောင်း (ဗိုလ်တထောင်စေတီတော် ဝင်ထွက်ပေါက်အနီး) ဆောက်လုပ်ရန် ကျပ် သန်း ၁၀၀၀၊ ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံစေတီ အနောက်ဘက်မုခ်အနီး)ဆောက်လုပ်ရန်ကျပ်သန်း ၁၀၀၀၊ ပြည်လမ်း (မဟာမြိုင်နှင့် အထက-၂ စမ်းချောင်းရှေ့) ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀၊ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်း၊ နာနတ်တောလမ်း နှင့် လှည်းတန်းလမ်းဆုံတွင် ဆောက်လုပ်ရန် ကျပ်သန်း ၁၇၀၀၊ ပြည်လမ်း(ပညာရေးတက္က သိုလ်ရှေ့) တွင် ဆောက်လုပ်ရန် ကျပ်သန်း ၁၀၀၀ နှင့် ပြည်လမ်း ရှစ်မိုင်ခုံးကျော်တံတား အဆင်းတွင် ဆောက်လုပ်ရန် တောင်းခံထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လူကူးခုံးကျော်တံတားတစ်စင်း ဆောက်လုပ်ရန် ကျပ်သန်း ၂၀၀ သာ တောင်းခံထားသည့်အတွက် ယခုတောင်းခံခဲ့သည့် လူကူးခုံးကျော် တံတားတစ်စင်း ကျပ်သန်း ၁၀၀၀ အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။ “ ၂၀၁၅-၂၀၁၆ မှာ ဗဟန်းမြို့နယ် ဗဟန်း (၃) လမ်းမှာ လူကူးခုံးကျော်တစ်စင်း တည်ဆောက်ပါတယ်။ ကျပ်သန်း ၂၀၀ ကုန်ကျပါတယ်။ စက်လှေကားပါပါတယ်။ လက်ရှိ ၂၀၁၇-၂၀၁၈ မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ ခုံးကျော်တံတားတစ်စင်းကို သန်း ၁၀၀၀ အဖြစ် သတ်မှတ်ထားတာ။ ဘယ်လို အခင်းအကျင်းမျိုးနဲ့ ဘယ်လိုတည်ဆောက်ပုံမျိုးနဲ့ တည်ဆောက်မလဲဆိုတာ သိရှိလိုပါတယ်။ လူကူးခုံးကျော်တံတားတစ်စင်း ကျပ် သန်း ၁၀၀၀ ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ ဒါကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မေးခွန်းထုတ်ခဲ့မှုအပေါ် ရန်ကုန်မြို့တော်ဝန်က “လူကူးခုံးကျော်တံတားတွေနဲ့ ပတ်သက်ပြီး လူကူးခုံးကျော်တံတားများအား ကျပ်သန်း ၂၀၀ လျာထားခဲ့ရာမှာ စက်လှေကား၊ အမိုးအကာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ အမှန်ဆောင်ရွက်ရာမှာ ပြည်သူလူထု၏ တောင်းဆိုချက်အရ စက်လှေကား၊ အမိုးအကာ ထည့်သွင်းဆောင်ရွက်ရသည့်အတွက် အမှန်ကုန်ကျငွေ ကျပ်သန်း ၄၀၀ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ လျာထားတဲ့ တံတားတွေနဲ့ ပတ်သက်ပြီး နေရာရယ်၊ မြေအခြေအနေရယ်၊ တံတားအရှည်၊ အမြင့်နဲ့ တံတားရဲ့ ဒီဇိုင်းပုံစံထုတ်လုပ်ပေါ် မူတည်၍ ကုန်ကျနိုင်တဲ့ ခန့်မှန်းလျာထားမှုဖြစ်ကြောင်း အသေးစိတ်စာရင်းမှာ တင်ပြထားပြီး ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်တဲ့အခါ ကော်မတီတွေရယ်၊ ကျွန်တော်တို့ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်စစ်ဆေးပြီးမှ အမှန်တကယ် ကုန်ကျငွေကို သုံးစွဲမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ရှင်းလင်းခဲ့သည်။ Writer: ကျော်ထင်
Source : http://ift.tt/2htUPsJ
via IFTTT
No comments:
Post a Comment