ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ်နှင့် မြန်မာအထူးသံအဖွဲ့ တွေ့ဆုံဆွေးနွေးမည် ရန်ကုန်၊ ဒီဇင်ဘာ ၃၁ မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် မလေးရှားနိုင်ငံသို့ သွားရောက်၍ မလေးရှား ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် မလေးရှားနိုင်ငံသို့ ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းတွင် သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။ မြန်မာသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များအပေါ် မလေးရှားနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အတွင်းသို့ ဇန်နဝါရီလ ၁၀ ရက်တွင် ဝင်ရောက်မည့် မလေးရှားနိုင်ငံ ထောက်ပံ့ရေး ရေယာဉ်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ “နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အကြောင်းအရာတွေက များစွာရှိတယ်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စရပ် များစွာရှိတယ်။ အဆိုပါ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်တယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်များဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အစ္စလာမ္မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီက ဇန်နဝါရီ ၁၀ ရက်တွင် ထုက်ပြန်ထားသည်။ “ရခိုင်ပြည်နယ်ကို ထောက်ပံ့မယ်ဆိုတဲ့ ရေယာဉ်တွေ ဝင်ရောက်လာမယ်ဆိုတဲ့ ကိစ္စရပ်အပေါ်ကိုလည်း ဆွေးနွေးဖို့ ရှိတယ်”ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစိုးရက အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရုားနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးရှေ့၌ ဒီဇင်ဘာ ၄ ရက်တွင် လူထောင်နှင့်ချီ၍ ဆန္ဒပြရာတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ခဲ့သည်။
Source : https://goo.gl/Xg3GWy
via IFTTT
No comments:
Post a Comment