၁၂ နှစ် သမီးကို အဓမ္မပြုကျင့်သည့် တရားခံအား ထောင်ဒဏ် ၇ နှစ်ချမှတ် ပဲခူးတိုင်းအနောက်ပိုင်း နတ္တလင်းမြို့နယ် ကုလားတက်ထွန်း ကျေးရွာအုပ်စုနေ အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုထင်ရှားသဖြင့် မြို့နယ်တရားရုံးက တရားခံဖြစ်သူအား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ထိုအမှုကို ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ် တရားရုံးတွင် ၁ နှစ်ခွဲနီးပါးကြာ ကြားနာစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၁၅ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ထိုသို့ မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းအပေါ် တရားလိုမိသားစုဝင်များမှ မကျေနပ်သည့်အတွက် ခရိုင်တရားရုံးတွင် အယူခံဝင်သွားမည်ဟု ပြောသည်။ အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်မိုးက “ မြို့နယ်ရုံးမှာစစ်လို့ ပြစ်မှုထင်ရှားရင် အလွန်ဆုံး ၇ နှစ်ပဲ ချမယ်ဆိုတာသိလို့ တသက်တကျွန်း၊ အနှစ် ၂၀ လောက်အထိ ချမှတ်နိုင်တဲ့ ခရိုင်တရားရုံးမှာ ပြောင်းစစ်ပေးဖို့ ကျနော်တို့က ပဲခူးတိုင်းတရားရုံးနဲ့ နေပြည်တော် တရားရုံးတွေအထိ အဆင့်ဆင့် မေတ္တာရပ်ခံတယ် တိုင်ကြားတဲ့ကြားထဲက အခုလို မြို့နယ်ရုံးမှာ စစ်သွားတာကို မကျေနပ်တာပါ ” ဧရာဝတီကို ပြောသည်။ ဖြစ်စဉ်မှာ ပဲခူးတိုင်း အနောက်ပိုင်း၊ နတ္တလင်းမြို့နယ် ကုလားတက်ထွန်း ကျေးရွာအုပ်စုနေ အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသူကို တရွာတည်းနေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အိမ်ထောင်သည် မိုးကျော်ဆိုသူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး မိန်းကလေးငယ်တွင် ကိုယ်ဝန် ၆ လ ရှိချိန်မှသာ မိဘများက အကြောင်းစုံ သိရှိခဲ့ပြီးနောက် နတ္တလင်းမြို့မ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ “တရားသူကြီးက သူ့ရဲ့အာဏာကုန်အပြည့် ၇ နှစ် ချတယ်ဆိုပေမယ့် ကျနော်တို့ဘက်က ဒါကိုလက်မခံဘူး။ အမှုက အမှန်အကန် ဖြစ်နေတာသိလျက်နဲ့ ဒီလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို ကျူးလွန်တာကို ၇ နှစ် ချမှတ်လိုက်တယ်ဆိုတော့ ဘယ်လို ကျေနပ်နိုင်မလဲ။ ခရိုင်အဆင့်ကို ပြင်ဆင်ချက် ဒီတပတ်အတွင်း တက်မှာပါ” ဟု ဦးအောင်ကျော်မိုးက ဆက်ပြောသည်။ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ခရိုင်တရုံးများတွင်သာ စစ်ဆေးလေ့ရှိကြောင်းနှင့် ထိုသို့အမှုများကို သက်ဆိုင်ရာ တရားရုံးကိုသာ လျှောက်ထားရမည်ဟု ဥပဒေအရ အတိအကျ ပြဌာန်းထားခြင်း မရှိသည့်အတွက် ဥပဒေတရပ် ပြဋ္ဌာန်းရန် လိုအပ်ကြောင်းနှင့် အမှုနှင့်လိုက်ဖက်မည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်သည်ဟု မြန်မာနိုင်ငံ၊ လွတ်လပ်သောရှေ့နေများအသင်း ဗဟိုကော်မတီအဖွဲ့ဝင် တွဲဖက်ပြန်ကြားရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်းက ပြောသည်။
Source : https://goo.gl/yvodjR
via IFTTT
No comments:
Post a Comment